အခန်း (၄၄)

9.9K 1.2K 4
                                    

Unicode

Huo YanXiao ၏အခန်းတံခါးမှာ ပွင့်လျက်သားဖြစ်နေသဖြင့် အခန်းထဲသို့ သူမ လှမ်းကြည့်လိုက်သည့်အခါ မည်သူမျှမရှိပေ။ ထိုအစား သူ၏စာကြည့်ခန်းဆီမှ ထွက်လာသည့် မီးအလင်းရောင်ကို သူမ မြင်ရလေသည်။

ထို့ကြောင့် စာကြည့်ခန်းရှိရာသို့သွားလိုက်ပြီး တံခါးဖွင့်လိုက်သည့်အခါ ဆိုဖာခုံပေါ်တွင် ရှိနေသည့်သူ့ကို တွေ့လိုက်ရတော့သည်။

ခေါင်းကိုက်မှုဒဏ်ကြောင့် သူ၏မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေကာ မျက်လုံးများကို တင်းတင်းစေ့ပိတ်ထားသည်။ ထို့ပြင် သူ၏ပုံစံက အားနည်းဖျော့တော့နေကာ လူမမာတစ်ယောက်နှင့် တူနေပြီး မျက်နှာတစ်ခုလုံး ရှုံတွနေလေသည်။

"ကိုကြီး"

သူ၏ အခြေအနေမှာ ပုံမှန်မဟုတ်သဖြင့် အဖျားရှိ၊ မရှိ ကိုယ်အပူချိန်တိုင်းရန် သူ့အနားသို့သွား မြန်မြန်ဆန်ဆန်သွားလိုက်သည်။

"နေလို့မကောင်းဘူးလား ကိုကြီး၊ ဘယ်နေရာမှာ နာနေလဲ။"

သူ၏ ခေါင်းတစ်ခုလုံး ထုံကျင်ကိုက်ခဲနေကာ အသိအာရုံများက ဝေဝါးနေဆဲဖြစ်သည်။ အနားမှစကားသံကြောင့် Huo YanXiao မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ကာ သူမ ရှိရာကိုမှန်း၍ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း အာရုံထဲမှ အဖြူ၊ အမည်း အစက်အပျောက်များက ရှိနေဆဲဖြစ်ပြီး သူမ မျက်နှာကို ဝိုးတိုးဝါးတားသာ မြင်ရသည်။

"ခေါင်းကိုက်တယ်။"

ခေါင်းကိုက်နေသည့်ဒဏ်ကြောင့် သူ၏ အသံက အနည်းငယ် ရှတတ ကွဲအက်ခြောက်ကပ်နေလေသည်။

သူ၏ စကားသံကိုကြားသည်နှင့်ချက်ချင်း သူ့နဖူးပေါ်၌ လက်တင်လျက်သားဖြစ်ကာ ကိုယ်အပူချိန် စမ်းလိုက်သည်။ အဖျားမရှိကြောင်း သေချာတော့မှသာ သူ၏ခေါင်းတစ်ဝိုက်၌ သူမ လက်ချောင်းကလေးများကို လှုပ်ရှားကစားလိုက်သည်။ 

"ညီမလေး နှိပ်ပေးမယ်နော်။"

သူ့ထံမှ ဘာတုန့်ပြန်သံမှ မကြားရဘဲ ငြိမ်သက်နေသဖြင့် အနှိပ်ခံရန်သဘောတူသည်ဟု သူမ ယူဆလိုက်သည်။ သူမ၏လက်ကလေးများမှာ နူးညံ့ညင်သာပြီး သွက်လက်ထိမိနေသည်။ အာရုံကြောနေရာလေးများကို ဖြည်းဖြည်းချင်းဂရုတစိုက်နှိပ်နယ်ပေးနေသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ယခုမှသာ အကြောပြေပေါ့ပါးသွားသည်။ ထို့နောက်တွင်  ခေါင်းကိုက်သက်သာလာပြီး နေသာထိုင်သာရှိသွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now