အခန်း (၉)

11.2K 1.4K 7
                                    

Unicode

နောက်တစ်နေ့ မနက် ၆နာရီတွင် သူမ အိပ်ရာထကာ ကိုယ်လက်သန့်စင်ပြီးနောက် မီးဖိုချောင်သို့ ထွက်လာခဲ့သည်။

မီးဖိုချောင်ထဲမှပစ္စည်းများက တစ်ယောက်ယောက်ကိုင်ထားသကဲ့သို့ပင် နေရာမကျဖြစ်နေသဖြင့် သူ့နေရာအတိုင်း ပြန်စီလိုက်ကာ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။

ညက သူမ ထည့်သိမ်းထားသည့် ပန်းကန်သုံးချပ်စလုံးကို မတွေ့ရတော့သဖြင့် သူမ အနည်းငယ်အံ့သြသွားတယ်။

သို့သော် ညဉ့်နက်မှ အလုပ်သိမ်းသည့် Huo YanXiao တစ်ယောက် ဗိုက်ဆာဆာနှင့် စားလိုက်ခြင်းဖြစ်မည် ဟု သူမ တွေးမိသဖြင့် အပေါ်ထပ်သို့ လှမ်းကြည့်မိသွားသည်။

သူမ အောက်ဆင်းလာစဉ်က  Huo YanXiao အခန်းတံခါးမှာ ပိတ်ထားဆဲဖြစ်ကြောင်းကို သူမ သတိထားမိသည်။ ထို့ကြောင့် သူ နိုးလာသည်နှင့် မနက်စာတစ်ခါတည်း စားနိုင်ရန်အတွက် အဆာပြေပြင်ဆင်ရန် သူမ ဆုံးဖြတ်လိုက်သည်။

မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရန် လှုပ်ရှားနေသည့် သူမအပြုအမူက မူရင်းဇာတ်ကောင် Nie AnAn ပုံစံနှင့် လုံးဝ ကွဲထွက်နေသည်။ ထို့ကြောင့် Huo YanXiao အနေဖြင့် သူမအား သံသယဝင်ခဲ့ပါက မည်သို့ဖြေမည် ဆိုသည်ကိုပင် သူမ စဉ်းစားထားပြီးပြီဖြစ်သည်။

သူမ၏အဖြေမှာ- ခေါက်ဆွဲခြောက်ပြုတ်များ ခဏခဏစားခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် ချက်ပြုတ်စားသောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် သူမလက်ရာများက အထူးပင် ကောင်းမွန်နေရခြင်းမှာလည်း အချက်အပြုတ်ဆိုင်ရာ၌ ပါရမီရှိခြင်းကြောင့် ဖြစ်သည်ဟု ပြောပြရန် တွေးထားသည်။။

သူမ လုပ်ကြံဖန်တီးထားသည့် ဤဇာတ်လမ်းမှာ အပြင်မှ သူမ၏ လက်တွေ့ဘဝနှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။ သူမ ရှစ်နှစ်သားအရွယ်၊ မီးဖိုရှိရာသို့ လက်လှမ်းပင်မမှီနိုင်သေးသည့် အရွယ်က ခုံပေါ်တွင်ရပ်ကာ ဝက်နံရိုးချိုချဉ်ကြော်ကို ပထမအကြိမ် စတင်ချက်ပြုတ်ခဲ့သည်။

သူမ၏ လက်ရာကို မြည်းကြည့်ပြီး တအံတဩဖြစ်သွားသည့် ဘိုးဘိုးကြီး၏မျက်နှာကို သူမ မှတ်မိနေပါသေးသည်။ ထိုသို့ အချက်အပြုတ်ဆိုင်ရာ၌ ပါရမီရှိကြောင်းကို သက်သေပြနိုင်ခဲ့သော်လည်း မီးဖိုချောင်ဝင်ရန် အသက်ငယ်လွန်းသေးသည့်အတွက် အဘိုးဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကိုလည်း ခံခဲ့ရပါသေးသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now