၈၆။ သွေးချောင်းစီး

5.4K 877 18
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၈၆။ သွေးချောင်းစီး

မင်္ဂလာဝေါယာဉ်တန်းက မြို့တော် တစ်ဝက်နီးပါး လှည့်လည်သွားပြီးနောက်တော့ ပထမအဆင့်မင်းသားယွီ၏ အိမ်တော်သို့ ရောက်လာကြတော့လေသည်။

မင်းသားယွီ အိမ်တော်သို့ ရောက်နေနှင့်သော ဧည့်သည်များလည်း ရှိသည်။ မင်းသားယွီသည် သာမန်အားဖြင့် ခက်ထန်ရက်စက်သည်ဟု သတ်မှတ်ခံရသော်လည်း မင်းညီမင်းသားတစ်ပ်းဖြစ်သောကြောင့် မင်းမှုထမ်း အရာရှိ၊ မင်းစိုးရာဇာများက ပွဲခမ်းပွဲနားရှိလျှင် လာရောက်ကြရလေသည်။ ဝန်ဟွေ့မင်းကြီးနှင့် မင်းသားများ ရောက်မလာသေးသော်လည်း နန်းတော်တွင်းမှ ပို့သလာသော လက်ဆောင်လက်ဖွဲ့များကတော့ ရောက်နှင့်လေပြီ။

ဤရက်ပိုင်းအတွင်း ဝန်ဟွေ့မင်းကြီး၏ တုံ့ပြန် ဆက်ဆံပုံသဘောထားက မင်းသားယွီကို စိတ်မချမ်းမြေ့စေ၍ ဖြစ်ပါလိမ့်မည်။ နန်းတော်တွင်းမှ တမန်တော်များ ရောက်လာကြသောအခါ၌ မင်းသားယွီ အဖက်မလုပ်၊ မလှုပ်ရှားဘဲ အခြားသူမှ တဆင့် ကျေးဇူးတင်စကားပြောစေပြီး မင်္ဂလာသေရည်ကိုလည်း ကိုယ်တိုင် မကမ်းလှမ်းဘဲ နေလေသည်။ နန်းတော်မှ ကိုယ်စားပြုလာရောက်သော ကုန်းကုန်းကြီးမှာ ဤအဖြစ်ကို ကြုံတွေ့ရသောအခါ စိတ်ထဲမှ ကြိတ်၍ အေးစက်စွာ လှောင်ရယ်လိုက်မိလေသည်။ အခြားသူများ အမြင်တွင်တော့ ၎င်းတို့မှာ သင်းကွပ်ခံထားရသူများသာ ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် စင်စစ်မှာမူ ၎င်းတို့သည် မင်းကြီးနှင့် အနီးကပ်အပါးတော်တွင် ခစားကြရသူများ ဖြစ်လေသည်။ မင်းသားယွီနှင့် မင်းကြီးအကြား၌ ကတောက်ကဆ ပြဿနာများ ရှိနေပုံရသည်။ မင်းသားယွီက ရှေးယခင်ကနည်းတူ မောက်မာနေသေးသော်လည်း မင်းကြီးကတော့ ယခင်ကကဲ့သို့ သည်းခံ သဘောထားကြီးပေးတော့မည် မဟုတ်ပေ။ ယနေ့ မင်းသားယွီ၏ အပြုအမူက ဘုရင်ဝန်ဟွေ့ကို ပို၍ အမျက်ဒေါသထွက် စိတ်ခုသွားစေနိုင်ပေသည်။

နန်းတော်တွင်းမှ တမန်ကိုယ်စားလှယ်များ ပြန်သွားသောအခါမှ မင်းသားယွီ မျက်နှာ ပြန်လှည့်လာပြီး ဧည့်သည်များကို ကြိုဆိုရန် အစေခံများအား ညွှန်ကြား အမိန့်ပေးတော့သည်။ ယနေ့တွင် ပထမအဆင့် မင်းသားယွီသည် အနီရောင်တောက်တောက် သတို့သား ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံ ပိတ်သားနှင့် ထိုးချုပ်အလှဆင်ထားသော ပန်းထိုးဇာထိုးပုံဖော်ထားမှုများမှာ လွန်စွာ တင့်တယ် သားနားလှသော်လည်း သူ့ခန္ဓာတွင် ဝတ်ဆင်လိုက်သောအခါတွင်မူ ခြေတစ်ဖက်နေရာတွင် လစ်ဟာနေသောကြောင့် ကြည့်ရခက်နေတော့သည်။ ထိုမျှမက ရုပ်ရည်မှာ ကြမ်းတမ်းသော်လည်း အမြဲမပြတ် ပြုံးပြနေသေးသည်။ သူ ဘယ်သူ့အတွက် ပြုံးပြနေသည်ကို မသိကြသော်ငြား သူ့အပြုံးကို မြင်ရသူတို့အဖို့ ကြက်သီးမွေးညင်းများပင် ထောင်ထ ကျောချမ်းသွားကြရလေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now