အခန်း (၈၆)

8.4K 982 8
                                    

Unicode

နောက်ရက်များကို ခါတိုင်းကဲ့သို့ပင် သူမတို့ အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြသည်။ ရံဖန်ရံခါ ပိတ်ရက်နေ့များ၌ အိမ်သို့ Qin ZiYi ရောက်လာကာ သူမတို့သုံးယောက်အတူတူ ထမင်းပွဲလက်ဆုံနွှဲဖြစ်ကြသည်။ ထိုအချက်မှလွဲ၍ ကျန်သည့်အရာအားလုံးမှာ ယခင်အတိုင်း ပုံမှန်ပင်ဖြစ်သည်။

ထိုကဲ့သို့ အေးချမ်းစွာဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာသည်မှာ "ရွှေအင်းလေး" အစီအစဉ်ရိုက်ကူးမည့်နေရာသို့ Nie AnAn သွားရန် အချိန်ရောက်လာသည်အထိဖြစ်သည်။

ယနေ့ သူမ ခရီးထွက်ရတော့မည်ဖြစ်၍ ပြင်ထားသည့် အထုပ်အပိုးများကို အိမ်မှမထွက်ခွာခင် သေချာသွားအောင် နောက်ထပ်တစ်ခေါက် ပြန်စစ်လိုက်သည်။

ထို့နောက် လေယာဉ်ကွင်းသို့ သူမ အား Huo YanXiao လိုက်ပို့ပေးသည်။ သူမ၏ ရိုးသားဖြူစင်နေသည့် မျက်ဝန်းများကို တွေ့သည့်အခါ သူ မနေနိုင်တော့ဘဲ သတိပေးမိပြန်တော့သည်။

"AnAn ၊ ဟိုရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို သတိနဲ့ရှောင်။ ငါတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲအခမ်းအနားကျင်းပမယ့်နေ့ကလည်း  မကြာခင်ရောက်လာတော့မှာဆိုတော့ ရိုက်ကူးရေးပြီးသွားတာနဲ့ ချက်ချင်းအိမ်ပြန်လာရမယ်။ "

သူ့ဘက်မှ "စေ့စပ်ပွဲ အခမ်းအနား" အကြောင်း ရုတ်တရက် စကားဟလာသည့်အတွက် Huo YanXiao အားကြည့်ရင်း သူမ ရင်ထဲ၌ အနည်းငယ်ဝမ်းနည်းသွားရသည်။

လွန်ခဲ့သည့်ရက်များက သူမ အိမ်၌ရှိနေစဥ်တွင် ထိုစေ့စပ်ပွဲကိစ္စနှင့်ပတ်သက်၍ သူ့ဆီမှ စကားတစ်ခွန်းတစ်လေပင် ထွက်မလာပေ။ ထို့ပြင် ပြီးခဲ့သည့် ပိတ်ရက်ညနေက သူမတို့နှစ်ယောက် ပန်းခြံသို့ နောက်ထပ်တစ်ခါ အလည်သွားဖြစ်ကြသေးသည်။

သို့သော်လည်း သူမတို့နှစ်ယောက်အကြားမှ ဆက်ဆံရေးက မောင်နှမကဲ့သို့ပင် ရှိနေဆဲဖြစ်ကာ ထိုထက်လည်းမပိုသည့်အပြင် လိုလည်းမလိုချေ၊ သူ၏အပြုအမူများက အပိုအလိုမရှိဘဲ အားလုံးကွက်တိဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now