အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။

1.2K 204 2
                                    

Unicode

အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။

[ကျွန်တော်က မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ပဲ!]

ကောင်းကင်၌ ထွန်းလင်းတောက်ပနေသော လမင်းကြီးနှင့် ကြယ်ကလေးများကြောင့် ညကောင်းကင်ယံမှာ မှောင်မိုက်နေခြင်းမရှိချေ။

မိစ္ဆာဂိုဏ်း၏ ဌာနချုပ်ရှိ ကြိုးတံတားတစ်လျှောက်တွင် မီးပုံးများစွာ ထွန်းညှိထားလေပြီး ကြယ်ရောင်၊လရောင်နှင့် မီးရောင်တို့က ရေကန်၏မျက်နှာပြင်၌ ရောင်ပြန်ဟပ်လျက်၊ မြင်ရသူတို့အား လှပသော နဂါးငွေ့တန်းဂလက်ဆီက ကမ္ဘာမြေပေါ်သို့ ပြုတ်ကျလာသည်ဟု ထင်မိစေသည်။

သို့သော်ငြား ယခုအချိန်အခါတွင် ဤကမ္ဘာကြီး၏ ရှားပါးလှပသောရှုခင်းကို သဘောကျစာဖွဲ့နေမည့်သူ ဟူ၍မရှိ၊ စစ်ပွဲကြီးဖြစ်ရန်သာ တာဆူနေပေ၏။

ကုဖေးတိနှင့် စုယန်တို့ မိစ္ဆာဂိုဏ်း၏ဌာနချုပ်၏ ချောက်ကမ်းပါးအစွန်းသို့ ရောက်သောအခါ ထန်းယွင်စံအိမ်မှလူများနှင့် မိစ္ဆာဂိုဏ်းမှလူများ စတင်တိုက်ခိုက်နေပြီဖြစ်သည်။ စုယန် အဝေးမှ စူးစမ်းလေ့လာချက်အရ တိုက်ပွဲသည် ထင်ထားသလောက် မကြီးမားပေ။ ဇီးခန်းမဆောင်သည် ပန်းလက်ထောက် အများအပြား မစေလွှတ်ခဲ့ပုံပေါ်လေသည်။ ရလဒ်အနေဖြင့် ထိုနေရာ၌ တပ်စွဲထားသော ကြာခန်းမဆောင်နှင့် သစ်ခွခန်းမဆောင်မှ ပန်းလက်ထောက်များသည် ကျူးကျော်သူများကို ရင်ဆိုင်ရန် ရှေ့သို့ထွက်လာကြရတော့၏။

ယခင်က ကုဖေးတိသည် မိစ္ဆာဂိုဏ်း၏ ကင်းလှည့်မြေပုံကို မြင်ခဲ့ဖူးပြီး ဇီးခန်းမဆောင်မှ လက်ရွေးစင်တပ်များက ဤနေရာတွင် ခုခံကာကွယ်သင့်သည်ကို အနည်းနှင့်အများ သိရှိခဲ့သည်။ သို့သော်လည်း လက်ရှိတိုက်ပွဲ၏ အခြေအနေအရ ဇီးခန်းမဆောင်မှ စေလွှတ်လိုက်သော ပန်းလက်ထောက်အရေအတွက်မှာ ထက်ဝက်ကျော်ခန့် နည်းပါးနေလေသည်။

ကြာခန်းမဆောင်နှင့် သစ်ခွခန်းမဆောင်မှ အဖွဲ့ဝင်များသည် သိုင်းပညာစွမ်းရည်ရှိကြသော်လည်း စေ့စေ့စပ်စပ်လေ့ကျင့်ထားသော ဇီးခန်းမဆောင်မှ ပန်းလက်ထောက်များနှင့် နှိုင်းယှဉ်၍မရပေ။ အလယ်ပိုင်း လွင်ပြင်မှ သိုင်းပညာရှင်များ၏ ဝိုင်းရံခြင်းကို ခံရသောအခါ သူတို့သည် ခံနိုင်ရည်မရှိဘဲ အသေအပျောက်များစွာ ကြုံတွေ့ရမည်ဖြစ်ပေသည်။ထို့အပြင် ဤခုခံကာကွယ်မှုပုံစံသည် ထိုလူများကို အမြောက်စာများအဖြစ် ရည်ရွယ်ချက်ရှိရှိအသုံးပြုကာ တမင်တကာ ရှေ့တန်းသို့ တွန်းပို့နေပုံရသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now