အခန်း (၅၅)

9.6K 1.3K 62
                                    

Unicode

ထိုအချိန်၌ Nie AnAn မှာ အိပ်ရာထဲတွင်ရောက်နေပြီဖြစ်သည်။ အိပ်ပျော်ရန်ကြိုးစားသော်လည်း ရေဆာလာသဖြင့် အောက်ထပ်သို့ဆင်း၍ ရေသွားသောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

လူခြေတိတ်နေပြီဖြစ်သည့်အတွက် အခြားဧည့်သည်များကို မနိုးစေလို၍ သတိထားပြီး ခြေသံဖွဖွကလေးနင်းလာကာ လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာလေသည်။ တည်းခိုခန်းပိတ်ချိန်ရောက်ပြီဖြစ်၍ အောက်ထပ်တစ်ခုလုံး လူသူမရှိဘဲ တိတ်ဆိတ်နေလေသည်။

ဆိတ်ညံနေသည့် ညအလယ်၌ အပြင်ဘက်မှလာသည့် စကားသံအချို့ကို သူမ ခပ်တိုးတိုး ကြားရလေသည်။ အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည့်အတွက် မသိသလိုသာနေရန် ဆုံးဖြတ်လိုက်သော်လည်း သူမ နာမည်ပြောသံကို ကြားလိုက်ရသည့်အခါ ပြတင်းပေါက်နားဆီသို့ ဖြည်းဖြည်းခြင်း ချဉ်းကပ်သွားမိတော့သည်။

ထိုပြတင်းပေါက်အပြင်၌ စကားအချေအတင်များနေကြသူမှာ Qin ZiMing နှင့် Li ManGe တို့ဖြစ်သည်။

ZiMing ၊ ရှင်ကျွန်မကို အခုထိစိတ်ဆိုးနေသေးတာလား။"

Li ManGe ၏မျက်လုံးများက အနည်းငယ်နီရဲနေသည်။

"ရှင်ကျွန်မကို စကားမပြောတာ သိပ်ကြာနေပြီ။ ကျွန်မ အမှားလုပ်မိတာ သိပါတယ်၊ ဒါပေမဲ့လည်း အဲ့ဒါက ရှင့်ကိုသိပ်ချစ်လို့ပါ!"

သူမ စကားကြောင့် အခန်းထဲမှ တိတ်တိတ်ရသည့်ကလေး နားထောင်နေသည့် Nie AnAn တစ်ကိုယ်လုံး ကြက်သီးထသွားသည်။

Qin ZiMing ထံမှ စကားတစ်ခွန်းတစ်လေမျှ ထွက်မလာသဖြင့် Li ManGe ဆက်ပြောလေသည်။

“ရှင်ဘာဖြစ်နေတာလဲ။ Nie AnAn အပေါ်မှာ စိတ်ဝင်စားသွားတာလား။ ဘာလဲ၊ သူကပိုလှလာပြီး ဟင်းချက်တာတော်လို့လား။ အခုတော့ ရှင်က စိတ်ပြောင်းပြီး သူ့ကို ကြိုက်နေပြီပေါ့ဟုတ်လား။"

ထိုအချိန်၌ နားပူမခံနိုင်တော့သည့် Qin ZiMing ထံမှ တုံ့ပြန်သံထွက်လာသည်။

"မင်းပြောတာ တစ်ခုမှမဟုတ်ဘူး။ မဟုတ်တာတွေ လျှောက်တွေးမနေနဲ့။ အခု ညဉ့်နက်နေပြီ၊ ပြီးတော့လည်း ဒီနေရာက အတွင်းရေးတွေလျှောက်ပြောရမယ့်နေရာ မဟုတ်ဘူး။ ဒီကိစ္စတွေကို ဒီနေရာမှာပြောမှ ဖြစ်မှာလား... ကျွတ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now