အပိုင်း {၂} [ခ]

6.8K 594 16
                                    

ညွှန်းတို့ရှေ့ရောက်လာသည် အမျိုးသမီးနှစ်ယောက်က ပတ်ဝန်းကျင်ကို မကြည့်သလို ညွှန်းနဲ့ ငယ့်ကိုလည်း မကြည့်ချေ။ သူတို့သူငယ်ချင်းဖြစ်သည့် ဟန်လင်းကိုသာ အကြည့်တို့ရောက်သည်။

"ဆောရီး ဘရို တေးသံ အဝတ်ရှာတာကြာနေတာ ငါကပြီးတာကြာနေပြီ"

ထိုတစ်ယောက်ရဲ့စကားကြောင့် အနောက်မှ ဆံပင်လိမ္မော်ဖြင့် သူမ မျက်မှောင်ကြုတ်သွားပြီး ဟန်လင်းကို ခေါင်းခါပြသည်။ မဟုတ်ဘူး နင်ယုံရဲယုံကြည့်ဆိုသည့် စတိုင်။ ဘာလဲ အခုအခြေနေက သူတို့ကို လုံးဝ လစ်လျူရှူထားတာလား။ အနည်းဆုံးသူ့ကိုမသိလို့ဆိုရင်တောင် ငယ့်ကို နှုတ်ဆက်သင့်တာပေါ့။

"နင်တို့ကို ငါဘာပြောရသေးလို့လဲ... အခုဟာက ငယ်နဲ့ ဒီညီမကိုသာ အားနာ"

"အိုး လေပြေငယ်ပါတာပဲ မမ မတွေ့လိုက်လို့ ဆောရီးနော် ဒါနဲ့ ဒါက လေပြေ့သူငယ်ချင်းလား အွန်း မိုက်သား"

​ငယ်တော့ ဘယ်လိုနေမလဲမသိပေမဲ့ ညွှန်းတော့ ဒေါသထောင်းခနဲထွက်သွားပြီး ဒီနေရာကထထွက်သွားချင်လာသည်။ ငယ့်ကိုမတွေ့ဘူးတဲ့လား။ ဒီလောက် သူတို့သူငယ်ချင်း ဟန်လင်းနဲ့ ကပ်ပြီးရပ်နေတာကို။ ပြီးတော့ သူ့ကိုအကဲခတ်သလိုကြည့်ရင်းပြောလာသည့် လေသံကိုလည်း နည်းနည်းမှ ဘဝင်မကျ။ ဘာကို မိုက်ရမှာလဲ။

"ဟေသာ အဲ့လိုမျိုးတော့ ငါ့ကို ဒုက္ခမပေးပါနဲ့ဟာ အကြွေးပြန်ပေးပါ့မယ်"

ဟန်လင်းပြောလိုက်သည့် စကားတို့ကို ညွှန်းနားမလည်ပါ။ ဘာတွေပြောနေကြသလဲ။ စကားဝှက်တွေပဲလား။ စိတ်ရှုပ်စွာဖြင့် သူတို့အတွက်စီစဉ်ပေးထားသည့် အခန်းကို အမြန်ပို့ချင်လာသည်။ အခုလည်း အစ်ကိုဟန်လင်းပြောသည့်စကားကို ဟေသာဆိုသည့်အစ်မဟာ ပခုံးတွန့်ပြ၏။

ညွှန်း သူတို့ကို စိုက်မကြည့်ချင်တော့စွာနှင့် ဒီဘက်လှည့်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ခုနက မျက်ခုံးနှစ်ဖက် အတွင်းဝင်အောင်ထိ မျက်မှောင်ကြုတ်နေသည့် ပုံသဏ္ဌာန်ဟာ မရှိတော့။ သူ့ကိုသာ အသေချာစိုက်ကြည့်နေသည်။ ထို့နောက် မပွင့်တပွင့်အပြုံး၊ လှောင်ပြုံးလိုအပြုံးမျိုး သူမ နှုတ်ခမ်းထက်တွင် ဆင်မြန်းလာလေသည်။ ညွှန်း ရင်ထဲထိတ်ခနဲ။ သေချာသည်မဟုတ်လား။ ညွှန်းကို မှတ်မိသွားမှ ထို အပြုံးပြုံပြခြင်းသာဖြစ်မည်။ ညွှန်းကို တွေ့တိုင်း ဒီမိန်းမ အမြဲပြုံးပြတတ်သည့် ဒီအပြုံးကြောင့် ညွှန်း လက်ကလေးတို့ တင်းခနဲ ဖြစ်သွားသည်။ သူမကတော့ ညွှန်းကိုမကြည့်တော့ပဲ သူမ ပိုက်ဆံအိတ်ထဲက Lollipop တစ်ချောင်းကိုထုတ်ကာခွာနေ၏။ ဘာလဲ ဒီ အသက်ရွယ်ကြီးထိ Lollipop စားနေတုန်းလား။

လွမ်းပျက်ပြယ်Where stories live. Discover now