တဖြောင်းဖြောင်းထွက်လာသည့် လက်ခုတ်သံတွေကြားတော့မှ ညွှန်း အသိစိတ်ထဲ ဟေသာနှင့် ငယ်ရှိနေသည်ကို သတိရသွားသည်။ ထိုသို့ သတိရသွားသည်နှင့် ခုနက မမလွမ်းကြောင့်ပြုံးလိုက်မိသည့် အပြုံးတို့တောင်ရှက်စိတ်ကြောင့် ကွယ်ပျောက်ကုန်ရသည်။
"ဝိုး... ညွှန်းဖွဲ့ရာမှူး ဒီလောက်ဆိုတတ်လိမ့်မယ်လို့မထင်ထားဘူး နဂိုကတည်းက နားထောင်လို့ကောင်းတဲ့အသံဆိုတာသိလို့ နားထောင်ရင်ကောင်းမှာသိပေမဲ့... ဝါး တကယ် တော်တာပဲ"
စကားများသည့် အစ်မဟေသာစကားကြောင့် ပို၍ မျက်နှာပူလာသည်။ ငယ်ကလည်း ထိုသို့ပဲ နားထောင်လို့ကောင်းကြောင်း သူသဘောကျကြောင်း ပြောနေတော့ပိုရှက်လာသည်။ သို့ပေမဲ့ သူ့ကိုချီးကျူးနေသည်ဆိုတော့ နောက်ကျောပေးထား၍လည်း မကောင်းသည်မို့ လွမ်းအခန်းဘက်ကို ကျောပြန်ပေးထားလိုက်ရသည်။
"လေပြေက အဲ့ဒါကိုသိလို့ ဒီအကြံပေးခဲ့တာကို"
"အဟီး ဖွဲ့ရာ ငယ်ငယ်ကဆိုပြဖူးတုန်းကတည်းက ကောင်းတာအဲ့တုန်းက ဂီတာတောင်မပါဘူး။ အဲ့ဒါကို သတိရလို့ ငယ်လည်းပြောကြည့်တာ... ငယ် ထင်ထားတာထက်တောင်ပိုပြီး နားထောင်လို့ကောင်းနေတာပဲ"
ငယ့်ကို ညွှန်း ဘယ်တုန်းကဆိုပြလဲ မသိတော့ချေ။ ငယ်ငယ်ကတော့ အရှက်မရှိတာကို အခုနဲ့တော့ ဘယ်တူပါ့မလဲ။ အစ်မဟေသာကတော့ ငယ့်အပြောကြောင့် ပြုံးရိပ်သန်းသွားသည်။
"လေပြေက အားကိုးရသားနော်"
"ဒါပေါ့ မမရဲ့"
ငယ် ခါတိုင်း အစ်မဟေသာနားကပ်ဖို့တောင် ကသိကအောက်ဖြစ်ဖြစ်နေတာ ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး အတိုင်ပေါက်အတော်ညီနေရသည်လဲ။ ပြီးတော့ ငယ့်လေသံတွေဟာ သူ့အကြံအလုပ်ဖြစ်ပုံကြောင့် အတော်ပျော်နေပုံရသည်။ ထို့ကြောင့်လည်း အစ်မဟေသာအပေါ် အရင်လိုမဟုတ်ပဲ ဆက်ဆံနေသည်နေမှာ။ ငယ့်ကို ငယ်လည်း သတိထားမိမည်မထင်။ အစ်မဟေသာကလည်း ငယ့်ကို ချစ်ပုံပေါ်သည်။ အခုလည်း ခေါင်းလေးကို အသည်းယားစွာထိုးဖွနေလေပြန်သည်။
"တစ်ယောက်ယောက်တော့ သဘောကျနေတော့မှာပဲ"
ငယ့်ကို ဂရုစိုက်နေရင်းကနေ ညွှန်း ဘက်ကို ရုတ်တရက်ကြီး လှည့်ပြောလိုက်ပေမဲ့ ညွှန်း ဆိုလိုရင်းကိုသိ၍
ရှက်ရှက်နှင့် လည်ဂုတ်လေးကို ပွတ်မိသည်။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...