၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ ခ

5.4K 897 12
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ ခ

အနောက်ဘက်အိမ်ခြံဝန်းတွင်တော့ ရှန်ရှင်းနှင့် ဇနီးတို့ ၎င်းတို့၏ အိမ်ဆောင်သို့ ပြန်သွားကြလေပြီ။ သို့သော် ရှန်ချိုးကတော့ မလှုပ်။

သူသည် တံခါးစောင့်နတ်ပမာ သစ်သားပန်းပုရုပ်သေကြီးဖြင့် ရှန်မြောင်၏ စားပွဲ၌ ထိုင်နေလေသည်။ အနှီလူငယ်စစ်သူကြီးမှာ ပုံမှန်အားဖြင့် နွေဦးလေပြည်ပမာ နွေးထွေးတက်ကြွတတ်သော်ငြား မျက်နှာ မှုန်ကုပ်လာလျှင် စစ်မြေပြင်တွင်းမှ သွေးဆာ လောင်မြိုက်နေသော ယောက်ျားသားတစ်ယောက်အသွင် ပြောင်းလဲသွားတော့လေသည်။ ပိုင်လုနှင့် ရွှမ်းကျန်းတို့လည်း မချဉ်းကပ်ရဲကြတော့ပေ။

"ကိုကို" ရှန်မြောင် ရှန်ရှင်းတို့ မောင်နှံကို လိုက်ပို့ပြီးသည်နှင့် သူ့ရှေ့မှာ လာထိုင်လိုက်သည်။

"ညီမလေး ကိုကို တွေးပြီးရင်း တွေးကြည့်ပြီးပြီ" ရှန်ချိုးက ဆိုသည်။ "ဒီကိစ္စကို ဒီအတိုင်း မေ့မေ့ပျောက်ပျောက် ထားပစ်လိုက်လို့ မဖြစ်ဘူးပဲ၊ ကိုကို့ရင်ထဲမှာ အလေးကြီး လေးနေပြီ" သူ ပြောသည့် 'ကိစ္စ'ဟူသည်မှာ ရှန်ချင်းနှင့် မင်းသားယွီတို့၏ ကိစ္စဖြစ်လေသည်။ ရှန်မြောင်က ဘုရားကျောင်း အဖြစ်အပျက်မှ အချို့ကိစ္စများကို ထိန်ချန်ထားခဲ့သော်လည်း အိမ်တော်အပြန်ကြိုဆိုပွဲမှ အခြင်းအရာများနှောင်းပိုင်းတွင်တော့ ရှန်ချိုး ကိစ္စ အလုံးစုံကို ခန့်မှန်းမိသလောက် ရှိပြီ ဖြစ်၏။ ဤကဲ့သို့ ယုတ်ညံ့ရက်စက်လှသော အကြောင်းကိစ္စကို သိလိုက်ရသဖြင့်လည်း ရှန်ချိုး ဒေါသထွက်နေရခြင်းပင်။ သူတို့မိသားစု၏ အငယ်ထွေးလေး၊ သူ့ညီမကလေးမှာ ဒီနှစ်အတွင်း ဤမျှ ရက်စက်မှုအတိုင်းအတာထိ အကောက်ကြံခံခဲ့ရသည်။ ဘဝပျက်ရမည့်ဘေးနှင့် နီးခဲ့ရသည်။ သူမသာ ထိုဘေးမှ မလွတ်ခဲ့ပါလျှင်၊ ထိုသူတို့ ဝမ်းနည်းနောင်တ ရလိမ့်မည်ဟု ရှန်ချိုး မထင်ပေ။

ရှန်ချိုး ပြောနေစဉ်တွင် ရှန်မြောင်က သူ့မျက်နှာကိုသာ ကြည့်နေလေသည်။ "တွေးမိလေလေငါ ပိုစိတ်တိုရလေလေပဲ၊ ညီမလေး ကိုကို့ကို မတားပါနဲ့တော့၊ ဒီအသက်တစ်ချောင်းနဲ့ လဲပစ်ရမယ်ဆိုရင်တောင် ဒင်းတို့ကို ကိုကို အရှင်မထားဘူး"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now