အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။

1.6K 282 5
                                    

Unicode

အခန်း-၉၆ ကျိုန့်ရေကန်ဘေးမှ အတိတ်ဟောင်း

[တကယ်တော့ သူက သနားစရာကောင်းတဲ့ ကလေးတစ်ယောက်ပါ]

နောက်တစ်နေ့အရုဏ်မတက်မီတွင် ကုဖေးတိသည် အိပ်ရာမှ နိုးလာခဲ့သည်။

၎င်းတို့အဖွဲ့သည် မြင်းများပေါ် အသီးသီးတက်ကာ ခရီးစရန် ပြင်လိုက်လေသည်။

ချင်ကျန်းယွဲ့နှင့် ချီထုန်းတို့သည် စစ်အင်အားတောင်းခံရန် မြို့တော်ရှိရာ အရှေ့တောင်ဘက်သို့ ဦးတည်ခဲ့ကြသည်။ လော့ယွီ၊‌ လော့ယင်၊ ကုဖေးတိနှင့် စုယန်တို့ကမူ မြေရိုင်းလွင်ပြင် တည်ရှိရာ အနောက်မြောက်ဘက်သို့ ဦးတည်ခဲ့ကြလေ၏။

၎င်းတို့အုပ်စုသည် စကားအနည်းငယ်သာ ပြောခဲ့ပြီး တည်းခိုခန်းရှေ့၌ပင် လမ်းခွဲခဲ့ကြလေသည်။

ကုဖေးတိနှင့် စုယန်တို့သည် လော့ယွီနှင့် လော့ယင်တို့ နောက်မှ နီးနီးကပ်ကပ်လိုက်ရန် အဆင်မပြေသောကြောင့် တခြားဝေးကွာသော လျှို့ဝှက်လမ်း တစ်ခုကို ရွေးချယ်ခဲ့ကြလေသည်။

....

နောက်နှစ်ရက်နေ၀င်ရီတရောအချိန်၌ ကုဖေးတိနှင့် စုယန်သည် လမ်းဆိုင်းဘုတ်တစ်ခုတွင် လော့ယွီ ချန်ထားခဲ့သည့် လျှို့ဝှက်အချက်ပြမှုတစ်ခုကို တွေ့ရှိခဲ့လေသည်။

လော့ယွီနှင့် လော့ယင်တို့သည် ချန်ဖုန်းရွာ၏ ကင်းထောက်များနှင့် တွေ့ဆုံခဲ့ကြပြီး မကြာမီတွင် ဆည်မြောင်းနံရံဘေး၌ တပ်စွဲထားသည့် အလယ်ပိုင်း လွင်ပြင် သိုင်းပညာတပ်ဖွဲ့များနှင့် တွေ့ဆုံနိုင်တော့မည် ဖြစ်သည်။

ဤနေရာသည် ကျယ်ပြောလှသော မြေပြန့်ကြီးဖြစ်ပြီး နေရာတိုင်းတွင် အမိုးအကာအဖြစ် အသုံးပြုနိုင်သည့် ကျောက်တုံးကြီးများ ရှိမနေပါ။ ကုဖေးတိနှင့် စုယန်တို့သည် ဝေးကွာသော ကုန်းစောင်းတစ်ခု၏ နောက်ကွယ်၌သာ နေရပြီး သူတို့မြင်နိုင်သည့်အရာမှာ စခန်းမှ ကောင်းကင်ယံသို့ ထိုးတက်နေသည့် မီးခိုးငွေ့များပင်။

ရုတ်တရက်ဆိုသလို အနက်ရောင်အရိပ်သေးသေးလေးတစ်ခုသည် ကောင်းကင်ပေါ်သို့ တဖျပ်ဖျပ် ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နေရောင်၏ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်၌ ပျောက်ကွယ်သွားလေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now