Season-7 Ep(3)

540 25 0
                                    

Unicode

~~မှော်~~
(Season- 7)
အပိုင်း(၃)

"ခါရာက ထူးဆန်းတယ်နော်"

ဟန်ကနှိုင်းနှင့်နေခ၏ဘေးနားယှဉ်လျှောက်လာရင်း ရှေ့ဆုံးကဦးဆောင်သွားနေသည့် ခါရာကိုလှမ်းကြည့်ရင်း ဆိုလိုက်သည်။ နှိုင်းခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် သူကလူထူးလူဆန်းတစ်ယောက်ပဲ နားလည်ရခက်တယ် "

"သူကြည့်ရတာ ဒီလမ်းတွေကိုကျွမ်းကျင်နေပုံပဲ ဒီနေရာနဲ့ပတ်သက်ပြီး သူတစ်ခုခုကိုသိထားတယ် ထင်တယ် "

ဟန်မယုံသင်္ကာစွာဆိုလိုက်သည်မှာလည်း အမှားတော့မဟုတ်ပါ။ ခါရာ ရှေ့ကနေသွားနေသည်မှာ ရင်းနှီးကျွမ်းဝင်ဖူးသည့်နေရာကို သွားလာသကဲ့သို့ ကျွမ်းကျင်လှ၏။ သို့သော် တစ်လမ်းလုံး ဘာစကားမှမဆိုဘဲ နှုတ်ဆိတ်နေသည်။

"ခါရာက လျှို့ဝှက်ချက်တွေများပေမဲ့ ယုံကြည်ရပါတယ် ဒီတစ်လျှောက်လုံး ငါတို့ကိုဒုက္ခပေးခဲ့တာမရှိပါဘူး ငါ့အတွက်တောင် ဆေးမြစ်တကူးတကားသွားရှာပေးခဲ့သေးတယ် ဒါကြောင့် သူ့ကိုစိတ်ချလို့ရတယ်"

နေခကဝင်ပြောလိုက်သည်။ ဟန်ကတော့ မတင်မကျဖြစ်နေသေးပုံနှင့်

"မှော်နဲ့ပတ်သက်ပြီး သူသိနေတာသိပ်များတယ် ဒီလိုအထူးအဆန်းနေရာမှာလည်းခရီးကျွမ်းသေးတယ် ခါရာကတကယ်တမ်းဘယ်သူများဖြစ်နေမလဲ"

ဟန်ပြောသကဲ့သို့ သူတို့လည်း အတွေးဝင်ခဲ့ဖူးသည်။ သို့သော်ယခုအချိန်ထိ ခါရာနှင့်ပတ်သက်သမျှ သူတို့အဖြေရှာမရခဲ့ပါ။ ခါရာသည် လျှို့ဝှက်ချက်များနှင့် ပဟေဋိဆန်နေဆဲပင်။

"ဒီမှာ နားမယ် "

ရှေ့ကသွားနေသည့်ခါရာက သူတို့ဘက်လှည့်ပြီး ဆိုလိုက်သည်။ ဦးအဂ္ဂကအံ့သြသွားပုံနှင့်

"နားတော့မလို့လား စောသေးတယ်မဟုတ်လား"

"ရှေ့မှာမြက်ရိုင်းတောရှိတယ် အဲ့ဒီတောက ဝံပုလွေတွေကျက်စားတဲ့နေရာပဲ အခုချိန်ဖြတ်သွားလို့အဆင်မပြေတော့ဘူး သိပ်မကြာခင် မှောင်ရိပ်ကျလာတာနဲ့ အနားယူဖို့ သူတို့တွေမြက်ရိုင်းတောထဲရောက်လာတော့မယ် ကျုပ်တို့အခုနေဖြတ်သွားရင် တောအလယ်လောက်မှာ ဒုက္ခရောက်သွားနိုင်တယ် ဝံပုလွေတွေအလယ်မှာ ကိုယ့်သေတွင်းကိုတူသလိုဖြစ်သွားနိုင်တယ် ဒါကြောင့်မနက်စောစောမှမြက်ရိုင်းတောကို ဖြတ်မယ် မနက်နေထွက်တာနဲ့အစာရှာထွက်ဖို့ သူတို့တွေအုပ်စုလိုက်ထွက်သွားတတ်တယ်"

မှော် (ေမွာ္)Where stories live. Discover now