Chapter (17) - ရွေးချယ်ခြင်း - 1

5.1K 749 33
                                    

Volume – 3
Chapter (17) – ရွေးချယ်ခြင်း - 1

Ivan သည် Charles ကို အရူးလုပ်နိုင်ခဲ့ပေမယ့် Albert လှည့်စားတာကို ထပ်ပြီးခံခဲ့ရသည်။ နောက်ဆုံး Albert သာ သင်္ဘောကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ ဒီလိုမျိုး Charles ကို သစ္စာဖောက်တဲ့အတွက် သူ့မှာ အဓိကအားနည်းချက် ဖြစ်ခဲ့တာလား။

Tang Feng ဆီမှာ အဖြေရှိပြီးသားဆိုပေမယ့် သူအတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်သေးသည်။ မိုးနတ်မင်းက သူ့ကိုထပ်ပေးလိုက်တဲ့ အသက်တစ်ချောင်းကို လောင်းကြေးထပ်ကြည့်ရုံပေါ့။ တကယ်လို့ အောင်မြင်သွားရင်လည်း တစ်ဘဝလုံး ကောင်းကောင်းရှင်သန်သွားပါ့မယ်။

ရုတ်တရက် Tang Feng ကရှေ့တစ်လှမ်းတိုးပြီး Ivan ရဲ့လက်ထဲကသေနတ်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"ကျွန်တော့်ကို ဒီဟာပေးပါ.."

Ablert က မတားဆီးဘဲ Tang Feng လုပ်တာတွေကို စောင့်ကြည့်နေတယ်။ ဖြစ်လာမယ့်ရလဒ်ထက် ဒီလူရဲ့လှုပ်ရှားမှုက စိတ်ဝင်စားဖို့ကောင်းနေတယ်။ သူက Charles အပေါ် Ivan ထားရှိတဲ့ ရှုပ်ထွေးတဲ့ခံစားချက်ကို ကြည့်ရတာ သဘောကျတယ်။ Albert က ရဲရင့်ပြီး ဥာဏ်ကောင်းသူများကို နှစ်သက်သလို လူတွေရဲ့ခါးသီးမှုကိုကြည့်ပြီးလည်း ပျော်ရွှင်တယ်။

Albert က ဘယ်လိုလူလဲဆိုတာ Tang Feng သိထားပြီးဖြစ်သည်။ သူက သူ့စည်းမျဉ်းတွေကို လွယ်လွယ်မချိုးဖျက်တတ်သူဖြစ်သည်။ ဒီအချက်ပေါ်ကို သူ အမြတ်ထုတ်ချင်သည်။

"မင်း.."

Ivan က သေနတ်ကို လွှတ်မပေးလိုက်ဘူး။ Tang Feng ဘာလုပ်ချင်တယ်ဆိုတာ သူသေချာမသိဘူး။ ပြီးတော့ သူက အမှောင်နတ်ဘုရား Albert ကို သစ္စာမဖောက်ဝံ့ဘူး။

"ကျွန်တော့်ကိုပေးပါ.."

Tang Feng က သေနတ်ကိုဆွဲယူလိုက်သည်။ ခိုင်မာတည်ကြည်သော စကားသံကြောင့် Ivan က သူ့လက်ထဲကနေ Tang Feng သေနတ်ဆွဲယူသွားတာကို ကြည့်နေမိသည်။ ရဲတစ်ယောက်လက်ထဲက သေနတ်ဆွဲယူခံရတာလေ။ ပြန်တွေးကြည့်ရင် ရဲတစ်ယောက်အနေနဲ့ ရှက်စရာကောင်းပေမယ့် Ivan ဒီအချိန် ဘာကိုမှမတွေးလိုက်မိပေ။

"Baby.."

Charles က Tang Feng ဘာလုပ်ချင်သလဲဆိုတာ ရိပ်မိသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော် ဒီဟာကိုသုံးမယ်.."

Tang Feng က စားပွဲကိုမှီပြီး သေနတ်ကိုဆုပ်ကိုင်ထားသည်။ သူက သေနတ်အစစ်ကို ပထမဆုံးကိုင်တွယ်ဖူးတာဖြစ်ပေမယ့် ရုပ်ရှင်ရိုက်တဲ့အခါလည်း ဒီလိုပုံစံတူသေနတ်မျိုးကို သူကိုင်ဖူးတာကြောင့် ဒါလည်း သုံးရတာ အတူတူဖြစ်ပါလိမ့်မည်။

"ခင်ဗျား ဒီကနေထွက်သွားနိုင်လား.. အချိန်ဘယ်လောက်ကြာမလဲ.."

Tang Feng က Albert ရှေ့မှာ ဗြောင်ပဲ Charles ကိုမေးလိုက်သည်။

ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ Ivan မတွေးနိုင်တော့ပေမယ့် Charles က လေးလေးနက်နက် ဖြေလိုက်သည်။

"ငါ့ကို အချိန်နာရီဝက်ပေးပါ.."

"သူတို့ကို သွားခွင့်ပေးလိုက်ပါ.."

Tang Feng က သေနတ်ကိုမြှောက်လိုက်ပြီး Albert နဲ့ အခြားဘယ်သူ့ကိုမှ မချိန်ဘဲ သူ့ကိုယ်သူပြန်ချိန်လိုက်သည်။

ဒီဟာက လောင်းကစားပွဲတစ်ခု ဖြစ်ချင်ဖြစ်မည်။ သူကတော့ ဘယ်တော့မှ ရန်သူတွေအနိုင်ယူဖို့ ဝှက်ဖဲတစ်ခုမဟုတ်ဘူး။

"မင်း.."

Ivan က Tang Feng လုပ်ရပ်ကို အံ့အားသင့်သွားပေမယ့် ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ နားမလည်ပေ။

Ivan ရဲ့မျက်လုံးထဲမှာ ခွေးမသာသာလောက်မြင်ထားတဲ့ Tang Feng က သူ့ရင်ဘတ်သူ သေနတ်နဲ့ထောက်ပြီး Albert ကို ခြိမ်းခြောက်နေခဲ့သည်။ ဒီဟာက ရယ်စရာတစ်ခုလို့ Ivan ခံစားလိုက်ရသည်။ Tang Feng က သူတို့နဲ့ပူးပေါင်းခဲ့တဲ့လူ မဟုတ်တာကြောင့် Albert က သူတို့ကို Tang Feng ကြောင့် သွားခွင့်ပေးမှာမဟုတ်ပေ။

ဒီလူက Albert ဆီကဆုံးဖြတ်ချက်ကို စောင့်လို့နေသည်။

Tang Feng က Charles ကိုရော သူ့ရှေ့က Ivan ကိုရော မကြည့်ပေ။ သူက ပြုံးရင်း Albert ကို လှမ်းပြောလိုက်သည်။

"ကျွန်တော်က တိကျပြီး အမှားမခံတဲ့လူမျိုးဗျ.. Charles တို့ကို အနည်းဆုံး ဆုတ်ခွာဖို့ နာရီဝက်အချိန်ပေးပါ.."

"မဟုတ်ရင် မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မလို့လား.."

Albert က အခုထိ မျက်နှာပေါ်မှာ အပြုံးမျက်နှာချိတ်ဆွဲထားပြီး Tang Feng ကို စိတ်ဝင်စားစွာကြည့်ရင်း မေးလိုက်သည်။

"ဒါဆိုလည်း မင်းစိတ်ချမ်းသာသလို သတ်သေပေတော့.."

Tang Feng က Charles တို့လွတ်ဖို့ အချိန်ဆွဲဖို့ကြိုးစားနေပေမယ့် သူ့အချိန်ကို တစ်ဖက်လူကလာပြီး ဖင့်နွဲ့အောင်လုပ်တာကို မလိုလားပေ။

နောက်ထပ် Albert ဘာလုပ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ Tang Feng က သေနတ်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကိုဝင်ဖမ်းဖို့ကြိုးစားရင် သူ့ကိုယ်သူနဲ့ တစ်ဖက်လူကိုပစ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

တကယ်လို့ Charles တို့ထွက်မသွားနိုင်ခင် သူသေရမယ်ဆိုရင် သူနဲ့အတူတူ ဒီအခန်းထဲကလူတွေကိုပါ တစ်ပါတည်းခေါ်သွားရမည်။ ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားလေ သူ့ခေါင်းက ပိုပြီး ကြည်လင်လေဖြစ်သည်။

"Albert.. တကယ်လို့ ခင်ဗျား သူတို့ကို လွှတ်ပေးတယ်ဆိုရင်တောင် Interpol နိုင်ငံတကာရဲကို ဒီလိုမလုပ်ခိုင်းသင့်ဘူး.. ကျွန်တော်တို့က ခုထိ မဟာမိတ်တွေဖြစ်နေဆဲပဲ.."

Ivan က Albert ရဲ့စိတ်ကို ပြောင်းလဲဖို့ ကြိုးစားနေသည်။ ဒီလိုတွေဖြစ်သွားတာက Charles ပြောတဲ့စကားတွေကြောင့်လား၊ Albert ကိုယ်တိုင်က ဘက်ပြောင်းချင်လို့လား ဆိုတာတော့ Ivan လည်းမသိတော့ပေ။

"ဟမ်.."

Charles က စကားမပြောချင်သည့်ပုံပေါ်နေပြီး Ivan ဒီလိုပြောလို့လည်း သူ ဘယ်လိုမှမခံစားရပေ။

အခုထိ Ivan က Albert ပေါ်ကို မျှော်လင့်ချက်ထားနေတုန်းပဲလား။ Albert က အရုံးမပေးချင်တာကြောင့်ရော သူ့ဘာသာ ဆုံးဖြတ်ချက် မချချင်တာရောကြောင့် အခြေအနေက ပိုဆိုးသွားတာလည်းဖြစ်နိုင်သည်။ မာနကြီးပြီး ဆုံးရှုံးမှာကြောက်တဲ့လူတိုင်းက ဒီလိုပြဿနာမျိုး ကြုံရတာပဲ မဟုတ်လား။

"မင်း လှုပ်ရှားမလား.. နာရီဝက်စောင့်မလားဆိုတာ မင်းဘာသာရွေးလို့ရပါတယ်.."

Albert က Ivan ကိုတစ်ချက်ကြည့်ပြီး Tang Feng ကိုရည်ညွှန်းပြီး ပြောလိုက်သည်။

ဒီစကားကိုကြားတော့ Albert က သူ့စကားကို သဘောတူလိုက်ပြီဆိုတာ သိလိုက်သည်။ ဒါက အောင်မြင်မှုတစ်ဝက်ပဲရှိသေးသည်။ Charles က သူတို့အားလုံးထွက်မသွားခင် အတော်လေးကို မပျော်မရွှင်ဖြစ်နေခဲ့သည်။

"နောက်ဆုံးတော့ ကိုယ်က Baby ကယ်တင်တာ ခံလိုက်ရတာပဲ.."

Charles က Tang Feng ကို လေးနက်စွာစိုက်ကြည့်ပြီး မိုက်ခ်ညီနောင်ကိုခေါ်ကာ လှည့်ထွက်သွားတော့သည်။

Albert ရဲ့အမိန့်ကိုရသောကြောင့် အစောင့်အားလုံး Charles တို့ကို ထွက်ပေါက်လမ်း ဖွင့်ပေးလိုက်သည်။
Albert က အိတ်ဆောင်နာရီကို ထုတ်ကြည့်ပြီး ပြောလိုက်သည်။

"နာရီဝက်.."

"မင်းကိုယ့်နားကို လာမထိုင်ချင်ဘူးလား.."

Ivan ကပြောလိုက်သည်။

"ကျွန်တော်တကယ်စိတ်မကောင်းပါဘူး.. ကျွန်တော်က ခင်ဗျားနဲ့မခင်ဘူး.. အထူးသဖြင့် ကျွန်တော့်ကို ဝှက်ဖဲလိုသဘောထားပြီး ရောင်းစားဖို့ကြံတဲ့လူမျိုးကို မတွေ့ချင်ဘူး.. Ivan.. ခင်ဗျား ဒီမှာရပ်နေလည်း အလကားပဲ.. ပြန်သွားပြီး ခင်ဗျားရဲ့အလုပ်ကိုသာ ပြန်လုပ်လိုက်ပေတော့.."

Tang Feng က သူ့ဘေးက Ivan ကိုကြည့်ပြီး ပြောလိုက်သည်။ အခုတော့ သူက Ivan လက်ထဲမှာမဟုတ်တော့လို့ Ivan က သူ့ကို စိတ်ဆိုးဒေါသထွက်လည်း ဘာမှလုပ်လို့မရတော့ဘူး။

"Charles ကိုယ်လွတ်ရုန်းသွားတာကြောင့် မင်း စိတ်ဆိုးနေတာလား.."

Ivan က ထွက်မသွားခင် Tang Feng ကို မေးလိုက်သည်။ Ivan ရဲ့စကားက Tang Feng အတွက် ဟာသတစ်ပုဒ်ဖြစ်သွားသည်။

"Charles လွတ်အောင် စီစဉ်လိုက်ကတည်းက သူထွက်သွားတာ အကောင်းဆုံးပဲလေ.. လူနှစ်ယောက်သေသွားတာထက် တစ်ယောက်အသက်ရှင်သွားတယ်ဆိုတာ ပိုကောင်းတာပဲမလား.. ကျွန်တော်က ဒီကိစ္စကို ဘာကြောင့်စိတ်ဆိုးရမှာလဲ.. အသက်ရှင်တယ်ဆိုတာ ဘယ်အရာထက်မဆို ပိုကောင်းတဲ့အရာပါပဲ.."

တကယ်လို့ မင်း သေဖူးသွားမှ ဒီတန်ဖိုးကိုသိလိမ့်မယ်။ သေသွားရင် ဘာမှလုပ်လို့မရတော့ဘူး။ ဘဝဆိုတာ မျှော်လင့်ချက်နဲ့ ရှင်သန်နေရတာ။ သေသွားရင် ဘာမှမျှော်လင့်လို့မရတော့ဘူး။

Tang Feng ဆိုလိုတဲ့သဘောကို Charles က ကောင်းကောင်းနားလည်လိုက်တယ်။ သူနဲ့ Tang Feng ကြား စကားအများကြီးနဲ့ ဖွင့်ပြောစရာမလိုဘူး။ ဒါကြောင့် ချစ်စကားကြိုက်စကား တဖွဖွပြောနေတဲ့ Charles က အခွင့်အရေးရတော့ ချက်ချင်း သူ့စကားကိုလျစ်လျူရှုပြီး လှည့်ထွက်သွားခဲ့တာဖြစ်တယ်။

Charles က သူ့အပေါ် ကျေးဇူးကြွေးတင်သွားတာ တကယ်ကောင်းတဲ့ကိစ္စပဲ။ သူ့ဘက်က ပြန်ပေးဆပ်ဖို့က ဘယ်လောက်ကြာမလဲ။ တချို့လူတွေက တစ်ဘဝလောက်ကြာသွားနိုင်တယ်။

"သေနတ်ချထားပါ.. မင်း သေနတ်ကိုင်တာမြင်ရရင် ကိုယ် နှလုံးခုန်မြန်လာပြီး စိတ်လှုပ်ရှားလာတတ်တယ်.. ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး.. လာ.. ကိုယ်နဲ့လာထိုင်ပြီး သောက်ရင်း နာရီဝက်လောက် စကားစမြည်ပြောရအောင်.."

Albert က အမြဲတမ်း ချိုသာနူးညံ့ပြီး ခပ်တိုးတိုးပြောနေတယ်။ ကြည့်ရတာ သူ့ကြောင့် Tang Feng လန့်သွားမှာကို ကြောက်တဲ့ပုံပဲ။

Tang Feng က သူ့လက်ထဲကသေနတ်ကို ချလိုက်ပြီး Albert ဘေးမှာ ချက်ချင်းဝင်ထိုင်လိုက်တယ်။ သေနတ်ကို ဆိုဖာဘေးမှာ ချထားလိုက်တယ်။ သေနတ်ဆုပ်ကိုင်ထားတဲ့ ခံစားချက်ကို သူတကယ်မကြိုက်ဘူး။ သူ့နှလုံးသားက ခုန်ပေါက်ပြီး ပါးစပ်ဖျားကို ရောက်လာတော့မလိုပဲ။

"မင်း.. ငါ့ကို တကယ်.. တကယ်အလေးထားတာပဲ.."

Albert ရဲ့နှုတ်ခမ်းတွေက အထက်ကိုကော့တက်ပြီး မထိန်းနိုင်ဘဲ ပြုံးလိုက်တယ်။

Albert က Ivan နဲ့ပူးပေါင်းလိုက်တယ်ဆိုပေမယ့် Tang Feng သူ့စကားကို ယုံကြည်ဆဲပဲ။ သူက Albert နဲ့ ပထမဆုံးစတွေ့ကတည်းက ဒီလူရဲ့စိတ်နေစိတ်ထားကို သိခဲ့ပြီးဖြစ်တယ်။

Esmeral Aerida လား..။ ကောင်းပြီ..။

တကယ်လို့ မင်းက တကယ်ပဲ Albert မျက်လုံးထဲမှာ Esmeralda ဖြစ်နေခဲ့မယ်ဆိုရင် ဒီလူက ခေါင်းလောင်းထိုးသမားဟုတ်မဟုတ် မသေချာတဲ့လူကို သူ့ကိုယ်သူလှည့်စားဖို့တော့ မရွေးချယ်လောက်ပါဘူး။

(Esmeralda – 1831 ခုနှစ်၊ Victor Hugo ရဲ့နာမည်ကြီး (    နော်တင်ဒမ်မှ ခါးကုန်းကြီး) ဇာတ်လမ်းထဲမှ ချောမောလှပပြီး လူကြိုက်များတဲ့ ရိုမန်မိန်းမချောလေး)

တကယ်လို့ Albert က သူ့ကို တကယ်ဒီလိုထင်တယ်ဆိုရင် သူလိုချင်တာ ရအောင်ယူမှာသေချာတယ်။ Albert က ဇွဲရှိပြီး သူလိုချင်တာကို စိတ်ရှည်လက်ရှည် စောင့်တတ်တဲ့သူဖြစ်တယ်။ တချို့လူတွေက ဆိုးသွမ်းတယ်ဆိုပေမယ့်လည်း ဒါက သူတို့ကို သာမန်လူနဲ့မတူစေတဲ့ အချက်ပဲဖြစ်တယ်။

အားလုံးကိုခြုံပြောရမယ်ဆိုရင် သူတို့အားလုံးက မာန်မာနကြီးတဲ့ ယောက်ျားတွေဖြစ်ကြတယ်။ Tang Feng ရဲ့လုပ်ဆောင်ချက်တွေက သတ္တိရှိလေ Albert က သူ့ကို ပိုတန်ဖိုးထားလေဖြစ်မယ်။ ဒါမှ တစ်ဖက်ကနေ သူ့ကတိကို တန်ဖိုးထားပြီး စောင့်ထိန်းမှာဖြစ်တယ်။

Charles မှာ ထွက်ပြေးဖို့ အချိန်နာရီဝက်ရသည်။ ဒီကြားထဲ ဘာတွေဖြစ်မလဲဆိုတာ Tang Feng စိတ်မပူဘူး။ ဘာကြောင့်လဲဆိုတော့ Albert သာ သူ့စကားကိုဖျက်ပြီး လိုက်ဖမ်းခိုင်းလိုက်ရင် သူပြောပြီးသားစကား ပြန်ဖျက်သူ၊ သူ့ကိုယ်သူ တန်ဖိုးမထားသူ ဖြစ်သွားလိမ့်မယ်။

ဒီလိုကိစ္စမျိုးကို Albert ဘယ်တော့မှလုပ်မှာမဟုတ်ပေ။ ဘာကြောင့်လဲဆိုတော့ Albert က သူ့ကိုယ်သူ တန်ဖိုးထားမှုမှာ အရိုးစွဲနေသူဖြစ်သောကြောင့်ပင်။

"ခင်ဗျား ဘာကြောင့် Ivan နဲ့ဆက်ဆံရေးကို ဖျက်ပစ်ရတာလဲ.. တကယ်လို့ ခင်ဗျားရဲ့ ရည်မှန်းချက်ပန်းတိုင်က ကျွန်တော်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော်က ဒီသင်္ဘောပေါ်မှာ ရှိနေပြီပဲ.. ဘာကြောင့် Interpol နဲ့ သွားရှုပ်ရတာလဲ.. သူတို့ ခင်ဗျားကို မုန်းသွားလိမ့်မယ်.."

Tang Feng က Albert ဘေးမှာထိုင်ရင်း ပြောလိုက်သည်။

Albert က လက်ထဲမှာ ဝိုင်နှစ်ခွက်ကိုင်ထားပြီး သူ့ကို တစ်ခွက်ကမ်းပေးလိုက်သည်။ အခန်းထဲမှာ ရှင်းလင်းထားပြီးတော့ အခြေအနေက ပုံမှန်လိုပင်။ ဘာမှမဖြစ်ခဲ့သည့်အလား အဖြစ်အပျက်အားလုံးက ရုပ်ရှင်တစ်ကားကို ကြည့်နေရသည်ဟုပင် ထင်မိသည်။

"တကယ်ပဲ.. Charles က မှန်တယ်ပေါ့.. ဟင်.."

Albert က ပယင်းရောင်အရက်ကို ညင်သာစွာလှုပ်ရင်း ခန့်ညားစွာပြောလိုက်သည်။

"တရားမျှတမှုလို့ခေါ်တဲ့ဟာက ငါ့ကို တကယ်အန်အောင်လုပ်နေတယ်.."

Albert က Interpol ကို တစ်စက်မှမကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အဖွဲ့အစည်းက နိုင်ငံတကာရဲတပ်ဖွဲ့က အလိုရှိဆုံး ထိပ်သီးလုပ်ငန်း၃ခုထဲမှာ အမြဲပါနေလို့ပဲဖြစ်တယ်။

တကယ်လို့ သူတို့က Ivan နဲ့သာပူးပေါင်းလိုက်မယ်ဆိုရင် သူတို့က Albert ရဲ့သဘောကျမှုကို ဆုံးရှုံးသွားရမှာဖြစ်တယ်။

ဒါကြောင့် Albert ကိုဖမ်းဆီးဖို့ Ivan ကို ဘယ်သူမှမကူညီဝံ့ဘူး။ ဒီအချက်ကြောင့် Interpol ကို Albert က လုံးလုံးဂရုမစိုက်ရခြင်းဖြစ်တယ်။
=====================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now