Chapter 21
အိမ်တော်ထိန်းကျန်းပေးတဲ့ အဖျားဆေးက အရမ်းထိရောက်တယ်။ ထိရောက်လှတဲ့ ဆေးကိုသောက်တဲ့အပြင် ဟော်ဝူကလည်း ကျန်းမာတဲ့ပုံစံမို့လို့ နောက်နေ့မှာပဲ အဖျားပျောက်သွားတယ်။
ခေါင်းလည်းမကိုက်တဲ့အပြင် ခန္ဓာကိုယ်ကလည်း ကောင်းကောင်း အနားယူလိုက်တာမို့ အားတွေပြန်ပြည့်လာသလိုတောင် ခံစားရတယ်။ တကယ် နေပြန်ကောင်းသွားပြီ။
အဖျားသက်သာလာတာနဲ့ ဟော်ဝူရဲ့ ဗိုက်လည်းဆာလာတယ်။ တစ်နေ့လုံးမှာမှ ယာဂုနှစ်ပန်းပဲစားရတာဆိုတော့ အခုအဲ့ဒါတွေ အစာကြေနေလောက်ပြီပေါ့။
အားလည်းပြည့်လာရော ဗိုက်တွေ ဆာလွန်းလို့ တဒိတ်ဒိတ်ခုန်နေလား လို့တောင် ထင်ရတဲ့အထိပဲ။
မနေ့ညက အဖြစ်အပျက်တွေကိုတောင် ဖြည်းဖြည်းချင်း သတိရလာပြီ။ မနက်နှစ်နာရီတုန်းက ဟော်ယွီစန်က သူ့ကို ယာဂုတစ်ခါကျွေးရင် ဇွန်းတစ်ဇွန်းအပြည့်ပဲ။ အဲ့ဒါကို ပြန်တွေးရင် ရယ်ချင်စိတ်က ထိန်းလို့တောင်မရဘူး။
ကံကောင်းတာက ဟော်ယွီစန်က ဒီမှာကြာကြာမနေဘဲ သူ့အခန်းကို အနားယူဖို့ ပြန်သွားတယ်။ မဟုတ်ရင်တော့ သူမတွေးနေတာသာသိရင် သူ့မျက်နှာက ထမင်းအိုး အောက်ခြေလို မဲတူးနေတော့မှာ။
ဒါပေမယ့်လည်း ဟော်ယွီစန်ရဲ့ အပြုအမူတွေက ဟော်ဝူကို တကယ် အံ့အားသင့်စေတယ်။
ကယောင်ကတမ်းနဲ့ ဖောက်ပြန်တာရဲ့ အကျိုးရလဒ်က သူမထင်ထားတာထက် ပိုကောင်းတာလည်း ဖြစ်နိုင်ပါတယ်။
ဟော်ဝူတောင် ရုတ်တရက် သူဖတ်ဖူးတဲ့ မြစ်ဖြတ်ကူးတဲ့ မြင်းပုလေး လို့ခေါ်တဲ့ နတ်သမီးပုံပြင် တစ်ပုဒ်ကိုသတိရမိသွားတယ်။
မြင်းပုလေးက မြစ်တစ်ခုကို ဖြတ်ချင်တယ်၊ ဒါပေမယ့် မဖြတ်ခင် အနားမှာရှိတဲ့ ရှဉ့်လေးနဲ့ နွားကို မြစ်ရေနက်လား လို့ မေးတယ်။ရှဉ့်လေးကတော့ အရမ်းနက်တယ်လို့ ပြန်ဖြေတယ်။ သူ့ရဲ့ အပေါင်းအဖော်တွေက မြစ်ဖြတ်ကူးဖို့ လုပ်ရင်း သေဆုံးသွားကြတာကိုး။ ဒါပေမယ့် နွားကြီးကတော့ မြစ်ရေတိမ်တယ်လို့ ပြန်ဖြေတယ်။ မြစ်ရေက နွားတွေရဲ့ ခြေထောက်ကိုတောင် မရောက်နိုင်ဘူးလေ။မြစ်ေရ တိမ်တိမ်နက်နက် မြင်းလေးက ကိုယ့်ဘာသာကိုယ်တိုင်းတာပြီးဖြတ်ရမှာ။