True Star - Chapter (10) (zawgyi+Unicode)

4.9K 747 14
                                    

True Star – Chapter (10)

"ဟုတ်တယ်.. ခင်ဗျားက ဒီစင်္ကြဝဠာမှာ အခန့်ညားဆုံးပဲ.. မျက်နှာပေါ်ကအမာရွတ်က ခင်ဗျားကို ပိုပြီး ယောက်ျားပီသလာစေတာ.."

Tang Feng က အမှတ်တမဲ့ သူ့လက်ကို Charles လက်ထဲကပြန်ရုပ်ရင်း ပြောလိုက်တယ်။ သူက ဝရန်တာကနေ အောက်ဘက်ရေကူးကန်ဘေး နေပူဆာလှုံသူ၊ ရေကစားနေသူတွေကို ကြည့်လိုက်တယ်။ တကယ်လို့ သူသာ အခြားသင်္ဘောပေါ်ကို ရောက်နေတယ်ဆိုတာမသိခဲ့ရင် သူက အရင်သင်္ဘောနဲ့ ပင်လယ်ခရီးဆက်သွားနေတယ်လို့ ထင်မိမှာပဲ။

အိုကေ.. ဒါလည်း ပင်လယ်ခရီးပါပဲ..။ ဒါပေမယ့် သူ့ဘေးကအဖော်ရယ်၊ သူသွားနေတဲ့ခရီးစဉ်ရယ် ပြောင်းသွားတာကလွဲရင်ပေါ့။

"အချစ်လေး.. မင်း ဒီဟာကို ပိုသဘောကျသလား.."

Charles ရဲ့မျက်နှာနဲ့ အသားအရေက လူကြမ်းကြီးလို့ပြောလို့မရအောင် ဆွဲဆောင်မှုမြင့်မားနေတယ်။

Tang Feng က သူ့ကိုစိုက်ကြည့်ပြီး ရွဲ့ပြောလိုက်တယ်။

"ဝက်ဝံအချစ်ကြီး.. ဒီမနက် ခင်ဗျား ပျားရည်တွေကို အများကြီးစားမိခဲ့ပြီထင်တယ်.. အခန်းထဲပြန်ပြီး သွားလေးဘာလေး တိုက်လိုက်ဦး.."

တချို့အစောင့်တွေက မအောင့်နိုင်ဘဲ တိတ်တခိုးရယ်လိုက်မိတယ်။ သူတို့က Charles နဲ့အတူ လက်တွဲလာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်လို့ Charles အကြောင်းကို အူမချေးခါးမကျန် အကုန်သိတယ်။ တစ်ခါတစ်လေ Charles က မင်းတို့အပေါ် ကောင်းပြတာကိုချည်းကြည့်ပြီး သူက အဆိပ်အတောက်မရှိ သဘောကောင်းတဲ့လူကြီးလို့ တွက်လို့မရဘူး။ မျက်နှာလွှဲလိုက်မိတာနဲ့ သူက မင်းရင်ဘတ်ကို ဓားနဲ့ထိုးလိုက်ဖို့ လက်နှေးမှာမဟုတ်ဘူး။ Charles ရဲ့အချစ်တွေက ပင်လယ်ထဲကငါးတွေလောက်ကို များပြားလွန်းတယ်။ သုံးရက်အတွင်း ချစ်သူ တစ်ယောက် နှစ်ယောက်လောက် လဲလေ့ရှိတယ်။ တချို့ဆို Charles ကို မလေးမစားလုပ်မိတာနဲ့ ချက်ချင်း ဆွဲထုတ်ခံလိုက်ရပေမယ့် ဘယ်သူကမှ Mr.Tang Feng လို Charles ရဲ့ အမြတ်တနိုးဆက်ဆံတာ မခံရဘူး။ ဒီလောက်နှစ်ပေါင်းများစွာအတွင်း Charles ရဲ့ဒီပုံစံကို မြင်ရတာ ပထမဆုံးပဲ။

Charles က တဟားဟားရယ်မောပြီး Tang Feng ရဲ့စကားကို လုံးဝစိတ်မဆိုးဘူး။

"အချစ်လေး Tang.. ငါချစ်တဲ့ မင်းလေးပေးတဲ့ ချစ်စနိုးနာမည်ကို တကယ်သဘောကျတယ်ကွာ.. မင်းက ငါ့နှလုံးသားကို သိမ်းပိုက်လိုက်တာပဲ အချစ်လေး.. ငါက မင်းပိုင်ဆိုင်တဲ့ မင်းရဲ့ချစ်သူပါပဲကွာ.."

ဒီစကားလည်းကြားရော Tang Feng ရဲ့လက်ထဲက ကြက်ဥတောင် လွတ်ကျသွားတယ်။ သူက အရှက်မရှိ မျက်နှာပြောင်တိုက်လွန်းတဲ့ Charles ကို သတ်ချင်သွားတယ်။ သူ့အစောင့်တွေရှေ့တောင် မရှောင် မျက်နှာပြောင်တဲ့ Charles ကတော့ ပြိုင်မယ့်သူမရှိလောက်အောင်ပါပဲ။ ဘေးနားကအစောင့်တွေတောင် မျက်နှာလွှဲလိုက်ပြီး တွေးနေမိတယ်။

လူတွေ တစ်ယောက်ကိုတစ်ယောက် ချစ်ကြရင် ဒီလိုပဲလား။ ဘယ်လောက်ကြံ့ခိုင်တဲ့ သံမဏိလိုလူတောင် ဒီလိုမျိုးစကား ပြောထွက်လာနိုင်သလား။ ဒီနေ့တော့ သူတို့အတွက် မျက်စိပွင့်နားပွင့်တဲ့ နေ့တစ်နေ့ပါပဲ။

"လာဦး အချစ်လေး.. ကိုယ် မင်းကို ဒီကလူတွေနဲ့ မိတ်ဆက်ပေးမယ်.."

Charles က သူ့ဘေးကလူနှစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောပြလိုက်တယ်။

"ဒီနှစ်ယောက်က ကိုယ့်ဘေးမှာ ဆယ်နှစ်ကျော်တောင် နေလာတဲ့ကောင်တွေပဲ.. သူတို့ကို 'မိုက်ကြီး' လို့ခေါ်တယ်.."

ဘာကြောင့်လဲဆိုတော့ ဒီ 'မိုက်ကြီး'က ကိုယ်ခန္ဓာပိုတောင့်လို့ဖြစ်တယ်။ body အရွယ်အစားကြောင့် သူ့နာမည် Mike ကနေ မိုက်ကြီး (Big Mike) ဖြစ်သွားပုံရတယ်။

"သူတို့က အမွှာတွေ.."

Charles က ဘေးက ပုံမှန်ခန္ဓာကိုယ်နဲ့တစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်တယ်။ ဒီနှစ်ယောက်က body အရွယ်အစား ကွာတာကလွဲရင် အမူအယာနဲ့ မျက်နှာပုံစံက အတူတူပဲ။ Tang Feng က သူတို့ကို စိုက်ကြည့်လိုက်တယ်။

"မတ်တပ်ရပ်စမ်း.. စိတ်ပျက်စရာပုံ လုပ်မနေနဲ့.."

Charles က မျက်မှောင်ကြုတ်ပြီး လက်ဝါးနဲ့စားပွဲကို တစ်ချက်ပုတ်ပြီး ပြောလိုက်တယ်။

"စကော်ပီယံက အကောင်းဆုံး.."

သူတို့က ချက်ချင်းထရပ်ပြီး အားမာန်အပြည့်နဲ့ အော်လိုက်တယ်။ သူတို့အသံက လေထဲပြည့်နှက်သွားသလို ထင်ရတယ်။

Tang Feng က သူ့ကိုယ်သူ တည်ငြိမ်တယ်၊ ဘယ်အရာမှ သူ့ကိုလန့်အောင်မလုပ်နိုင်ဘူးလို့ ထင်ထားပေမယ့် ဒီမိုက်ကြီးရဲ့အော်သံကြောင့် သူ လန့်ပြီး နောက်တစ်လှမ်းတောင် ဆုတ်မိတော့မလိုပဲ။ ဒီအသံက သူ့ကို တကယ်ပဲလန့်သွားစေတယ်။

"သခင်ကြီး.."

"ငါ လုပ်ခိုင်းမိလို့လား.."

Charles က ပုခုံးနှစ်ဖက်ကို ဟန်ပါပါတွန့်ရင်း Tang Feng ရဲ့ စူးစူးဝါးဝါးအကြည့်ကို မသိကျိုးကျွံပြုပြီး ရူးချင်ယောင်ဆောင်နေတယ်။ ဒါ တမင်လုပ်တယ်ဆိုတာ အသိသာကြီးပဲ။

မိုက်ကြီးက ဒီမြင်ကွင်းကိုကြည့်ပြီး ပိုပိုစဉ်းစားလာမိတယ်။ သူတို့ခေါင်းဆောင်ကြီးက Mr.Tang ရဲ့ရှေ့မှာ နည်းနည်းလေးမှ အမှားမလုပ်ဝံ့တဲ့ပုံစံပဲ။ မသိရင် တစ်ခုခုမှားလုပ်မိတာနဲ့ ပင်လယ်ထဲပစ်ချပြီး ငါးမန်းစာကျွေးခံရမှာ ကြောက်နေသလိုပဲ။

"ကျွန်တော့်ကို ဒီလိုမခေါ်နဲ့.. Tang Feng လို့ပဲ ခေါ်ပါ.."

Tang Feng က မတ်တပ်ရပ်နေတဲ့ လူနှစ်ယောက်ကို ဖြည်းညင်းစွာပြောလိုက်တယ်။ ဒီလူနှစ်ယောက်က Charles ကို မသိမသာလှမ်းကြည့်လိုက်ပေမယ့် Charles က သူတို့ကိုအာရုံမရှိဘဲ ဝိုင်ခွက်ကိုမော့သောက်ရင်း သူချစ်တဲ့ Tang လေးရဲ့ ရေချိုးပြီးစ လတ်ဆတ်တဲ့ကိုယ်လေးရဲ့ အလှကို အရသာခံပြီးကြည့်နေတယ်။

"Charles.."

"သည်းလေး.. ကိုယ် ဒီမှာရှိတယ်.."

Charles က ချက်ချင်းပဲ တောက်တောက်ပပပြုံးပြီး ဖြေလိုက်တယ်။

"ကျွန်တော် ခင်ဗျားကို မေးစရာရှိလို့.."

Tang Feng က ကော်ဖီခွက်ထဲကို နို့နည်းနည်းရောပြီးမွှေရင်း ခွက်ကိုမပြီး တစ်ငုံသောက်ရင်း မေးလိုက်တယ်။ Charles က အမွှာနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တော့ သူ့လူနှစ်ယောက်က အလိုက်တသိ ဝရန်တာကနေ ထွက်သွားကြတယ်။

Tang Feng က ကော်ဖီခွက်ကို အသာချရင်း မေးလိုက်တယ်။

"ခင်ဗျားနဲ့ Lu Tian Chen ကြား ဘာတွေဖြစ်ခဲ့တာလဲ.. ခင်ဗျား ဘာတွေဖြစ်နေတာလဲလို့ သူ့ကိုမေးကြည့်ပေမယ့် သူက ခင်ဗျားလုပ်နေတာကို မသိတဲ့ပုံပဲ.. Charles.. ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို မမေးသင့်ဘူးဆိုတာ သိပေမယ့် ဘာကြောင့် ကျွန်တော့်ကို ပြန်ပေးဆွဲခဲ့သလဲဆိုတာ မေးချင်တယ်.. အနည်းဆုံးတော့ ခင်ဗျားရဲ့မိတ်ဆွေတစ်ယောက်အနေနဲ့ ဘာကြောင့် ကျွန်တော့်ကိုခေါ်လာသလဲဆိုတာ သိသင့်တယ်လို့ထင်တယ်.."

"သည်းလေး.. ကိုယ့်အကြောင်း မင်းမှာ မေးခွင့်ရှိတာပေါ့.. ကိုယ့်ကိစ္စက မင်းရဲ့ကိစ္စပဲမဟုတ်လား.. မင်းပြောသင့်တာက ကိုယ်လုပ်နေတာအားလုံး မင်းသိဖို့ အခွင့်အရေးရှိတယ်ဆိုတာပဲ.."

Charles က Tang Feng ကို ပွေ့ဖက်ကာ စားပွဲပေါ်တင်ပြီး လှိုက်လှဲပြင်းပြစွာ ပြောလိုက်တယ်။

"တကယ်ကြီးလား.."

Tang Feng က ခပ်အေးအေးပဲ မေးလိုက်တယ်။

Charles က သက်ပြင်းဖွဖွချပြီး ပေါ့ပေါ့ပါးပါးပဲ ရှင်းပြလိုက်တယ်။

"ဘာမှ ပြဿနာကြီးကြီးမားမား မရှိပါဘူး.. တစ်နှစ်ကို 365 ရက်လောက် လုပ်စရာမရှိဘဲ အားယားနေတဲ့ နိုင်ငံတကာ မှုခင်းနှိမ်နင်းရေးက ကိုယ့်နောက်ကို အပျင်းပြေလျှောက်လိုက်နေတာ.. ဒါလည်း ဘာမှမထူးပါဘူး.. ကိုယ့်ကို သူတို့ ဘာမှမလုပ်နိုင်ပါဘူး.."

"ဘယ်သူမှ ခင်ဗျားကို မဖမ်းကြဘူးလား.."

Tang Feng က ကြံရာမရစွာ မေးလိုက်တယ်။

"ခင်ဗျား မူးယစ်ဆေးကိစ္စတွေထဲ ပါနေတာလား.."

Charles ရဲ့အမူအယာက ရှုံ့တွသွားပြီး ချက်ချင်းငြင်းလိုက်တယ်။

"ဒီလိုမဟုတ်ပါဘူးကွာ.. အချစ်လေး.. ကိုယ်က မကောင်းတဲ့လူဆိုတာ သိပါတယ်.. ဒါပေမယ့် ဘယ်တော့မှ မူးယစ်ဆေးကိစ္စမျိုးမှာ မပါဖူးပါဘူး.. ကိုယ်က တကယ်ကို စိန်နဲ့ရေနံလုပ်ငန်းတွေပဲ လုပ်နေတာပါ.. အချစ်လေး Tang.. မင်းရဲ့ချစ်ချစ်ဖြစ်တဲ့ ကိုယ်က ဂုဏ်သရေရှိတဲ့ ပင်လယ်ဓားပြတစ်ယောက်ပါကွာ.."

Charles က ရင်ကော့ပြီး ဂုဏ်ယူစွာပြောလိုက်တယ်။

"ဘယ်သူက ခင်ဗျားရဲ့ချစ်သူလဲ.."

စကားလုံးလေးနဲ့ ကောင်းပြနေတဲ့လူကို Tang Feng အားမနာတမ်းပဲ မေးလိုက်တယ်။

"ဘေဘီ.. မင်းရှက်နေတဲ့အချိန်ကို ကိုယ်အရမ်းသဘောကျတာပဲ.."

Charles ရဲ့မျက်လုံးတွေ တဖျပ်ဖျပ်လက်လာပြီး ပြောလိုက်တယ်။

"ကျွန်တော်က ဘာကြောင့်ရှက်ရမှာလဲ.."

Tang Feng က အမြန်ပြောလိုက်ပေမယ့် Charles ရဲ့ပွေ့ချီခေါ်သွားတာ ခံလိုက်ရတော့တယ်။

"Charles.. ခင်ဗျား ကျွန်တော့်ကို တွေ့ချင်ရုံနဲ့တော့ ကျွန်တော့်ကို ဆေးခတ်ပြီး မပြောမဆို ခေါ်လာစရာမလိုပါဘူး.. ကျွန်တော် ရုတ်တရက်ပျောက်သွားတော့ Lu Tian Chen စိတ်ပူနေမှာပေါ့ဗျာ.."

Charles ရဲ့အခြေအနေကိုတွေးပြီး ခုလို သူ့ကို ထူးထူးဆန်းဆန်းနည်းနဲ့ ခေါ်လာတာကို နားလည်ပေးနိုင်ပေမယ့် ခုလို သူ့သူငယ်ချင်း Lu Tian Chen ကို ပါးရိုက်သလိုမျိုး လုပ်စရာမလိုဘူးလို့ Tang Feng ထင်တယ်။

Tang Feng က မသေချာပေမယ့် Charles နဲ့ Lu Tian Chen ကြားက ဆက်ဆံရေးက တမျိုးပဲလို့တော့ ခံစားမိတယ်။

"မင်းကိုခေါ်သွားတာ ကိုယ်ဆိုတာ သူသိနိုင်တာပဲလေ.. မင်းက ကိုယ့်ဘေးမှာ လုံလုံခြုံခြုံရှိနေတာပဲ.. သူ ဘာစိုးရိမ်စရာလိုလို့လဲ.."

Charles က သူလုပ်ခဲ့တဲ့အမှားအတွက် နည်းနည်းလေးမှ မခံစားမိဘူး။ ကံဆိုးစွာနဲ့ Charles ရဲ့စကားဆုံးတော့ မိုက်ကြီးက ပြေးဝင်လာပြီး ပြောလိုက်တယ်။

"အိုး.. သူဌေးရဲ့အင်္ဂလိပ်ဧည့်သည်.. ဘော့စ် ထွက်တွေ့မလား ပြေးတွေ့မလား.."
ထွက်တွေ့တာနဲ့ ပြေးတွေ့တာ ဘာကွာခြားလို့လဲ..။

"အချစ်တုံးဝက်ဝံကြီး.. ကျွန်တော် ခင်ဗျားဘေးမှာ လုံလုံခြုံခြုံ ရှိနေပါတယ်.."

Tang Feng က သူ့ဘေးကနေ ငေါ့လိုက်တယ်။

ပထမဆုံးနေ့မှာတင် သူတို့က ထွက်ပြေးရမှာလား။ သင်္ဘောပေါ်မှာဆိုတော့ ပင်လယ်ထဲ ခုန်ချပြေးရုံပဲ ရှိတော့တယ်။

"မင်း ဘာတွေပြောနေတာလဲ.. ဘာကြောင့်ပြေးရမှာလဲ.. ဘယ်မှမပြေးဘူး.. သူကသာ အထဲကိုဝင်ပြီး လာတွေ့လိမ့်မယ်.."

Charles က ကော်ဖီခွက်နဲ့ အမွှာနှစ်ယောက်ကိုပေါက်လိုက်ပြီး ပြောလိုက်တယ်။

"သူက ဘယ်သူလဲ.."

Tang Feng စိတ်ရှုပ်ထွေးစွာ တွေးလိုက်တယ်။ မကြာခင် သူသိချင်တာသိလာရတယ်။ အမွှာနှစ်ယောက်က ကော်ဖီခွက်နဲ့ပေါက်ခံရပေမယ့် အမူအယာတစ်စက်မှမပျက်ဘူး။ ကြည့်ရတာ Charles ဒီလိုမျိုးဆက်ဆံတာကို ကျင့်သားရနေပုံပဲ။ Tang Feng က သူတို့မျက်ဝန်းအကြည့်ရောက်ရာကို လိုက်ကြည့်လိုက်တော့ အသက် 27 နှစ်အရွယ် ဝတ်ကောင်းစားလှဝတ်ထားတဲ့ လူတစ်ယောက် အောက်ထပ်မှာရပ်ပြီး လက်ထောက်နှစ်ယောက်နဲ့ ရပ်ရင်း အပေါ်ထပ်ဝရံတာကို လှမ်းကြည့်နေတာ တွေ့လိုက်ရတယ်။

အခုချိန်မှတော့ မြစ်ဝါမြစ်ထဲ ခုန်ဆင်းလိုက်ရင်တောင် သူပြောခဲ့တာကို ပြန်ချေဖျက်လို့မရတော့ဘူး။ Tang Feng က တိတ်ဆိတ်စွာမေးလိုက်တယ်။

"Charles.. ရဲအရာရှိ Ivan က ခင်ဗျားကိုလိုက်နေတဲ့ အင်္ဂလိပ်အလှလေးလား.."

သင်္ဘောပေါ်နေတဲ့လူက Charles နောက်ကိုလိုက်နေတဲ့ Interpo က ရဲအရာရှိ Ivan ဖြစ်နေပြီး Charles နဲ့ပတ်သက်ပြီး Tang Feng ကို ခေါ်စစ်ဖူးတဲ့သူ ဖြစ်နေတယ်။

"အချစ်လေး Tang.. ကိုယ့်ရဲ့ချစ်သူက မင်းတစ်ယောက်ပါပဲ.."

"နေဦး သည်းလေး.. မင်း ကိုယ့်ကို သဝန်တိုပြီး မေးနေတာလား.."

Charles က Tang Feng ကို ပျော်ရွှင်စွာမေးလိုက်တယ်။ အောက်ထပ်က အရာရှိ Ivan က Tang Feng ကို စိုက်ကြည့်နေတယ်။ ခုအခြေအနေအရ သူမသိလိုက်ခင်မှာ ပြဿနာတစ်ခုထဲ အလိုလိုပါနေမိပြီလို့ Tang Feng သိလိုက်တယ်။
=============

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now