အခန်း (၂၈)

10.8K 1.4K 7
                                    

Unicode

မိမိအလုပ်ထဲ၌သာ အာရုံနှစ်ထားသည့် Nie AnAn အနေဖြင့် အပြင်ကမ္ဘာ၌ ဖြစ်ပျက်နေသည့်ကိစ္စများကို လုံးဝသတိမမူမိပေ။ Nie AnAn ချက်ပြုတ်သည့် အစားအသောက်များကို စားပြီးသည့်သူတိုင်း သူမလက်ရာကို မလွန်ဆန်နိုင်ဘဲ တည်းခိုခန်း 'A' ၌သာ စခန်းချကြတော့သဖြင့် တည်းခိုခန်း၏အမြတ်ငွေမှာ တစ်နေ့တခြားများလာသည်။ 

ထိုအချိန်၌ တည်းခိုခန်း 'A'သို့ လာရောက်လည်ပတ်သူများလွန်းသဖြင့် ဧည့်ခန်းတစ်ခုလုံး ဆူညံသံများဝေဆာနေသည်။ သို့သော်လည်း Nie AnAn အတွက်မူ ထိုအရာများက သူမ နှင့် လားလားမျှမဆိုင်သကဲ့သို့ပင်။ သူမ တစ်ယောက်တည်းအဖွဲ့သားများအတွက် နေ့လည်စာကို မီးဖိုချောင်ထဲ၌ တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်ချက်ပြုတ်နေလေသည်။

အနားတွင်ရပ်နေသည့် Qin Ziyi အနေဖြင့် Nie AnAn ကို ကူညီပေးရန်ဆန္ဒရှိသော်လည်း ဘယ်ကစ၍ မည်သို့မည်ပုံလုပ်ကိုင်ရမည်ကို မသိသဖြင့် အခက်တွေ့နေသည်။ ဘေးဘီကိုလှမ်းကြည့်လိုက်သည့်အခါ ပန်းကန်းပြားတစ်ခုပေါ်၌ ထည့်ထားသည့် ဝက်နံရိုးကင်များကို တွေ့လိုက်ရသည့်အတွက် Qin Ziyi တံတွေးမြိုချမိသွားသည်။

Nie AnAn အခြားတစ်ဖက်သို့ မျက်နှာလှည့်လိုက်သည်နှင့် Qin Ziyi တစ်ယောက် ကင်မရာရှေ့ပိတ်ရပ်လိုက်ကာ နံရိုးတစ်ချောင်းကို ပါးစပ်ထဲကောက်ထည့်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် မယုံနိုင်လောက်အောင် အရသာရှိသည့် ထိုဝက်နံရိုးကင်ကြောင့် ဖော်ပြ၍မရနိုင်သည့် ကျေနပ်ဖွယ်ရာ အရသာသစ်တစ်မျိုးကို သူမ ခံစားလိုက်ရသည်။

ယခုအချိန်၌ အစာခိုးနှိုက်နေသည့် သူမ၏ရုပ်ပုံကို ကင်မရာထဲ၌ ပေါ်သွားမည်ကိုပင် ဂရုမစိုက်အားတော့ပေ။ ပါးစပ်ထဲမှ အသားကင်ကို မြန်မြန်ဆန်ဆန်ဝါးပြီးနောက် အရိုးကိုထွေးထုတ်လိုက်ကာ ဒုတိယတစ်ချောင်းထပ်စားရန် ပြင်နေသည့်သူမကို Nie AnAn မြင်သွားလေတော့သည်။ ထို့နောက်၌ သူမလက်ပေါ်သို့ Nie AnAn လက်တင်လိုက်ပြီး ညင်ညင်သာသာပြောလိုက်သည်မှာ

"ဆန္ဒမစောပါနဲ့ Miss Qin၊ လူတိုင်းအတွက် အစားအသောက်တွေ အလုံအလောက်ပြင်ထားတာဖြစ်လို့ စိတ်ပူစရာမလိုပါဘူး။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now