Part 67

544 66 1
                                    

အပိုင်း (၆၇)

"အရမ်းကောင်းတယ်"

ရှီချီက တည်ငြိမ်သောမျက်နှာဖြင့်ပြောသည်။

ထို့နောက် သူက နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။ သူ၏ အရိပ်က လမ်းမီးတိုင်အောက်တွင် ပို၍ရှည်လျားနေဟန် ထင်ရသည်။ သို့သော် တဖြည်းဖြည်းချင်း ဝေးကွာသည်ထက် ဝေးကွာ၍ သွားသည်။

နင်မုန့်က နှုတ်ဆက်စကားတစ်ခွန်းမဆိုဘဲ ထွက်သွားသော ရှီချီကို မှင်တက်စွာဖြင့် စိုက်ကြည့်နေလိုက်မိသေးသည်။ သူမ၏ အနာဂတ်က ထင်သလောက် မတောက်ပလောက်ကြောင်းကိုပင် တွေးမိလိုက်သေးသည်။

သူကသာ အလွယ်တကူ ဒေါသထွက်လွယ်နေရင် နောက်တစ်ကြိမ် သူ့ကို ဘယ်လိုမျိုးရန်စရဲတော့မှာလဲ။

ရှီချီက တစ်ခါတရံတွင် အလွန်ထူးဆန်းသလို ပြုမူတတ်ကြောင်း သူမသည်လည်း သတိထားမိသည်။

သူမက အခြားခန္ဓာကိုယ်တစ်ခုသို့ ဝိညာဉ်ကူးပြောင်းပြီးချိန်တိုင်း သတိထားမိသည့် ကြောင်တောင်တောင်နိုင်သော အချက်တစ်ချက်မူကား အမြဲတစေ ရှီချီနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေသောကြောင့် ဖြစ်သည်။ အလွန်နီးကပ်စွာ ဆက်စပ်နေခြင်း မဟုတ်သည့်တိုင်‌အောင် ယခုလိုကြီးမားသော မြို့တော်ကြီးတွင် မကြာခဏဆိုသလို ပက်ပင်းတိုးနေခြင်းက တော်တန်ရုံ တိုက်ဆိုင်မှုလောက် မဟုတ်လောက်ချေ။ နင်မုန့်က နေရာတွင်ရပ်ကာ အချိန်အတန်ကြာ တွေးတောနေမိသည်။

ဒီတက္ကသိုလ်က တိုင်းပြည်မှ ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး ရှီချီကလည်း အဓိကဇာတ်လိုက်ဖြစ်သည့်အလျောက် အလွန်ဉာဏ်ကောင်းသည်။ ထို့ကြောင့် သူက ဒီနေရာထိ ရောက်နိုင်ခြင်းက အံ့ဩစရာမရှိချေ။ ဒါက အနည်းနှင့်အများ မျှော်လင့်ထားသည့် အတိုင်းအတာတွင် ရှိသည်။

ပို၍ဆိုးသည်မှာ သူမက ယခင်ခန္ဓာကိုယ်မှ ထွက်လာခဲ့သောအခါ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် နီးကပ်နေသော ကာလတွင်ဖြစ်ပြီး နောက်ထပ်သုံးနှစ်ကြာပြီးနောက် ရှီချီက အစားထိုးဆရာအဖြစ်ပင် ဝင်၍ လုပ်ဆောင်နိုင်လောက်အောင် စွမ်းအားရှိနေပြီဖြစ်ပြီး အတန်းကျော်တက်နေခြင်းနှင့်ပင် တူနေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now