Chapter 226-230

3.5K 281 2
                                    

အခန်း ၂၂၆

ဟော်ဝူနဲ့ဟော်ယွီစန် တိုက်ကားအတူတူစီးပြီး မြင်းလည်းတူတူစီးခဲ့သည်။

ခဏကြာတော့ စျေးသွားဝယ်တဲ့ မင်းသားနှစ်ယောက် ကလေးတွေအိမ်ကို ပြန်ရောက်လာသည်။ တစ်ယောက်မှမတွေ့တော့ လုတျန်ကိုခေါ်ပြီး မြန်မြန်ပြန်လာဖို့ပြော၏။ ကစားကွင်းကနေ မြန်မြန် ပြန်ထွက်လာခဲ့ကြသည်။

ဟော်ဝူ ကစားကွင်းထဲက ထွက်လာတော့ မီးရောင်ဖျက်ကနဲကို သတိထားမိသည်။

မျက်လုံးကျုံ့လိုက်ပြီး ခဏကြာတော့ ဖြေလျှော့လိုက်၏။

ခုလေးတင် ဓာတ်ပုံရိုက်လိုက်တာက ကစားကွင်းလာလည်တဲ့သူတွေလား၊ သူတို့နောက် လိုက်လာတဲ့ ပါပါရာဇီတွေလားဆိုတာက အရေးမကြီးဘူး။

အဲ့လိုတွေးပြီး ဟော်ဝူ စိတ်အေးအေးပဲနေသည်။

ညနေစာစားအပြီး မိဘတွေက ကလေးတွေနဲ့အတူခဏနေသည်။

ကောင်းကင်ပြာလို မျက်လုံးပြာတွေကို မျက်တောင်ခတ်ရင်း ဂျက်ကပြောသည်။ ”မြင်းစီးချင်တယ်”

လင်းကျဲဆိုတဲ့ မင်းသားက စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုတ်၏။ သူက၁၇နှစ်ပဲရှိသေးသည်။ နာမည်ကြီး ယောကျာ်းလေးအဖွဲ့ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူကအရမ်းရိုးသည်။ ဂျက်ကိုပြော၏။ ”ဂျက်၊ ဒီနေ့စီးခဲ့တယ်မဟုတ်လား”

ဂျက်ကပြုံးပြီး ”ဘယ်မှာလဲ”

လင်းကျဲက ဆောင့်ကြောင့်ထိုင်ပြီး သူ့ကိုကြည့်ကာ စိတ်ရှည်ရှည်ပြောသည်။ ”နေ့ခင်းက တခြားကလေးတွေနဲ့ တူတူမြင်းစီးတယ်မလား”

ဂျက်ကနှုတ်ခမ်းစူကာ မျက်ရည်တွေဝဲလာသည်။ စီချွမ်တရုတ်လေသံနဲ့ပြော၏။ ”ဒါပေမယ့် စီးချင်သေးတယ်”

လင်းကျဲ ခေါင်းခဲသွားသည်။ ”ဒါပေမယ့်..ဒီမှာ မြင်းလေးတွေမရှိဘူးလေ”

ဂျက်ကိုအာရုံလွှဲဖို့ ဟော်ဝူအကြံထုတ်သည်။ အဲ့အချိန် ဟော်ယွီစန်က သူမနားအနားကပ်လာပြီး တီးတိုးပြောသည်။ ”daddyက မင်းကိုတော့ ဒီညပေးစီးမှာပါ”

မြင်းစီးတယ်ဆိုတာက သူ့ဘာသာသူ ရည်ညွှန်းမှန်း သူမသဘောပေါက်သွားသည်။ ခုချိန်ထိ သိလာခဲ့တဲ့ယောကျာ်းတစ်ယောက်က နဂိုနဲ့လုံးဝမတူတော့ဘူး။သူမလေးစားအားကျခဲ့တဲ့ ရင့်ကျက်တဲ့ အစ်ကိုဆိုတဲ့ ပုံရိပ်က မရှိတော့ဘူး။

ဟော်ဝူက ဟော်ယွီစန်ကို စောင်ကြည့်ပြီး လျစ်လျူရှုလိုက်သည်။ သူမ ရှေ့ကိုတိုးသွားပြီး ဂျက်ကိုချီလိုက်ပြီး လမ်းလျှောက်ခေါ်သွားသည်။

နောက်နေ့လုပ်ရမယ့် အစီအစဉ်တွေကို ရိုက်ကူးရေးအဖွဲ့ကအစထဲက ပြင်ပြီးသား။ မြင်းစီးပြိုင်ပွဲကို ကလေးတွေကို ခေါ်သွားရမည်။ အဲ့မှာ မြင်းလေးတွေနဲ့ ရင်းနှီးသွားအောင် လုပ်ပေးရမည်။

ဟော်ဝူ ”မြင်း”ဆိုတဲ့စကားကို ဒါရိုက်တာဆီက ကြားတော့ သူမခြေထောက်တွေ အားနည်းသွားပြီး လဲကျမလိုဖြစ်သွားသည်။ ဟော်ယွီစန် မျက်စိလျင်လို့ သူမလဲကျမှာကို ထိန်းထားလိုက်နိုင်သည်။

ဟော်ဝူက သူမခြေထောက်တွေကို အားနည်းအောင်လုပ်တဲ့သူ့ကို စောင်ကြည့်လိုက်တော့ ဟော်ယွီစန်က သူမခေါင်းကို နမ်းလိုက်သည်။

ဒီနေ့သိပ်ပြီး အလုပ်မများဘူး။ လုပ်ရမှာကလည်း အန္တရာယ်မရှိဘူး။ သရုပ်ဆောင်တွေက စီးချင်စီး၊မစီးချင်လည်းရသည်။ မစီးဘူးဆိုရင် လေ့ကျင့်တဲ့နေရာကို သွားစရာမလိုဘူး။ ပြိုင်ပွဲမှာ တခြားသူတွေစီးတာကို ကြည့်လို့ရသည်။ ပြိုင်ပွဲကို ကြည့်ပြီးရင် ကလေးတွေကို မြင်းစာကျွေးတဲ့နေရာ ခေါ်သွားပေးပြီး မြင်းလေးတွေကို အနီးကပ်ကြည့်ရမည်။

ပြိုင်ပွဲနေရာရောက်တော့ ဟော်ဝူ ကားပေါ်ကဆင်းဆင်းချင်း ဖုန်းမြည်လာသည်။

ဖုန်းကိုကြည့်လိုက်တော့ သူမအေးဂျင့် ဆူဇန်ခေါ်နေတာ။

“ဟယ်လို၊ အမဆူဇန်”

“အားဝူ နင်နဲ့မစ္စတာဟော် ဓာတ်ပုံခိုးရိုက်ခံရတယ်”

ကြားတော့ ဟော်ဝူစိတ်ပျက်သွားသည်။ မနေ့က အုပ်စုလိုက် ကစားကွင်းကထွက်လာတော့ အရိုက်ခံလိုက်ရတာဖြစ်မည်။

ဟော်ဝူ တိတ်ဆိတ်တဲ့နေရာကို သွားလိုက်ပြီး ”အမဆူဇန်၊ နာမည်တော့ မကြီးနေဘူးမလား”

“ကြီးနေတာ နည်းနည်းကြာပြီ။ အစက မစ္စတာဟော် အဲ့သတင်းကို ဖျက်ချမယ်လို့ ထင်နေတာ။ ခုထိသူဘာမှမလုပ်သေးဘူး။ အဲ့တာကြောင့် ဖုန်းဆက်ပြီး အသိပေးတာ”

ဟော်ယွီစန်ရဲ့သဘောကို ဟော်ဝူချက်ချင်းသဘောပေါက်သည်။

မနေ့ထဲက ခိုးရိုက်တာကို သူသိသည်။ တိတ်တိတ်လေး နေနေတာ။ ဒီနေ့ ဒီလိုဖြစ်လာမှာကို သူခန့်မှန်းပြီးသားနေမှာ။

သူလူသိရှင်ကြား ဖြစ်စေချင်တာ။

ဟော်ဝူကိုယ်တိုင်ကလည်း ရှင်းရှင်းလင်းလင်းပဲ။ဟော်ယွီစန်နဲ့ကိစ္စကို အစထဲက ဖုံးမထားချင်ဘူး။ခုလူတွေသိသွားပြီ ဆိုတော့လည်း ထားလိုက်ပါတော့။

အင်တာနက်ပေါ်က ရိုင်းရိုင်းစိုင်းစိုင်း ကွန်းမန့်တွေကို ဟော်ဝူစိတ်မပူဘူး။ ဟော်ယွီစန်လည်း သူမနဲ့အတူ သည်းခံမှာကြောင့်။

ဟော်ဝူ အဲ့လို ယုံကြည်ထားသည်။ ဆူဇန်ကို ပြောလိုက်သည်။ ”အမဆူဇန်၊ အဲ့ကိစ္စကို စိတ်ထဲမထားနဲ့”

“အိုကေ” ခဏအကြာ ဆူဇန် ရိုးရိုးသားသား ပြောသည်။ ”အားဝူ၊ မစ္စတာဟော်နဲ့အတူ ပျော်ရွှင်ပါစေနော်”

ဟော်ဝူပြုံးပြီး “ကျေးဇူးတင်ပါတယ်”

ဖုန်းချပြီးနောက် ဟော်ယွီစန် အနားရောက်နေတာကို ဟော်ဝူတွေ့သည်။

ဟော်ယွီစန် သတိထားမိပုံပဲ ”ဆူဇန် ခေါ်တာလား”

“အင်း”

ဆူဇန်ဖုန်းဆက်တဲ့အကြောင်းကို နှစ်ယောက်လုံးသိသည်။ အဲ့အချိန် လုတျန်က မြန်မြန်လာဖို့ခေါ်တော့ နှစ်ယောက်သား အဲ့ကိစ္စကို ပြောခွင့်မရလိုက်ဘူး။

မြင်းပြိုင်ပွဲတစ်လျှောက်လုံးက သဲနဲ့ဖုန်တွေချည်းပဲ။ခုန်ပေါက်ပြေးလွှားနေတဲ့ မြင်းတွေကြောင့် ဖုန်တွေက လေထဲဝဲနေသည်။

အကိုက ငါ့အပေါ်အရမ်းကောင်းနေရင် ဘယ်လိုလုပ်မလဲ (Complete ✅)Where stories live. Discover now