အခန်း (၁၀၅)

7K 706 5
                                    

Unicode

နောက်တစ်နေ့မနက်၌ Nie AnAn အိပ်ရာမှ ထလာသည့်အခါ ခါတိုင်းကဲ့သို့ မနက်အပြေးအလေ့ကျင့်ခြင်း မလုပ်တော့ဘဲ မနက်စာပြင်ရန်အတွက် မီးဖိုချောင်သို့ ၀င်သွားလိုက်သည်။

Huo YanXiao မှာ မနက်စောစောလေယာဉ်ဖြင့် ခရီးထွက်မည်ဖြစ်ရာ လေဆိပ်သို့မိုးမလင်းခင် အရောက်သွားရမည်ဖြစ်သည်။ သူမ မနက်စာပြင်ပြီးသည့်အချိန်တွင် Huo YanXiao ရောက်လာကာ ထမင်းစားပွဲ၀ိုင်း၌ ဝင်ထိုင်လိုက်သည်။

မနေ့က အဖြစ်အပျက်နှင့် ပတ်သက်၍ သူမ စိတ်များ ပုံမှန်ပြန်ဖြစ်သွားအောင် Nie AnAn တစ်ညလုံး ကြိုးစားခဲ့ပြီးပြီဖြစ်၍ ယနေ့မနက် အိပ်ရာမှ ထသည်နှင့်ချက်ချင်း သူမ ခေါင်းထဲ၌ ပထမဆုံးပေါ်လာသည့် အရာမှာ Huo YanXiao ဘေးကင်းရေးအတွက်သာ ဖြစ်သည်။ သူ့အတွက် စိုးရိမ်စိတ်များကသာ သူမ ရင်ထဲ၌ စိုးမိုးနေလေသည်။

"AnAn ၊ နေ့လည်ကျရင် Nie အိမ်တော်မှာ ငါ့ရဲ့ ရှေ့နေရောက်လာလိမ့်မယ်။ ငါတို့နှစ်ယောက်က တရား၀င်လက်ထပ်ထားပြီးပြီဖြစ်တဲ့အတွက် စာချုပ်စာတမ်းတစ်ချို့မှာ မင်း လက်မှတ်ထိုးစရာတွေ ရှိနေတယ်။"

Nie AnAn ခေါင်းညိတ်ပြသည်။ သူ့အတွက် ရင်တထိတ်ထိတ်နှင့် သူမ ပူပန်နေမိသော်လည်း ယခုအချိန်၌ စိုးရိမ်ပေးရုံမှလွဲ၍ သူမ ဘက်မှ လုပ်ပေးနိုင်သည့်အရာ မရှိပေ။

"ပြီးတော့ ဒီနေ့ကစပြီး မင်း Nie အိမ်တော်မှာ ပြန်သွားနေတာကောင်းလိမ့်မယ်။ ဟိုမှာ သူတို့နဲ့ရှိနေရင် မင်းအတွက်ငါ နောက်ဆံတင်းနေစရာ မလိုတော့ဘူး။"

သူ ပြောနေသည်များကို Nie AnAn ကြိုးစားနားထောင်နေသည်။ လက်ထဲမှ အနံ့သင်းသင်းကလေးနှင့် ပူပူနွေးနွေးရှိနေသည့် ဂဏန်းပေါက်စီမှာ စားချင်စဖွယ်ဖြစ်နေသော်လည်း သူမ စားချင်စိတ်လုံး၀မရှိ။

စိတ်နှင့် လူနှင့်မကပ်ဖြစ်နေသည့် သူမ ပုံလေးကိုကြည့်ရင်း Huo YanXiao ကြိုးစားပြုံးပြလိုက်ကာ

"ခရီးက ငါပြန်ရောက်လာတဲ့အခါ မင်းရဲ့ကိုယ်အလေးချိန်ကို စစ်မယ်။ တကယ်လို့ အစာကောင်းကောင်းမစားဘဲ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်လို့ အလေးချိန်ကျသွားတယ်ဆိုရင် မင်းကို အပြစ်ကောင်းကောင်းပေးရမယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now