အခန်း ၉၇
ဟော်ယွီစန် ပစ္စည်းတွေကို သိမ်းပြီး သူ့ညီမလုပ်ပေးတဲ့ အမူးပြေဟင်းချိုကို သောက်ခဲ့သည်။ ဟော်ဝူအတွက် သူရှာပေးထားတဲ့ အေးဂျင့် ဆူဇန်ကတံခါးမှာစောင့်နေခဲ့၏။
ဆူဇန်က သူမ ရောက်ရမယ့် အချိန်ထက် ၆နာရီတိတိ စောရောက်နေခဲ့၏။ အဲ့နေ့က ရာသီဥတုက သိပ်မကောင်းပဲ နှင်းလည်း ကျနေသည်။ လမ်းပိတ်မှာစိုးလို့ စောလာခဲ့တာ။
ဟော်ဝူရဲ့ခရီးဆောင်အိတ်ကို လက်ထောက်က ကားနောက်ဖုံးထဲထည့်ပြီး သူမကားထဲဝင်လာမယ့်အချိန်ကို အကုန်စောင့်နေခဲ့ကြသည်။
ဟော်ဝူက ဟော်ယွီစန်ကိုကြည့်ပြီး မသွားချင် သွားချင်နဲ့ “ကိုကို သွားတော့မယ်နော်”
ဟော်ယွီစန်က သူမလက်လေးကို ပုတ်ပေးရင်း အသိအမှတ်ပြုလိုက်၏။ “ဂရုစိုက်။ တစ်ခုခုဖြစ်ရင် ငါ့ကိုပြော”
“နားလည်ပါပြီ ကိုကို” လို့ ပြောပြီး ဟော်ဝူက ဟော်ယွီစန်ရဲ့ခါးကိုဖက်ကာ သူ့ရဲ့ရင်ခွင်ထဲကို ခေါင်းတိုးဝှေ့ပွတ်သပ်ခဲ့၏။
ဒီလို နှစ်ယောက်သားနီးကပ်နေတော့ ဟော်ဝူရဲ့ကိုယ်သင်းနံ့လေးက ရနေ၏။
ပန်းနံ့တော့မဟုတ်ဘဲ အဲ့မနက်က စောင်မှာရခဲ့တဲ့အနံ့ပဲ။
ခဏတာဖက်ပြီး အေးဂျင့်နဲ့လက်ထောက်က သူမကို စောင့်နေတာသိတော့ ဟော်ဝူက မလွှတ်ချင်ပေမယ့် လွှတ်ခဲ့ရသည်။
သူမနည်းနည်း စိတ်ဓာတ်ကျနေ၏။ ”နောက်မှတွေ့မယ် ကိုကို”
“အိုကေ”
ဟော်ယွီစန် မြင်ကွင်းထဲက ပျောက်သွားတဲ့အထိ ဟော်ဝူက ပြတင်းပေါက်ကို ငေးကြည့်နေခဲ့သည်။
နောက်တခါတွေ့ဖို့ လဝက်လောက်ကြာအုံးမည်။
ဟော်ဝူ အဝေးမှာရိုက်တာ ပထမဆုံးဆိုတာကို ဆူဇန်သိသည်။ အဲ့တာကြောင့် သူမ သွားဖို့တွန့်ဆုတ်နေတာကို သူမနားလည်သည်။ ဟော်ဝူ မျက်လုံးအောက်မှာ မျက်ကွင်းညိုချင်ချင်ဖြစ်နေတာ မြင်တော့ စိတ်ပူပြီးမေးလိုက်၏။ “မနေ့ညက ကောင်းကောင်း မအိပ်လိုက်ရဘူးလား”