အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။

1.4K 164 2
                                    

Unicode

အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။

[လောလောဆယ် မင်းမှာ လုပ်စရာတစ်ခုပဲရှိတယ်..]

မြောက်ဘက်ရှိ ရေခဲလွင်ပြင်သည် တစ်နှစ်ပတ်လုံး အေးခဲနေသော်လည်း စိတ်ကူးယ‌ဉ်ဆန်စွာ ပြီးပြည့်စုံသည့် အစိမ်းရောင်မြေပြင်ကြီးတစ်ခု ရှိနေလေသည်။ ယင်းအစိမ်းရောင်မြေ၏ အလယ်တွင် အတော်လေး ကြီးမားကာ ပူနွေးသည့် ရေကန်ကြီးတစ်ခုလည်းရှိပေ၏။

ရေ၏အပူချိန်ကြောင့် ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေသော မြက်ခင်းပြင်များ ပေါက်ရောက်လျက်ရှိသည်။ အဲ့လော့ကွေး၏ တော်ဝင်နန်းတော်သည် ယင်းရေကန်ကြီးဘေးတွင် တည်ရှိလေ၏။

ယခုအချိန်သည် ဝူ*အချိန်ဖြစ်ပြီး ကောင်းကင်သည် ထူးထူးခြားခြား တောက်ပနေကာ နေရောင်ဖျော့ဖျော့သည် အေးခဲသော ရေခဲလွင်ပြင်ကို အနွေးဓာတ် မပေးနိုင်ဘဲ တောင်ပိုင်းကောင်းကင်ယံမှ နိမ့်ဆင်းသွားလေသည်။

(*မနက်၁၁နာရီ မှ နေ့လည်၁နာရီ)

အရပ်ရှည်၍ ပိန်ပါးသော ပုံရိပ်တစ်ခုသည် ပူနွေးသော ရေကန်ဘေးတွင် ငြိမ်သက်စွာ ရပ်နေ၏။ သူသည် အနက်ရောင် မြေခွေးသားမွေး ၀တ်စုံကို ၀တ်ဆင်ထားပြီး နေရာ၌အမြစ်တွယ်နေသည်။ အသက်ရှုလိုက်တိုင်း ထွက်ပေါ်လာသော ဖြူဖွေးသည့် ရေခဲငွေ့များကြောင့်သာ မဟုတ်ပါက အနှီလူမှာ သက်မဲ့ရုပ်တုတစ်ခုသာ ဖြစ်သည်ဟု မြင်သူတိုင်းအား ထင်မှတ်သွားစေနိုင်သည်။

အဲ့လော့ကွေး တော်ဝင်နန်းတွင်းမှ အစောင့်တစ်ဦးသည် ရေကန်ဘေးသို့ သုတ်ခြေတင်ရောက်လာပြီး ထိုလူနောက်တွင် ဒူးထောက်ချလိုက်သည်။

"အရှင်မင်းကြီး၊ ဟေးယွီတပ်က ကင်းထောက်က တောင်ဘက်နယ်စပ်မှ တပ်စွဲထားတဲ့ ကျူးကျော်သူ အရေအတွက် တိုးလာကြောင်း သတင်းပို့လာပါတယ်။ ကြည့်ရတာ ကျွန်တော်မျိုးတို့ရဲ့ အဲ့လော့ကွေး တော်ဝင်နန်းတော်ကို သိမ်းဖို့ ရည်ရွယ်ချက်ရှိပုံပါပဲ"

ရေကန်ဘေးရှိလူက မလှုပ်မယှက် ရှိနေဆဲပင်။

အချိန်အတော်ကြာအောင် စောင့်ပြီးနောက် တော်ဝင်နန်းတွင်းအစောင့်က သည်းမခံနိုင်ဘဲ စိုးရိမ်တကြီး ခေါ်လိုက်လေ၏။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now