၈၈။ စိတ်ပျော့ပြောင်း

5.3K 824 29
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၈၈။ စိတ်ပျော့ပြောင်း

"ကျုပ်ကို ကြည့်မနေနဲ့၊ မလုပ်ရက်တော့ဘဲ နေမယ်"

ထိုအခိုက်အတန့်၌ အချိန်သည် ရုတ်တရက်ထူးဆန်းစွာ ရပ်တန့်သွားခဲ့၏။ အရာအားလုံး ကိုယ်ပိုင် အသံကို ဆုံးရှုံးလက်လွှတ်လိုက်ရသည့်ပမာ တိတ်ဆိတ်သွားခဲ့သည်။ အခန်းတွင်း တောက်လောင်နေသော မီးတိုင်များမှာ ထိုပုဂ္ဂိုလ်၏ မျက်ဝန်းများကို မယှဉ်သာ။ မျက်နှာသွင်ပြင်က ရင်းနှီးကျွမ်းဝင်ရှိလှသည်။ ချစ်သူတစ်ယောက် ချစ်စကား ဖလှယ်တီးတိုးပြောနေသယောင် ထင်ရသည်။ သို့သော် ထိုတောက်ပရွှန်းလဲ့နေသော မျက်ဝန်းများမှာမူ သတ်ဖြတ် ရန်လိုမှုတို့ ထူထဲ သိပ်သည်းနေခဲ့၏။

ရှဲ့ကျင်းရှင်း၏ အကြည့်တို့ အောက်ဘက်ဆီ ရွေ့လျောသွားတော့သည်။ သူ့လက်ဖဝါးတွင်လည်း နွေးထွေးမှု တစ်စွန်းတစ်စကို ခံစားရမိသည်။ လိပ်ပြာတောင်ပံပမာ ဖျပ်ဖျပ်လူးနေသည်ကို ခံစားလိုက်ရသည်။ အတောင်ပံကို တဖျပ်ဖျပ် ခတ်နေပါသော်လည်း ပျံသန်း ထွက်မပြေးနိုင်သည့်အလား ဖြစ်နေတော့သည်။

"ကောင်းယန် ထွက်သွား" ရှဲ့ကျင်းရှင်း ဆိုလိုက်သည်။

ကောင်းယန်လည်း မျက်မှောင်ကြုတ်မိတော့လေ၏။ "ဘာ သဘောလဲ"

"အရင်သွားနှင့်" ရှဲ့ကျင်းရှင်းက တည်ငြိမ်စွာသာ ဆိုသည်။

ကောင်းယန်သည် သူ့အား တစ်ချက်မျှ ပြန်ကြည့်လိုက်ကာ ဘာမှ မဆိုတော့ဘဲ အဝတ်စဖြင့် ပတ်ထားသည့် အထုပ်ကိုသာ ယူပြီး ထွက်သွားတော့သည်။ ခြေလှမ်းများ ပျောက်ကွယ်သွားသောအခါမှ ရှဲ့ကျင်းရှင်း ဖြည်းညှင်းစွာ လွှတ်ပေးလိုက်တော့၏။

သူ့လက်ဖဝါးကို ဖြန့်ကြည့်လိုက်သောအခါ မီးတိုင်အလင်းအောက် ဖြူဖျော့ဖျော့ အသားထက်၌ ပုလဲအကြည်လေးများ ရှိနေဟန်တွေ့တော့လေသည်။ 

ခုနက ရှန်မြောင် ငိုခဲ့ပုံရသည်။

ရှဲ့ကျင်းရှင်းကမူ ပျင်းရိလေးတွဲစွာ ပြော၏။ "သေရမှာပဲကို၊ ဘာကိစ္စ ငိုတာတုန်း" သူ ဆက်ပြောလိုသေးဟန် ရှိသော်လည်း မိန်းမငယ်၏ မျက်နှာထားကို တွေ့သောအခါ နှုတ်ပိတ်သွားတော့၏။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now