"ဟေသာ... ချိုကို... ချိုကိုပိုင်းလေးလေ... အိမ်မှာမရှိတော့ဘူး"
ဖုန်းကိုင်ကိုင်ခြင်းတစ်ဖက်မှ ဝင်လာသည့်အသံလေးဟာ စိုးရိမ်စွာတုန်လှုပ်နေသည်။ ဟေသာလည်း သူ့အပြောလေးကြောင့် စိုးရိမ်မိသွားသည်။
"အိမ်ပြောင်းသွားပြီတဲ့ ဒီအိမ်မှာမနေတော့ဘူးတဲ့ ဟေသာရယ်... သူဟိုအိမ်ပြန်သွားတာများလား... အဲ့အိမ်ပြန်သွားရင် တေးသံ ဘယ်လိုလုပ်ရ..."
"လွမ်းတေးသံ စိတ်ကိုအေးဆေးထားစမ်း! နင်အခု သူ့အိမ်ကိုသွားတာလား"
ဟေသာ ပြောပြီးနောက်ပိုင်းထိ လွမ်းဟာ သူဘာဆက်လုပ်ရမလဲတွေးပြီး ၂ ရက်လောက်အချိန်ယူနေခဲ့တာ။ ဒီနေ့ဆို ၂ ရက်မြောက်နေ့လေ။ အခုလိုထသွားတော့လည်း ရုတ်တရက်ကြီးပင်။
"အွန် အခု အိမ်ရှေ့မှာ"
"အဲ့ဒါဆို စိတ်အေးအေးထားပြီး အိမ်ပြန်တော့ တေးသံ။ အခု လေပြေ့အိမ်ကိုရောက်တော့မှာ။ မေးထားပေးမှာမို့ စိတ်အေးအေးထားပါ"
ဟေသာ စကားဆုံးသွားတာ မိနစ်ပိုင်းလောက်ထိ လွမ်းတေးသံဘက်မှ ထွက်မလာ။ ထပ်ငိုပြန်တာများလား။
"တေးသံ နင် အဆင်ပြေ..."
"တကယ်လို့ သူလေးအိမ်ပြန်သွားတယ်ဆိုရင်လည်း နောက်တစ်မျိုးစဉ်းစားရမှာပေါ့။ ခဏပူထူသွားတာပါ တေးသံ အဆင်ပြေပါတယ် ဟေသာ"
ငိုသံမပေါက်ပဲ တည်တည်ငြိမ်ငြိမ်ပြန်ပြောသည့်အသံကိုကြားလိုက်ရမှ ဟေသာ စိတ်လျော့နိုင်သွားသည်။ ထိုတည်ငြိမ်သံလေးကို နားထောင်လိုက်ရုံနှင့် ဟေသာသိသည် အရင်လွမ်းတေးသံပြန်ဖြစ်လာပြီပဲ။ ဟေသာ့ ရင်ထဲ အလုံးတစ်လုံးဟာ ကျသွားခဲ့ပြီ။ တော်သေးတာပေါ့။
"ဒါဆို..."
"အွန် တေးသံအိမ်ပြန်တော့မယ် ဒါပေမဲ့ ဟေသာ!... လေပြေငယ့်ကိုတော့ အကူညီတောင်းပါတယ်လို့ပြောပေးပါ"
"စိတ်ချပါ တေးသံ"
နှစ်ယောက်လုံးပြောစရာမရှိတော့တာမို့ ဖုန်းချလိုက်ကြသည်။ ဟေသာလည်း ငယ့်ကိုပြောစရာတစ်ခုရတာပေါ့။ ငယ်က ဟေသာ့ လက်ထပ်မည့်ကိစ္စကိုသိသွားပြီးကတည်းက သူ့ကိုခါတိုင်းလို လာခဲ့ဖို့မခေါ်ပဲငြိမ်သွားတာလေ။ ဒီနေ့မှ ဖုန်းဆက်ခေါ်တာမို့ ဟေသာ စိတ်လေးနေတာ နည်းနည်းသက်သာသွားတာ။
YOU ARE READING
လွမ်းပျက်ပြယ်
Romanceရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖြစ်တည်လာတဲ့ခံစားချက်ဟာ လွတ်မြောက်ရန်ခက်လှသော အလွမ်းနာပါလေ။ လွမ်းဆိုတဲ့မိန်းမမှ ဒီလွမ်းနာကိုဖြေဖျောက်...