Season-4 Ep(12)

593 30 0
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၁၂)

မနက်ခင်းနှင်းထုတို့ကာ ပို၍သိပ်သည်းလာသည်။ ရှေ့တစ်ကွာပင်မမြင်နိုင်တော့ရအောင် သိပ်သည်းနေသည့်နှင်းတို့ကို သူမအငေးသားစိုက်ကြည့်နေမိ၏။

ဒီအချိန်ရောက်လာပါက နှင်းတွေပိုသည်းလာကာ ရာသီဥတုဆိုးဝါးတတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဒီနှစ်ကနှင်းတွေပိုကျသည်ဟု သူမထင်သည်။ ရာသီဥတုလည်း အခါတိုင်းနှစ်ထက် ပိုဆိုးဝါးနေ၏။ နှင်းမုန်တိုင်းတွေခဏခဏကျနေသလို တောင်တွေပြိုကျနေသည်ဟုလည်း သူမကြားသည်။

သူရော.... ဘေးအန္တရယ်ကင်းရဲ့လား။

နှင်းမှုန်စတို့ကိုငေးစိုက်ကြည့်ရင်း ဝင်လာသည့်အတွေးကြောင့် ကိုယ့်ကိုယ်ကိုယ်အလိုမကျဖြစ်သွားရသည်။ နှောင်ဖွဲ့မသင့်သည့်လူသားတစ်ယောက်ကို သူမဘာလို့များစိုးရိမ်စိတ်တွေဝင်နေရသလဲ။

"နှင်းထုတွေကြားမှာလွမ်းစရာဘာတွေရှိလို့လဲ မြေးမလေးရီသာ"

အသံနှင့်အတူဝင်လာသည့်ဘွားဘွားကြောင့် ရီသာပြတင်းပေါက်မှအကြည့်ခွာလိုက်ပြီး

"ရီသာလွမ်းနေတယ်မဟုတ်ပါဘူးဘွားရယ် ဒီအတိုင်းလေးနှင်းတွေကိုငေးကြည့်နေတာပါ ဘွားဘွားကြည့်ပါလား ဘယ်လောက်လှလဲ"

"ရီသာလေးက ဘွားဘွားလက်မှာ ကြီးလာတယ်ဆိုတာမေ့နေပြီလား ဘွားဘွားကရီသာလေးမျက်နှာကိုကြည့်လိုက်တာနဲ့ဘာဖြစ်နေလဲဆိုတာ အတိအကျပြောနိုင်တာပေါ့"

ဘွားဘွားကသူမကိုခပ်မိန့်မိန့်ပြုံးရင်း ဆိုလိုက်တော့ ရီသာမလုံမလဲနှင့် မျက်လွှာချမိသည်။ ရှည်လျားသောသူမဆံနွယ်လေးတို့ကို အသာသပ်ပေးနေရင်းနှင့်ဘွားဘွားက..

"ငါ့မြေးလေးတောင်အရွယ်ရောက်လာပြီပဲ သတိရစရာလူရှိနေပြီလား... "

"ရီသာ..."

သူ့မျက်နှာကိုအလိုလိုမြင်ယောင်မိရင်းနှင့် သူမရင်တွေကခုန်သွားပြန်သည်။ ဆွံ့အနေသည့် ရီသာကိုကြည့်ပြီးဘွားဘွားကခပ်ပြုံးပြုံးနှင့်ပင်

"ဘွားဘွားကို သူ့အကြောင်းပြောပြပါလား.."

ဘွားဘွားကိုတော့သူမညာလို့မရဘူးထင်ပါရဲ့။ ဟိုး.... ရီသာမှတ်မိတတ်စအရွယ်ကတည်းက ရီသာအတွက်ဘွားဘွားဟာ အမေဖြစ်ခဲ့ပြီး နန်းဆောင်တော်အုပ်ချုပ်သူကတော့ အဖေလိုဖြစ်ခဲ့ပါသည်။ မိဘတွေဘယ်သူလဲဆိုတာ ရီသာမသိခဲ့သလို တွေ့ဆုံခွင့်လည်းမရှိခဲ့ပါ။ မှော်ကျိန်စာတွေကြောင့် ထာဝရပျက်ဆီးပျောက်ကွယ်သွားခဲ့ရပြီတဲ့။

မှော် (ေမွာ္)Where stories live. Discover now