Chapter 2
ဟော်ဝူက သိပ်ပြီးနာမည်မကြီးပေမယ့်လည်း ဒီနှစ်ပိုင်းတွေမှာ ဇာတ်ကားတော်တော်များများမှာ နေရာရစပြုလာတယ်။ ဆိုင်းကြိုးစနစ်တွေနဲ့ ရိုက်ကူးရတဲ့ အခန်းတွေမှာလည်း သရုပ်ဆောင်ရတယ်။
ဒီလို ကျောက်စွန်းတွေပေါ်ကနေ ခုန်ချရတဲ့အခန်းတွေက သရုပ်ဆောင်တွေအတွက် ချွေးပြန်ရတဲ့အရာပါ။ ဒီနေရာမှာ သရုပ်ဆောင်မယ့်သူက တောင့်တောင့်ကြီးဖြစ်နေလို့မရပါဘူး။ လေထဲဝဲနေတဲ့အချိန်မှာတောင် ကိုယ့်ရဲ့မျက်နှာအနေအထားကိုထိန်းထားဖို့လိုအပ်တယ်။ အထူးသဖြင့် ဒီလိုမျိုး ဝမ်းနည်းစရာ ဇာတ်ဝင်ခန်းမျိုးတွေမှာပေါ့။ အဝတ်အစားတွေက လေထဲမှာတလွင့်လွင့်ဖြစ်နေမယ်၊ မျက်လုံးအိမ်မှာလည်း မျက်ရည်စက်တွေအပြည့်နဲ့ အသက်ရှုမှားလောက်ပြီး အိပ်မက်ဆန်တဲ့ ဇာတ်ကွက်မျိုး။
ဟော်ဝူတယောက် ရိုက်ကူးရေးအဖွဲ့သား ဝိုက်တ်ရဲ့ လက်ချက်နဲ့လေထဲဝဲသွားချိန်မှာ သူ့ရဲ့မျက်လုံးတွေကို ဆောင်းလေအေးတွေက ဝင်ဆောင့်လိုက်တာမလို့ စိတ်ခံစားချက်တောင်ထည့်စရာမလိုဘဲ သူ့အလိုလို မျက်ရည်တွေဝဲလာပါတယ်။
သူ့ရဲ့နှာခေါင်းထိပ်လေးတွေလဲ အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်ကြောင့် နီမြန်းနေပြီ။
ပူဆွေးသောကရောက်နေတဲ့ ပုံစံအပြည့်ဖြစ်သွားပါတယ်။
သူ့ရဲ့ကိုယ်နေကိုယ်ထားကို တချက်ပြင်လိုက်ပါတယ်။ ဒါပေမယ့် ရုတ်တရက်ကြီး အောက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပါတယ်။
“ကြိုးပျက်သွားပြီဟေ့”
“လေအိတ်တွေသွားယူကြလေ”
“အရေးပေါ်ကိုမြန်မြန်ခေါ်ကြပါ”
ဟော်ဝူတယောက်ဘာတွေဖြစ်လဲဆိုတာ သတိမထားမိလိုက်ပါဘူး။ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဆယ်မီတာလောက်အမြင့်ကနေ ကဗျာလွတ်ပြုတ်ကျသွားတယ်။
“ဝူ ဒီမှာကြည့်စမ်းပါဉီး ဒီဟာကို ဝူ ဝတ်မလားလို့ စောင့်နေတာလေ”
မိန်းကလေးတယောက်ရဲ့ အသံခပ်စူးစူးက ဟော်ဝူရဲ့နားထဲ ဟိန်းနေပါတယ်။