၁၀၂။ လူပြောစရာ

3.8K 666 33
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၁၀၂။ လူပြောစရာ

"တံခါးဖွင့်လိုက်စမ်း...!"

ရှန်လောင်ဖူးရန် ထိုစကားများကို ပြောသောအခါ မျက်နှာထားက အနည်းငယ် တည်တင်းစပြုနေချေပြီ။ ပွဲလာကြသော ဖူးရန်၊ မင်းကတော်များလည်း ရုတ်ရုတ်သဲသဲ အခြေအနေများကို လာကြည့်ကြသဖြင့် အနီးအနားတွင် ရှိနေဆဲ။

ချန်ရော့ချိုးက ဖျောင်းဖျလေသည်။ "အမေ စိတ်မဆိုးပါနဲ့နော်၊ ကြည့်ရတာ တချို့ ဧည့်သည်တွေ အခန်းမှား ဝင်သွားကြတာနေမှာပေါ့" ပြောပြီးသည်နှင့် သူမက နံဘေးနားရှိ မိန်းမစေများကို အကြည့်တစ်ချက်ပေးလိုက်ရာ ၎င်းတို့က ရှေ့တက်သွားပြီး တံခါးတွန်းဖွင့်လိုက်ကြလေသည်။

တံခါးမှာ တင်းတင်းကျပ်ကျပ် ကလန့်ထိုးပိတ်ထားသည်ဟု ထင်ရသော်လည်း အမှန်မှာ ထိုသို့ မဟုတ်၊ အသာကလေး တွန်းလိုက်ရုံနှင့် ပွင့်သွားတော့လေသည်။ ထို့နောက်မှာတော့ ထိတ်လန့်အံ့သြ အာမေဋိတ်သံကြားလိုက်ရသည်နှင့်အတူ မိန်းမစေကလေး နှစ်ယောက်လည်း အလန့်တကြားခုန်ထ၍ ခြေနှစ်လှမ်း ပြန်ဆုတ်သွားမိကြတော့လေသည်။

သူတို့ ဒီလိုဖြစ်သည်ကို တွေ့ရသောအခါ စိတ်ထဲ စနိုးစနှောင့်များ ဖြစ်လာကြမိတော့လေသည်။ ရှန်လောင်ဖူးရန်လည်း ဒေါသထွက်နေဟန်ဖြင့် အော်တော့လေ၏။ "ဘာတွေ ဖြစ်နေကြတာလဲ"

မိန်းမစေလေးတစ်ယောက်မှာ တုန်လှုပ်ခြောက်ခြားဖြစ်ရလွန်း၍ ကောင်းကောင်းမွန်မွန်ပင် မတ်တတ်မရပ်နိုင်တော့သည့်ပမာ တံခါးကို မှီလိုက်လေသည်။ သို့သော် တံခါးကို တွန်းလိုက်သကဲ့သို့ ဖြစ်သွားပြီး အခန်းတွင်းမှ အခြေအနေကို အားလုံးမြင်သာအောင် ပြသသကဲဲ့သို့ ဖြစ်သွားချေသည်။ အပြင်ဘက်မှ မြင်တွေ့လိုက်ရသူတိုင်း ပင့်သက်မရှိုက်ဘဲ မနေနိုင်ကြတော့ပေ။

လက်ဖက်ရည်ခန်းမှာ လွန်စွာ ကျဉ်းသည်။ မူလကတည်းက ခေတ္တနားနေရန် နေရာအဖြစ်သာ ရည်ရွယ်ထားသဖြင့် ဘီရိုသေတ္တာငယ်တစ်လုံးနှင့် စားပွဲ ကုလားထိုင် တစ်စုံမျှသာ ရှိလေသည်။ လောလောဆယ်တွင် လက်ဖက်ရည် ခွက်ယောက်ကရားများမှာ အစိတ်စိတ်အမွှာမွှာကွဲကြေနေပြီး ဘီရိုအောက်၌ ပြန့်ကျဲကျနေသည်။ သလွန်ငယ်ကလေးပေါ်တွင်တော့ လူနှစ်ယောက် ကိုယ်ချင်းထပ်လျက် လျောင်းနေကြသည်ကို တွေ့ရလေသည်။ မိန်းကလေး ခန္ဓာကိုယ်ပေါ် အုပ်မိုးလျက် ယောက်ျားတစ်ယောက် ဖိလှဲနေသည်ကို အထင်းသား ပြတ်သားရှင်းလင်းစွာ တွေ့မြင်ရနိုင်သည်။ ခုနက ကြားလိုက်ရသော အသံမှာလည်း ရုန်းရင်းဆန်ခတ် အခြေအနေအတွင်း လက်ဖက်ရည် ပန်းကန် ကရားတို့ ကျကွဲသံဖြစ်လောက်ပေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now