အပိုင်း {၄} [ခ]

6K 613 26
                                    

မနေ့က အဆင်မပြေခဲ့ပေမဲ့ ဒီနေ့တော့ ညွှန်း ပေါက်ကရမလုပ်မိစေရန် ကြိုးစားခဲ့ရသည်။ အခုတော့ ညွှန်းရဲ့ နောက်ထပ် ဟင်းပွဲလေးကို စား၍ ပြန်သွားလေပြီ။ ထိုသို့မှ ညွှန်း လွတ်လပ်သွားသည်။ မနေ့ကမတိုင်ခင် ရက်ပိုင်းတွေက ထွဋ်ခေါင် အကြောင်းတွေးတိုင်း ညွှန်း ပင်ပန်းလှသည်။ ငိုချင်သည်အထိဖြစ်ခဲ့သည်။ သို့ပေမဲ့ မိန်းမ တစ်ယောက်၏ မာနက သူ့ကို ခွင့်မပြုခဲ့။

မနေ့ကတော့ ထွဋ်ခေါင်အကြောင်းလုံးဝမစဉ်းစားမိခဲ့ပါ။ တစ်နေ့လုံး ကိုယ်ဘာတွေလုပ်ခဲ့တာလည်းဆိုသည့် အတွေးနှင့်သာ ရူးချင်ချင်ဖြစ်နေသည်။ အရာအာလုံးကို မျက်လုံးထဲ ပေါ်လာအောင် အနှေးကွက်ပြနေသလို။ ထို့ကြောင့် မနေ့က တစ်နေလုံး ရှက်စိတ်တွေစိုးမိုးနေခဲ့သလား ညွှန်းမသိတော့ပါ။ လွမ်း အကြောင်းတွေဖြင့်သာ ညွှန်း စိတ်တစ်ခုလုံး ပြည့်ဖုံးနေတာကိုတော့ သတိထားမိခဲ့သည်။ အဲ့ဒါက ဒီနေ့ လွမ်းပြန်သွားသည်အထိပဲ။ ဒီနေ့တစ်နေ့လုံး လွမ်းမျက်နှာကိုပင် စေ့စေ့ မကြည့်ရဲခဲ့။

"ဟယ်လို ငယ်"

လက်ထဲက ဖုန်းတုန်ခါလာ၍ ညွှန်း ဖုန်းကိုကြည့်လိုက်တော့ လေပြေငယ် ဖြစ်နေသည်မို့ကိုင်လိုက်သည်။ နံပါတ်စိမ်းသာဆို ညွှန်း ချပစ်မိတာ ဘယ်နှကြိမ်ပင်ရှိနေပြီလဲ မသိတော့ပါ။

"ခဏနေ ထွက်လာခဲ့မယ်"

"ဟုတ်ပါပြီ ရှေ့နေပေါက်စလေးရယ်။ ခဏနေ ထွက်လာပါမယ်ဆို"

"အခု အင်္ကျီလဲပြီးထွက်လာတော့မယ် ဟုတ်ပြီလား"

ဖုန်းချပြီးသည်နှင့် ညွှန်း မနိုင်စွာခေါင်းခါလိုက်မိသည်။ ညနေမှ ညွှန်းတို့ ဆိုင်တစ်ဆိုင်ထိုင်မှာမို့ ချိန်းထားပေမဲ့ ငယ်က လောစွာနှင့် အခုလာခေါ်ခိုင်းနေသည်မို့ ညွှန်း သွားရပေဦးမည်။ ဒီတလော သူတို့နှစ်ယောက်မတွေ့ဖြစ်ကြဘူးမလား။ ထို့ကြောင့် ငယ့်မှာပြောစရာတွေနှင့် မေးစရာတွေရှိမည်ထင်သည်။

ညွှန်း အင်္ကျီလဲပြီး ထွက်လာမည်ပြောပေမဲ့ ရေပြန်ချိုးလိုက်သည်။ ခုနက တစ်စုံတစ်ယောက်ကောင်းမှုကြောင့် ညွှန်း ကိုယ်မှာဟင်းအနံ့တွေစွဲကပ်နေသည်ဟု ခံစားရသည်လေ။ ရေကို ခပ်သွက်သွက်သာချိုးရင်း ငယ့်ဆီသွားလိုက်သည်။ နောက်ကျလျှင် ဂျီကျနေဦးမည်စိုးရသည်မလား။

လွမ်းပျက်ပြယ်Where stories live. Discover now