အပိုင်း {၂၅} [က]

5.8K 672 32
                                    

ဟေသာ ပြန်ခါနီး ညွှန်းကိုဖုန်းဆက်လိုက်တော့ ညွှန်းက သူတို့ခြံရှေ့မှာတင်စောင့်နေခဲ့တာကြာပြီ။ လွမ်းက သူ့ကို အတော်အလွတ်မပေးတာပဲ။ အိမ်ထဲက နှစ်ဖက်မိဘတွေကတော့ သူတို့ဘာသာပြောချင်ရာပြောကြပြီး နောက်ဆုံးမှာ မင်္ဂလာရက်ပါစီစဉ်ပြီးတဲ့အထိ အဆင်ပြေချောမွေ့စွာပြီးဆုံးသွားခဲ့ပြီ။

အားလုံးပြီး သူတို့ပြန်မှ ဟေသာပြန်ခွင့်ရှိသည်လေ။ ဖိုးဖိုးကြီးက သူ့ကိုထမင်းစားပြီးမှ ပြန်ခိုင်းပေမဲ့ ဟိုတစ်ခါကလို ဖြစ်မှာစိုးလို့ ဟေသာတောင်းတောင်းပန်ပန်ငြင်းခဲ့သည်။ ဒီတစ်ကြိမ်တော့ ဟေသာ ငြင်းဆိုတာကိုလက်ခံ၍ ဟေသာ စိတ်သက်သာရာရသွားသည်။

"ရောက်နေတာကြာပြီလား ဖွဲ့ရာ"

"ဟင့်အင်း မကြာသေးပါဘူး အစ်မဟေသာ ခုနလေးတင်ပါ"

ညွှန်း လိမ်ပြောတာကိုသိသော်လည်း ဟေသာခေါင်းညိတ်ပြီး ကားထဲဝင်လိုက်သည်။ ကားထဲ ဝင်ချိန်တွင် နှစ်ယောက်လုံးဘာစကားမှမပြောကြချေ။ ညွှန်းက ဘာစကားပြောရမလဲမသိလို့ဖြစ်ပြီး ဟေသာကတော့ ဘာမှမပြောချင်၍သာ။ ညနေစောင်း နေဝင်ခါနီးဖြစ်၍ ပုစွန်ဆီရောက်သန်းနေသည့် ကောင်းကင်ကြီးကိုသာ ဟေသာ ငေးမောကြည့်နေခဲ့သည်။ အတွေးထဲတွင်တော့ တစ်လပဲ စိုင်းငဲ့ခံရတဲ့ လက်ထပ်ပွဲအတွက် ပူပန်မိသည်။ ဒါတောင် ထက်ဇော် တောင်းဆိုပေးလို့သာ တစ်လနောက်ဆုတ်လိုက်တာလေ။

ထက်ဇော်က မကောင်းတဲ့သူမဟုတ်တာကို ဟေသာ စတွေ့ကတည်းက သိပါသည်။ အခုလည်း အရင်ဆုံး စေ့စပ်ပြီး တစ်ယောက်ကိုတစ်ယောက်လေ့လာချင်သေးသည်ဟု ဟေသာ့အတွက်ပြောဆိုပေးခဲ့ပေမဲ့ အရာမထင်ခဲ့ပါ။ နောက်ဆုံး အချိန်တစ်လ ကြာအောင်သာ အချိန်ဆွဲထားနိုင်ခဲ့သည်ပေါ့။ ဟေသာလည်း ဘယ်လောက်စိတ်ဆုံးဖြတ်ထားပါစေ လက်ထပ်ဖို့အတွက်ဟာ ဟေသာ့အဖို့ခက်ခဲသေးသည်။ လွတ်လွတ်လပ်လပ်နေဖို့ ဒီလောက် အချိန်ထပ်ရတာကိုပဲ ကျေးဇူးတင်ရမှာပေါ့လေ။

"အစ်မဟေသာ အစ်မဟေသာ!"

ပခုံးလေးကို လာထိသည့်လက်လေးကြောင့်သာ ဟေသာ သူ့ကိုအော်ခေါ်နေသည့် ညွှန်းအသံကို သတိထားမိသွားသည်။

လွမ်းပျက်ပြယ်Where stories live. Discover now