အပိုင် {၂၂} [ခ]

5.5K 590 50
                                    

ဂစ်တာကိုအိတ်နဲ့လွယ်ပြီ အိမ်ရောက်လာသည့် ညွှန်းဖွဲ့ရာမှူးကို ဟေသာအံ့ဩစွာကြည့်နေမိသည်။ ညွှန်းကတော့ ရှက်စိတ်ကြောင့်ထင်ပါရဲ့။ ဟေသာ့ကိုလှည့်မကြည့်။ သူ့အသားညိုညိုလေးဟာလည်း အနီရောင်ကူးပြောင်းနေတာကို ယဲ့ယဲ့မြင်နေရသည်။

"ဟို မမလွမ်း အတွက်..."

ညွှန်းက ဆက်မပြောပဲရပ်သွားသည့်အတွက် ဟေသာ ပြုံးလိုက်မိသည်။

"ဘာလဲ သီချင်းဆိုပြပြီး ပိုးတော့မယ်ပေါ့လေ"

ခေါင်းလေးညိတ်ပြီးမှ အတင်းခေါင်းပြန်ခါသည့် ညွှန်းဖွဲ့ရာမှူးမျက်နှာလေးဟာ ပို၍ နီသည်ထက်နီရဲလာသည်။

"ဘယ်လိုလုပ်မလဲကွယ် မင်းရဲ့ ဒီပုံစံကိုတွေ့ရင် မင်း မမလွမ်းတော့ နေနိုင်မယ်မထင်ဘူး"

"အဲ့လို မဟုတ်ပါဘူး... ဟိုလေ မမလွမ်းများ စိတ်ပြေလက်ပျောက် နားထောင်ချင်မလားလို့ အဲ့ဒါ"

"တော်ပါကွယ် လာထိုင်... မင်းလာမှာသိလို့ ပေါင်မုန့်မီးကင် မင်းအတွက်ပါလုပ်ထားတယ်။ Strawberry Jam ရေခဲသေတ္တာထဲရှိတယ် ယူပြီးကိုယ့်ဘာသာလုပ်စားလိုက်"

ဟေသာသည် စားလက်စ ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ရင်းပြောလိုက်တော့ ညွှန်းမှာ ဟေသာ့စကားကြောင့် အူလည်လည်လေးနှင့် ရေခဲသေတ္တာဖွင့်နေသည်။

"ဟို အစ်မဟေသာ ဒီနေ့ ငယ့်ဆီမသွားဘူးလား"

"ဘာလဲ တို့ကို နှင်နေတာလား"

"မ... မဟုတ် အဲ့လိုမဟုတ်ပါဘူး"

"စိတ်မပူပါနဲ့ တို့သွားမှာပါ ဖွဲ့ရာ။ မင်းတို့ကို အနှောက်ယှက်မပေးပါဘူး"

"ဟာ အစ်မဟေသာ အဲ့လိုမဟုတ်ပါဘူးဆို"

လက်ထဲက Jam ပုလင်းပါလွတ်ကျတော့မတတ်ဖြစ်လောက်အောင် ရှက်နေသည့် ညွှန်းကို ကြည့်ပြီး ညွှန်း မပြုံးပဲမနေနိုင်။ ပြဿနာတွေသာမရှိလာခဲ့ရင် ဒီအခြေနေတွေဟာ ဘယ်လောက်ပျော်ရွှင်ဖို့ကောင်းလိမ့်မလဲ။

"ကဲပါ တို့ပြီးပြီ။ မင်း မမလွမ်းကိုတော့ မင်းဘာသာ သွားခေါ်လိုက် ဖွဲ့ရာ... သူအခန်းအောင်းနေတယ်"

လွမ်းပျက်ပြယ်Where stories live. Discover now