အပိုင်း {၁၇} [ခ]

5.4K 634 33
                                    

ညွှန်း အိပ်ခန်းထဲ ခေါက်ထုတ်ခေါက်ပြန်လျောက်နေမိသည်က ဘယ်လောက်ပင်ကြာနေပြီလဲမသိ။ မမလွမ်း အဲ့နေ့ ကားပေါ်ကနေဆင်းသွားပြီးကတည်းက မတွေ့ဖြစ်တာ တစ်ပတ်ကျော်ပြီ။ မအားဘူးဆိုသည့် အကြောင်းပြချက်ကို မမလွမ်းဆိုသော်လည်း ရှောင်နေသလိုခံစားရသည်။ ညွှန်း ကိုယ်တိုင်သည်လည်း ထိုနေ့က ကိစ္စကြောင့် စိတ်ကသိကအောက်ဖြစ်နေသည့်အတွက် အစပိုင်းမှာတော့ မမလွမ်းငြင်းဆိုမှုတိုင်းကိုလက်ခံပေးခဲ့သည်။

သို့သော် နှစ်ရက်လောက်အကြာတွင် ထွဋ်ခေါင်ရဲ့ ဓာတ်ပုံတွေပို့တဲ့သူဘယ်သူလဲဆိုတာကို ညွှန်းသိခဲ့ရသည်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့ပေမဲ့ ညွှန်းထင်ထားတာမလွဲခဲ့ချေ။ ပို့သူက ဟန်လင်းမောင်နေဖြစ်၏။ မမလွမ်းက တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းနဲ့ မမလွမ်းလို့ဆိုလိုက်သလိုပဲမဟုတ်လား။ သူတို့သူငယ်ချင်း ၃ ယောက် အကြောင်း ညွှန်းလည်းသိသင့်သလောက်သိပြီးပြီ။ ညွှန်းကို မမလွမ်း အမုန်းတွေနဲ့ဝင်ဆွဲထည့်ဖို့လုပ်နေတဲ့ ဒီပြဿနာကိုလည်း ဟန်လင်းနဲ့ ဟေသာတို့သိနေတာကို ညွှန်း သိနေသည့်အတွက် ဒါဟာအဆန်းမဟုတ်တော့ပါ။ ခံရခက်သည်ကလွဲ၍ပေါ့။

ညွှန်း သိသိချင်းနေ့က မမလွမ်းဆီရောက်ပြီး ဒီပြဿနာတွေကိုရှင်းချလိုက်ဖို့ထိ စဉ်းစားခဲ့သည်။ သို့သော် မမလွမ်းနဲ့ မဝေးချင်သေးတဲ့စိတ်ကြောင့် ညွှန်းမလုပ်နိုင်ခဲ့ပါ။

ဒါကြောင့်ဒီရက်ပိုင်းကို မမလွမ်းနဲ့ သူကိုယ်တိုင်လည်းမတွေ့ချင်မိတော့။ မမလွမ်း သူ့ကိုမုန်းနေတာကိုစဉ်းစားမိတိုင်း ညွှန်းခံနိုင်ရည်မရှိပါ။ မမလွမ်းနှင့်ပတ်သက်လျှင် သူကဆင်ခြင်တုံတရားမရှိသလို ပျော့လည်းပျော့ညံ့၏။ အခုလည်း မမလွမ်း သူ့အနားမရှိသည့်နေ့ရက်တိုင်းက အလွမ်းလှိုင်းတွေတရိပ်ရိပ်တက်နေသည်။ မြင်မြင်သမျှအရာတိုင်းဟာ ညွှန်းအတွက် လွမ်းမောစရာကောင်းလှသည်။ ရေသောက်လျှင် ရေခွက်လေးကအစ ဆွေးမြေ့ဖွယ်ရာဖြစ်နေသည်။ ထိုလိုအချိန်မျိုးမှာ မမလွမ်းကို ပြေးတွေ့ချင်စိတ်ကို မနည်းထိန်းချုပ်ထားရသည်။

လွမ်းပျက်ပြယ်Where stories live. Discover now