၈၅။ ထိမ်းမြားလက်ထပ်ပွဲနေ့

5.9K 844 51
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၈၅။ ထိမ်းမြားလက်ထပ်ပွဲနေ့

________

အချိန်ကား ကုန်လွန်မြန်သည်။ မျက်စိတစ်မှိတ်ခနိ့အတွင်းမှာပင် ၁၂ လပိုင်း၏ ၈ ရက်နေ့ ရောက်သွားချေပြီ။

၁၂ လပိုင်း၏ ၈ ရက်နေ့မှာ မင်္ဂလာရှိသော နေ့ဖြစ်၍ ထိမ်းမြားလက်ထပ်ကြရန် နေ့ကောင်းရက်သာ ဖြစ်လေသည်။ နှစ်ပေါင်းများစွာကြာအောင် မုဆိုးဖိုဖြစ်နေခဲ့သော မင်းသားယွီတစ်ယောက် ဝမ်ဖေး တင်မြောက်သည့် နေ့ထူးလည်း ဖြစ်၏။ သို့သော် ဤသည်မှာ ဝမ်းမြောက်စရာ မဟုတ်သည်ကို လူတိုင်း သိနားလည်ကြလေသည်။ ဤမင်္ဂလာရှိသော နေ့ရက်မှသည် ယခင် ယွီဝမ်ဖေးနည်းတူ အမင်္ဂလာ ဈာပန မရှေးမနှောင်းမှာ ချဉ်းကပ် မလာနိုင်ဟု တပ်အပ်မပြောနိုင်ပေ။

မင်းသားယွီ အိမ်တော်သို့ လက်ထပ်ဝင်ရောက်မည့်သူမှာ မြို့တော်ရှိ ရှန်အိမ်တော်၏ ဒုတိယအိမ်တော်ခွဲမှ တိသမီးဖြစ်လေသည်။ စစ်သူကြီး အိမ်တော်၌ တရားဝင် တိသမီး သုံးယောက်ရှိလေရာ ရှန်မြောင်မှာ တုံးအနုံချာသူအဖြစ် ထင်ရှားသည်။ ရှန်ယွဲ့၏ ပါရမီပြည့်ဝသော အချင်းနှင့် ပြည့်စုံသည့် ဂုဏ်သတင်းကလည်း ကျော်ကြားပြီး ရှန်ချင်းသည်ကား အဆင်းလှရုံသာမက သဘောထားကြီးသူ၊ အစွမ်းအစရှိသူဟု လူသိများလေသည်။ ထိုသို့သော မိန်းမကောင်းလေးတစ်ဦး မင်းသားယွီကဲ့သို့သော ပုဂ္ဂိုလ်နှင့် လက်ထပ်ရမည်ဆိုသောအခါ ကြားရသူအပေါင်းတို့ သက်ပြင်းမချဘဲ မနေသာတော့ပေ။

"အဲ့ဒီ ရှန်ကွေ့တော့ ရူးသွားပြီလား မသိဘူး" အုန်းအုန်းကျွက်ကျွက်များကို လာကြည့်ကြသော လူအုပ်အနက်မှ တစ်ယောက်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ဒါက ကိုယ့်သမီး မီးလျံတွေကြားထဲ ခုန်ဆင်းသွားတာကို ကြည့်နေရသလို မဟုတ်ဘူးလား၊ ဝဋ်ကြီးလိုက်တာ"

"မင်းက ဘာသိလို့တုန်း" နောက်တစ်ယောက်က မထောက်ခံဘဲ ဆိုသည်။ "အမတ် ဖြစ်နေတဲ့ ငါ့အစ်ကိုတစ်ဝမ်းကွဲက ပြောတယ်၊ ဒီ ရှန် ပထမသခင်မလေးက မင်းသားယွီနဲ့ လက်မထပ်ခင်ကတည်းက ငြိစွန်းထားတာတဲ့၊ ကိုယ်ဝန်တောင် ရနေပြီပြောတယ်၊ ဒါက မင်းမျိုးမင်းနွယ်မို့ပေါ့၊ မဟုတ်ရင် သူ ရေနစ်သတ်ခံရမဲ့ သေဒဏ်ပဲ"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now