၁၀၆။ မိသားစုချင်း ခွဲထွက်မည်

4.2K 644 17
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC

၁၀၆။ မိသားစုချင်း ခွဲထွက်မည်

တင်းမြို့တော်ရှိ အမှုတွဲများအနက် ရှန်ယွမ်က စွန်းချိုက်နန်ကို မတော်တဆ သတ်မိမှုတွင်၊ အမှုကို လွန်စွာ သေသပ်၍ မြန်ဆန်စွာ ရုံးတင် ကြားနာ၍ စီရင်အရေးယူ ဆုံးဖြတ်ခဲ့ကြလေသည်။  ပထမဦးစွာ စွန်းထျန်းကျန်းက ညီလာခံ၌ အဆိုပြုလျှောက်တင်လွှာတင်သွင်းကာ ရှန်ယွမ်မှ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းဖြင့် ပေးဆပ်ပါရန် တောင်းဆိုခဲ့လေသည်။ ထိုသို့ ဖြစ်မလာပါက၊ မဖြစ်နိုင်ပါက မိမိသည် အသက်အရွယ်ကြီးမြင့်လာသည်ဖြစ်သောကြောင့် နှုတ်ထွက်အနားယူရပါတော့မည်ဟု ဘုရင်ဝန်ဟွေ့ကို အကျပ်ကိုင်ခဲ့လေသည်။ တာဝန်မှ နှုတ်ထွက်မည်။ ရာထားမှ အနားယူလိုက်တော့မည်ဟု ခြိမ်းခြောက်လေခြင်း။

ရှန်​ကွေ့နှင့် စာလျှင် ရာထူးဝန်မင်းကြီးက သာ၍ အရေးပါ အရာရောက်ပေသည်။ စင်စစ် စွန်းထျန်းကျန်းမှာ အရာရှိခန့်အပ်နေရာချထားရေး ရုံးတော်၏ ဝန်မင်းကြီးအဖြစ် တာဝန်ယူထားသည့် သက်တမ်း မနည်းတော့သည့်အပြင် အဆက်
အနွယ်ကွန်ယက်များစွာလည်း ရှိနေသည်။ သို့သော် သူ့နေရာ၌ အခြားသူတစ်ဦးတစ်ယောက်ကို အစားထိုးခန့်အပ်လိုက်လျှင် လုပ်ငန်းဆောင်တာများ ကမောက်ကမဖြစ်သွားရမည်ကို စိုးရိမ်ရ၏။ ထို့ကြောင့် ဝန်ဟွေ့ဘုရင်သည် စွန်းထျန်းကျန်း ကျေနပ်ရလောက်အောင် စီမံပေးရတော့လေသည်။ ဒုတိယအချက်အားဖြင့် ကျင့်ဝတ်နှင့် စာရိတ္တထိန်းသိမ်းကွပ်ကဲရေး အမတ်များ ဝန်ကြီးများကလည်း အမတ်အရာရှိတိုင်း၏ ပြစ်ချက်ဟူသမျှကို ဝေဖန်ရန် တည်ရှိနေလေရာ လူသတ်မှုတစ်ခုကို အဘယ်မှာ မျက်ကွယ်ပြုနိုင်ပါအံ့နည်း။ စွန်းထျန်းကျန်းက သားတစ်ယောက် ဆုံးရှုံးထားသဖြင့် ကျေအေးရန်စဲခြင်းအလို့ငှာ ညှိနှိုင်းရန် ခက်ခဲမည်ကို မဆိုထားဘိ။ စာရိတ္တနှင့် ကျင့်ဝတ်ထိန်းသိမ်းရေး အမတ်ဝန်ကြီးများကလည်း ရှန်ကွေ့နှင့် ရှန်ယွမ်ကို ပြစ်တင်ရှုတ်ချနေကြလေပြီ။

အံ့အားသင့်စရာ အကောင်းဆုံးကား ရှန်ကွေ့၏ သဘောထားပင်တည်း။ သူသည် ဘုရင်မင်းမြတ် ရှေ့တော်၌ ဒူးတုပ်ဝပ်တွားကာ ဤအဖြစ်ဆိုးကြီး ဖြစ်ရခြင်းမှာ မိမိက သားဖြစ်သူကို သွန်သင်ဆုံးမမှု ညံ့ဖျင်းခဲ့သောကြောင့်ဖြစ်၍ မိသားစုဆွေမျိုးထက် တရားမျှတမှုကိုသာ ရှေ့တန်းတင်မည်ဖြစ်ကြောင်း၊ ရှန်ယွမ်ကို အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းဖြင့် ပြန်လည်ပေးလျော်စေမည့်အကြောင်းကို မျက်ရည် နှာရည် ယိုတရွှဲရွှဲဖြင့် အာမခံ ကတိပြုခဲ့လေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now