၇၆။ အိမ်တော်အပြန် ကြိုဆိုပွဲ

7K 1.1K 100
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၇၆။ အိမ်တော်အပြန် ကြိုဆိုပွဲ

________

သုံးရက်အကြာ၌ တော်ဝင်မိသားစုက စစ်သူကြီး အိမ်တော်အပြန် ကြိုဆို စားသောက်ပွဲ ကျင်းပပေးခဲ့ရာ မင်းခစား အမှုထမ်းများ၊ ရုံတော်အရာရှိများနှင့် စစ်ရေးအရာရှိများ ရာနှင်ချီ၍ ပွဲတက်လာခဲ့ကြသည်။ ဤပွဲမှာ ရေမြေ့အရှင်နှင့် အမှုထမ်းတို့ အကြား ဂုဏ်ပြုပွဲဖြစ်သည်ဟု ဘုရင် ဝန်ဟွေ့က မြွက်တော်မူခဲ့သော်လည်း ရှန်ရှင်း၏ တိုင်းပြည်ဂုဏ်ဆောင်မှု၊ တာဝန်ကျေပွန်မှုတို့ကို ချီးမြှင့် ဂုဏ်ပြုရန် စီစဉ်သည့် ပွဲဖြစ်ကြောင်း လူတိုင်း နားလည်ထားကြလေသည်။

ရှန်အိမ်တော်မှာ စစ်အင်အားကို ချယ်လှယ်နိုင်စွမ်းရှိသော၊ ပြောင်မြောက်သော စစ်သူကြီးများဖြစ်သည့် ရှန်ရှင်းနှင့် ရှန်ချိုး ရှိနေရာ ၎င်းတို့ကိုသာ ကောင်းစွာ အသုံးချနိုင်မည်ဆိုပါက မင်ချီတိုင်းကို ကာကွယ်ပေးနိုင်မည့် ဓားကောင်းတစ်လက်ဖြစ်လာမည်မှာ မုချပေ။ ၎င်းတို့ကို ကောင်းစွာ အသုံးမချနိုင်ပါမူ၊ ပလ္လင်ပေါ်ထိုင်နေသူအား အချိန်မရွေး ခြိမ်းခြောက်ရန်ပြုလာနိုင်သော အင်အားစုလည်း ဖြစ်နေသည်။ မင်းမျိုးမင်းနွယ်တို့က ရှန်အိမ်တော်ကို မင်ချီတိုင်းအတွက် ခုခံကာကွယ်ပေးရန် အားကိုးနေရသည့်အတွက် တိုင်းတစ်ပါးမှ ရယ်စွယ်များ တောက်လောင်နေသေးသည့်အချိန်မှာတော့ ရှန်အိမ်တော်သည် မင်းဘေး မင်းရန်မှ ကင်းဝေးနေသေးသည်ဟု ဆိုနိုင်ပေသည်။

ထီးမွေနန်းလျာနေရာအတွက် အပြိုင်အဆိုင်ဖြစ်နေသည့် အရှုပ်တော်ပုံထဲ ရှန်အိမ်တော် ဝင်မပါသရွေ့ ဤ ၁၀ နှစ်တာ ကာလအတွင်း မည်သည့် အရေးယူမှုမှ ပြုဦးမည် မဟုတ်။ ဤအချင်းအရာကို ရုံးတော်ညီလာခံတက်နေသော အမတ်များအနက် ဦးနှောက်ပါသူတိုင်း စဉ်းစားသိနိုင်သည်။ သို့သော်လည်း ယခင်က ရှန်မြောင်သည် မင်းသားတင်းကို ချစ်ခင်စုံမက်နေခဲ့သောကြောင့် ရှန်ရှင်းသာ မိမိ၏ သမီးကို ဖုရှိုးယီနှင့် ထိမ်းမြားပေးလျှင် ရှန်အိမ်တော်၏ အနေအထားမှာ ဓားသွားပေါ် လျှောက်နေရသကဲ့သို့ အခြေအနေမျိုး ဖြစ်သွားတော့မည်ဟု ကျန်အမတ်များက ယူဆတွေးထင်ကြလေသည်။ သို့သော် ယခုနောက်ပိုင်း၌ ဖုရှိုးယီအပေါ် ရှန်ေြင် စိတ်ဝင်စားမှု လျော့ပါးသွားသဖြင့် ရှန်အိမ်တော်လည်း နန်းလုပွဲ၌ ရောပါသွားစရာအကြောင်း မရှိတော့ချေ။ ထို့ကြောင့် ဘေးကင်း ငြိမ်းအေးသွားပြီဟု ဆိုနိုင်၏။ နောင်လာမည့် ၁၀ နှစ်အတွင်းမှာတော့ တင်းမြို့တော်တစ်ခွင် စစ်သူကြီးချုပ်၏ ဂုဏ်သရေမှာ လူထုကို လွှမ်းမိုးနိုင်စွမ်း ရှိနေဦးရော့မည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now