Part 98

317 35 0
                                    

အပိုင်း ၉၈ ရှီချီရဲ့အဖေ။

စနစ်၏ ယခင်စကားများက သူမကို အလွန်ထိတ်လန့်စေခဲ့သည်။ သူမက ခေါင်းထဲတွင် အနံ ဆိုသော စကားလုံးကိုသာ ပြောရသေးသည်။ သူမက ကျယ်လောင်စွာ ထုတ်ပြောလိုက်ပြီး အမှန်တကယ် ဖြစ်လာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလို ဖြစ်သွားပေလိမ့်မည်။

ရှီချီက မတ်တပ်ပြန်ရပ်လိုက်ပြီး လက်ထဲတွင် သေးငယ်သော သစ်သားကျောက်တိုင်လေးကို ကိုင်ထားသည်။

"ဆက်လုပ်ပါ"

ထိုသို့ပြောပြီးနောက် သူက နောက်ထပ် အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လိုက်ပြန်သည်။ ထိုအဆောင်လက်ဖွဲ့က မြေပြင်ပေါ်သို့ ကျပြီး ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ အဝါရောင်တောင်ပံကို ခတ်လျက် ရှေ့သို့ ပျံသန်းသွားသည်။

ချန်းရှန်းဝေကမူ အဆောင်လက်ဖွဲ့က သူ့အလိုလို ရှေ့သို့ သွားခြင်းကိုပင် အံ့အားသင့်စရာ ကောင်းပြီဟု ထင်ခဲ့သည်။ သို့သော် သည်မြင်ကွင်းကမူ သူ၏မျက်လုံးကို ကျွတ်ထွက်မတတ် ဖြစ်သွားစေသည်။ အဆောင်လက်ဖွဲ့က သူ့အလိုလို စာကလေးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သည်။

သူက တံထွေးမျိုချလိုက်သည်။ သေချာစွာပင် သည်လောကတွင် ထူးဆန်းသော လူပေါင်းများစွာ ရှိနေသေးသည်။ အရာအားလုံးက သူ မျှော်လင့်ထားသည်ကို ကျော်လွန်နေခဲ့ပြန်သည်။ ယခုလေးတင် မြင်လိုက်ရသော ထိုအနက်ရောင်ကျောက်တုံးက ရှီချီ၏ လက်ထဲတွင် အရည်ပျော်သွားခြင်းကိုပင် ဥပမာ ကြည့်နိုင်သည်။ ထိုကဲ့သို့သော အရာမျိုးကို သာမန်လူများက နေ့စဉ်ဘဝတွင် မကြုံတွေ့နိုင်လောက်ချေ။

ချန်းရှန်းဝေက နင်မုန့်၏ ရုတ်တရက် မသက်မသာ ဖြစ်နေသော ကိစ္စက သည်ကိစ္စနှင့် ပတ်သက်နေလောက်သည်ဟု ခန့်မှန်းလိုက်နိုင်သည်။ ရှီချီက စကားပြောသောအခါ မည်သူကမျှ သူ့ကို မငြင်းဆန်ရဲကြချေ။ ထိုနေရာမှ စတင်၍ လမ်းကို တည့်တည့်လျှောက်လျက် ထိုကျောက်တိုင်ကို ကျော်ဖြတ်သွားပြီး သိပ်မကြာခင် မြင်တွေ့ရသည့် မြူထုက ပို၍ ထူထဲလာပြီး လေထဲတွင်လည်း စိုထိုင်းသော ခံစားချက်မျိုးကို သိသိသာသာ ခံစားလာရကာ လူ၏ကိုယ်နှင့် ကပ်နေသလိုမျိုး မသက်မသာ ဖြစ်လောစေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now