189

298 47 0
                                    

Chapter 189: ဝှက်ဖဲ

ထိုရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကျန်းဟန် လက်တုန်သွားသည်။ အမည်းရောင်လေထုမှာ အနည်းငယ် သွေဖယ်သွားဟန်ရှိသည်။ အသံလာရာဘက်သို့ အလျှင်အမြန် လှည့်ကြည့်လိုက်သောအခါ ခန့်ညားသော ယောက်ျားလေးနှစ်ယောက်က သူ့ဆီသို့ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဇူအန် နှင့် မိန်လိ တို့ဖြစ်သည်။

မိန်လိ က ဇူအန့်ကို တအံ့တသြ ကြည့်လိုက်သည်။ ဇူအန်၏ အော်သံသည် သူမကို ရင်တုန်စေခဲ့သည်။ ထိုအခိုက်အတန့် တခဏတွင် သူ့ထံမှ ထွက်ပေါ်လာသော သြဇာသံတွင် ယင်ကျန်း ၏ ဟန်ပန်ပါဝင်နေသည်။ သို့သော်လည်း သူတို့တွေးနေသူမှာ ဇူအန် ဖြစ်နေသောကြောင့် ၎င်းအတွေးကို သူမ စိတ်ထဲမှ အလျှင်အမြန် ပယ်ဖျောက်လိုက်သည်။

ထို့အတူပင် ကျန်းဟန်သည်လည်း တခဏ တွေဝေသွားရသည်။ သို့သော်လည်း ချက်ချင်း ပြန်ထိန်းလိုက်ကာ အေးစက်စွာ ပြက်ရယ်ပြုလိုက်သည်။
“မင်း ထွက်ပြေးသွားပြီလို့ ငါထင်နေတာ။ ဒါပေမယ့် ဒီလို ပြန်လာရတဲ့အထိ မိုက်မဲမယ်လို့ ဘယ်သူထင်ထားမှာလဲ။ အရှင်မင်းကြီး အယောင်ဆောင်တဲ့ ကိစ္စကို မင်းနဲ့ ရှင်းလို့မပြီးသေးဘူး”

သို့သော်လည်း ဇူအန် က အေးစက်စွာ နှာမှုတ်လိုက်သည်။ “အတင့်ရဲလိုက်တာ။ ငါ့ကို ဘယ်လိုတောင် မောက်မောက်မာမာ ပြန်ပြောရဲတာလဲ။ မင်းရဲ့ ဆွေမျိုးကိုးဆက် အသတ်ခံရချင်လို့လား”

ရှောင်ရွှယ်ယင်း နှင့် ချူချူယန် တို့ ထိုစကားလုံးများကြောင့် တုန်လှုပ်သွားကြသည်။ ဇူအန်၏ နောက်ကြောင်းရာဇဝင်ကို သူတို့ ကောင်းကောင်းသိကြသည်။ ၎င်းသည် သက်သက် ခြောက်လှန့်မှုတစ်ခုသာဖြစ်သည်။ သို့သော် သူ၏ မျက်နှာဖုံးမှာ ကွာကျသွားခဲ့ပြီးသားဖြစ်သည်။

သူတို့အပြင် မိန်လိ ပင် မတတ်နိုင်ဘဲ ဇူအန့်ကို တစ်ချက်ကြည့်လိုက်ရသည်။ ဒီလူ့မျက်နှာက မြို့တံတိုင်းတွေထက်တောင် ပိုပြီးတော့ ထူတာပဲ။

“မင်းဘယ်အချိန်ထိ အရှင်မင်းကြီး ပုံစံ ဟန်ဆောင်နေဦးမှာလဲ။ ဒီကိစ္စကို စောစောက ကိုင်တွယ်ဖို့အချိန်မရှိခဲ့ဘူး။ ဒါပေမယ့် မင်းက တကယ်ကို ငါ့ခေါင်းကို တက်နင်းချင်နေတာပဲ”
ကျန်းဟန် ထံမှ စွမ်းအားပြည့်ဝသော ဖိအားတစ်ခု ထွက်ပေါ်လာပြီး ရှောင်ရွှယ်ယင်း နှင့် ချူချူယန် အပါအဝင် လူတိုင်းကို ဖိနှိပ်လိုက်သည်။

ကီးဘုတ်အင်မော်တယ်-ဇူအန် (Zawgyi + Unicode)Where stories live. Discover now