အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။

5.2K 935 17
                                    

Unicode

အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။

[ဟေး စာရေးဆရာရေ.. မင်း လှည့်စားနေတာကို ရပ်နိုင်မလား!?]

ဖူလင်းယွင်သည် သူမ၏ ပါးစပ်၊နားနှင့် နှာခေါင်းတို့မှ အခိုးအငွေ့များထွက်လာတော့မည်ဟု ထင်ရသည်အထိ ဒေါသထောင်းထောင်း ထွက်နေလေသည်။ သူမသည် ထိုဒေါင်းနှင့်တူ‌သောလူနောက် အခုချက်ချင်း လိုက်ဖမ်းပြီး မြေပြင်ပေါ်လဲသည့်အထိ ထုရိုက်ရန် လက်တွေယားနေပြီ ဖြစ်သည်။

မကြာသေးမီက အကဲဖြတ်ခံပြီး ရောက်ရှိလာသော ရွှီယွင်ကျန်းသည် သူမ၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချကာ ဆို၏။

"စိတ်မလောပါနဲ့.. မင်း အခု သူ့ကို လိုက်ဖမ်းရင် ငါတို့ မင်းကို ပူးပေါင်းပြီ ကာကွယ်ရလိမ့်မယ်။ ငါတို့ ရုန်းရင်းဆန်ခတ် ဖြစ်အောင်လုပ်ရင် ကျောက်စိမ်းအိမ်တော်က ဖေးတိကို ရွေးချယ်မှုမှာ ပါဝင်ဖို့အတွက် အရည်အချင်းမပြည့်မှီဘူးဆိုပြီး ထုတ်ပယ်လိုက်လိမ့်မယ်။ ဒါဆို မိစ္ဆာဂိုဏ်းရဲ့ အန္တရာယ်ကနေ သူ ဘယ်လိုလွတ်မြောက်နိုင်မလဲ။ စုယန်က ကျောက်စိမ်းအိမ်တော်ထဲ ဝင်သွားပြီဆိုပေမယ့် သူ့ရဲ့ပန်းလက်ထောက်က ‌တောင်တံခါးအပြင်မှာ စောင့်နေတုန်းပဲ"

ထိုစကားကိုကြားသောအခါ ဖူလင်းယွင် ငြိမ်သက် သွားတော့သည်။ သူမသည် နှုတ်ခမ်းဆူကာ သူမ၏ ခြေထောက်ရှေ့ရှိ ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်လိုက်၏။

"ကောင်းပြီ! ရှောင်ရှစ်ရှုံး ရွေးချယ်ခံရမှု မပြီးမချင်း ငါ သည်းခံပါ့မယ်"

ကုဖေးတိသည် ဘာမှပြန်မပြောဘဲ သူ၏ အကြည့်များသည် တောင်တက်လှေကားမှ အဝေးသို့ တဖြည်းဖြည်း ရောက်သွားသော အရိပ်နှစ်ခုဆီသို့ ရောက်သွားခဲ့သည်။ သူ့မျက်လုံးများတွင် ဒေါသ အမုန်းတရားများမရှိခဲ့ပေ။ ထိုအစား ရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်ခြင်းနှင့် ပြတ်သားသော ဆုံးဖြတ်ချက်တို့သာ ပြည့်နေခဲ့သည်။

ရွှီယွင်ကျန်းသည် ကုဖေးတိထက် နှစ်နှစ်ပိုကြီးသည်။ ကုဖေးတိ၏ ပြိုင်ဆိုင်လိုသောစိတ်ဓာတ် နိုးကြားလာသည်ကို တွေ့တော့ ရွှီယွင်ကျန်းသည် သူ၏ပုခုံးကိုပုတ်ကာ တိုက်တွန်းလိုက်၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now