၉၈။ သရုပ်ဖော်ပြသ

3.9K 604 29
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - NC, Edge

၉၈။ သရုပ်ဖော်ပြသ

ကျင်းချူးချူးနှင့် ကျင်းကွမ်ရှန်းတို့ ရောက်လာသည့် ပထမဆုံးနေ့မှစ၍ ရှန်အိမ်တော်အတွင်း အခြေအနေရပ်ဝန်းက မသိမသာ ပြောင်းလဲသွားပြန်သည်။ ရှန်လောင်ဖူးရန်မှာ တစ်ကိုယ်ကောင်းဆန်၍ ကတ်စေးနဲတတ်သည်၊ နွေးထွေးဖော်ရွေမှု မရှိ၊ သဘောထား မကြီးသည်ကို လူတိုင်းက သိထားပြီးသား၊ သို့သော် နှစ်ပေါင်းများစွာအတွင်း အဆက်အသွယ် လုံးဝ မရှိခဲ့သည့် သူမ၏ မိဘမျိုးရိုးဘက်မှ တူမြေးမနှင့် မြေးတို့ အပေါ်မူ သူမက အေးတိအေးစက် မဆက်ဆံဘဲ ကြင်နာနွေးထွေးစွာ ဆက်ဆံသည့်အပြင် လက်ဆောင်များ မုန့်ဖိုးများပင် မကြာမကြာ ပေးလိုက်ချေသေး။

သို့သော် အနှီဧည့်သည်နှစ်ယောက်မှာ မိမိတို့ အိမ်သို့ ပြန်ရန် အစီအစဉ် မရှိသည့်ပမာ ရှန်အိမ်တော်၌ ကာလကြာရှည် နေထိုင်မှီတင်းမည့် အရိပ်အယောင်များ ရှိနေလေသည်။ ရှန်လောင်ဖူးရန်က သူတို့နှစ်ဦးကို တလေးတစား အရေးပေးသောကြောင့် အစေခံများကလည်း ၎င်းတို့ကို လေးလေးစားစား ပျူပျူငှာငှာ ဆက်ဆံကြရလေ၏။

ရှန်အိမ်တော်၏ အရှေ့ဘက်ခြံဝန်း၊ ချိုင်ယွင်ယွမ်၏ အရံခန်းဆောင် တစ်ခုသ၌ ဝန်ယိညန်သည် ချည်ကြိုးဖြင့် အိတ်တစ်လုံး ထိုးချုပ် လုပ်နေသည်။ ရောင်စုံ ချည်ကြိုးကလေးများက ရှုပ်ထွေးပွေလီသော သဏ္ဌာန်ရုပ်သွင် ပေါ်လွင်လာကြလေသည်။ သူမကတော့ နံဘေးနားရှိ ကန့်လန့်ကာနောက်တွင် ထိုင်ကာ လက်ရေးလှကျင့်နေသော ရှန်တုန်းလင်နှင့် စကားပြောနေလေသည်။ "လောင်ဖူးရန်ပဲ စိတ်နေသဘောထား ပြောင်းလဲသွားသလား၊ ဝမ်းကွဲသခင်မလေးနဲ့ သခင်လေးအပေါ်ကို ဒီလောက်တောင် ကောင်းနေတာ၊ လင်အာအပေါ် ကောင်းတာထက်ကို ပိုနေပြီရယ်"

"လောင်ဖူးရန်က ဘယ်တော့မှ တွက်တာချက်တာ မမှားတတ်ဘူး" ကန့်လန့်ကာ နောက်ကွယ်၌ ထိုင်နေသော ရှန်တုန်းလင်မှာ ယခင်ကနှင့်စာလျှင် မျက်နှာထားအရောင်အသွေးများ ပိုတက်လာပြီဖြစ်လေသည်။ အနည်းဆုံး ယခင်ကလောက်တော့ ဖြူဖျော့မနေတော့ပေ။ ယခုနောက်ပိုင်း ရှန်ကွေ့က ဝန်ယိညန်ခန်းဆောင်သို့ မကြာမကြာ လာရောက်တတ်သောကြောင့် သူမအပေါ်ကိုလည်း သူက ပို၍ ဂရုစိုက်ဖြစ်လာသည်။ သူမတို့သားအမိအတွက် အာဟာရပြည့်ဝသော ဆေးမြစ် ဆေးဝါးများပါ ပို့ပေးခဲ့လေသည်။ ရှန်ကွေ့၏ သဘောထားက ချိုင်ယွင်ယွမ်ရှိ အစေခံများ၊ နေထိုင်သူအားလုံးအတွက် သဲလွန်စသဖွယ် အရိပ်အမြွက်ပြနေပြီဖြစ်သော်လည်း အချို့ကတော့ စောင့်ကြည့်အကဲခတ်နေဆဲ။ ရမ့်ဝန်ယွင် ရူးသွားပြီဖြစ်သော်လည်း တိသခင်လေးတစ်ပါးဖြစ်သော ရှန်ယွမ် ကျန်နေသေးသည်။ ဝန်ယိညန် မည်မျှပင် အလေးပေး မြတ်နိုးမှု ရယူနိုင်ပါစေ၊ ရှန်တုန်းလင်မှာ သမီးတစ်ယောက်သာ ဖြစ်နေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now