ဟော်ဝူ သူရဲ့မိဘအရင်းတွေကို ရှာတွေ့သွားတဲ့အခါမှာ အနီးနားက ကော်ဖီဆိုင်တဆိုင်ကို ဝင်သွားပါတယ်။ ကော်ဖီတခွက်မှာလိုက်ပြီး သူ့မေးစိကို လက်လေးနဲ့ ထောက်ထားလိုက်တယ်။ တနေ့လုံး ဒီလိုမျိုးအချိန်ဖြုန်းဖို့ သူဆုံးဖြတ်ပြီးသားပါ။ ကော်ဖီဆိုင်ထဲမှာ သီချင်းသံက အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေးပြန့်လွင့်နေပါတယ်။ ဒါပေမယ့် ဝူတယောက်ကတော့ စိတ်မအေးနိုင်ပါဘူး။ ဟော်ယွီကျင်းက အရမ်းကိုထက်မြက်တဲ့သူတယောက်ပါ။ ဒါပေမယ့်သူက အတော်လေးကို အေးတိအေးစက်နိုင်တယ်။
အဖေကျန်းနဲ့ အမေကျန်းက ဘာများမှားနေလို့လဲ။ သူ့ကိုတဆယ့်ရှစ်နှစ်လုံးလုံး ပျိုးထောင်လာခဲ့တာ မဟုတ်ဘူးလား။ သူတို့တတ်နိုင်သမျှ အစွမ်းကုန်ဖြည့်စည်းပေးခဲ့တာလေ။ အဲ့ဒါကို ယွီကျင်းက ဘာလို့ သူတို့နှစ်ယောက်ကို သူ့ဘဝရဲ့ အမဲစက်တခုလို့ယူဆရတာလဲ။ သူ့ကိုပျိုးထောင်ပေးခဲ့တဲ့ မိဘနှစ်ယောက်ကို ပစ်ပစ်ခါခါလုပ်နိုင်တဲ့ နှလုံးသားမျိုး ဘာလို့ရှိနေတာလဲ။
ယွီကျင်းစနက်ကြောင့် ကျန်းလင်မယားနှစ်ယောက်လုံးရဲ့ အဆုံးသတ်က ဇာတ်လမ်းထဲမှာ မကောင်းလှပါဘူး။ သူတို့နှစ်ယောက်လုံးလိုအပ်တာက အဖေကျန်းရဲ့ ခြေထောက်ကို ကုသဖို့အတွက်လိုအပ်တဲ့ ငွေပမာဏနည်းနည်းလေးပါ။ ယွီကျင်းအတွက် ဘာမှပြောလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ ဒါပေမယ့်လည်း သူ့ကို တဆယ့်ရှစ်နှစ်လုံးလုံး ပျိုးထောင်လာခဲ့တဲ့ မိဘနှစ်ပါးကို အဲ့လောက်လေးတောင် ပြန်မလုပ်ပေးချင်ပါဘူး။
ဝူတယောက် ကော်ဖီသောက်ရင်း ရောက်တတ်ရာရာတွေးနေပါတယ်။ ကော်ဖီကခါးသက်လှတယ်။ ဒါပေမယ့် ဝူကိုတော့ စိတ်နည်းနည်းပြေသွားစေတယ်။ ဒီညတော့ ကော်ဖီကြောင့် အိပ်လို့ရမှာမဟုတ်ဘူးလို့ ဝူတယောက် ခန့်မှန်းလိုက်တယ်။ ကော်ဖီကုန်သွားတော့ တနာရီလောက်တောင် ကြာသွားပြီ။
ကျန်းလင်မယားနှစ်ယောက်လုံးက သူတို့အလုပ်တွေပြီးသွားလို့ ပြန်သွားကြပါပြီ။ ဝူက အိတ်ထဲကနေ ကားသော့ကိုထုတ်လိုက်ပြီး ကော်ဖီဆိုင်ထဲက ထွက်လာလိုက်တယ်။ ကားပေါ်တက်ပြီး အိမ်ကိုတန်းမောင်းဖို့ လုပ်တယ်။ ကော်ဖီဆိုင်ထဲကနေ ဝူထွက်လာပြီး ကားပေါ်ရောက်သွားပြီဆိုတာနဲ့ ဟော်ယွီစန်က “ကျွန်တော့်ကို ကုမ္ပဏီကို ပို့ပေးပါ”လို့ ယာဉ်မောင်းကို ပြောလိုက်တယ်။