၇၇။ အပြန်အလှန်

7.7K 1.1K 99
                                    


Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Xiao
Editor - No Cause

၇၇။ အပြန်အလှန်

________

ကနဦး၌ ကျွတ်ကျွတ်ညံနေသောခန်းမမှာ တမဟုတ်ချင်းငြိမ်ကျသွား၍ လူတိုင်း၏အကြည့်သည် လော့ရွယ်ယန်နောက်ရှိ ခရမ်းရောင်ပုံရိပ်ပေါ် သက်ဆင်းကြကုန်သည်။

မိန်းမငယ်လေးသည် အပေါ်ရုံမပါပဲ ပွင့်ချပ်များစွာပါသော ခရမ်းရောင်ပိုးချည်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် သူမ၏သေးသွယ်သော ကိုယ်ဟန်ကိုပေါ်လွင်နေစေသည်။ သူမက အသာအယာမေးပင့်ထားလျက် ဘေးတစ်ဖက်တစ်ချက်စီရှိဂုဏ်သရေရှိမင်းကတော်တို့မှာ သူမ၏အကြည့်နှင့် မတူတန်သည့်အလား ရှေ့ကိုသာ တန်းတန်းမတ်မတ်မျက်နှာမူထား၏။ သူမ၏ အသားအရည်မှာ ထိုးဖောက်မြင်ရလုအောင် ဖြူဖျော့နေသော်လည်း မျက်လုံး မျက်ခုံးများကမူ သိမ်မွေ့လှပစွာရှိနေသည်။ စွဲဆောင်မှုအရှိဆုံးက စူးရှသောမျက်ဝန်းတစ်စုံပင်။ သူမ၏ မျက်လုံးများမှာ ဝိုင်းစက်၍ ကြည်လင်ရုံသာမက သားပေါက်လေးတစ်ကောင်လို အပြစ်ကင်းပုံပေါ်၏။ လမင်းအစင်းတစ်ရာကို မြင်ဖူးသလိုလည်း တည်ငြိမ်နေ၏။ ခက်ထန်သောအသွင်အပြင်တွင် နူးညံ့မှုတို့တွဲစပ်တည်ရှိနေခြင်းက သူမကို ဆန့်ကျင်ဘက်အလှတရားနှင့် ပြည့်စုံနေစေသည်။

သူမက လော့ရွယ်ယန်၏ခြေလှမ်းအတိုင်း ခန်းမအလယ်သို့ လျောက်လှမ်းလာသည်။ လော့ရွယ်ယန်၏ သေသပ်ရှင်းလင်းသော လှုပ်ရှားမှုနှင့် မတူဘဲ မိန်းမငယ်လေး၏ လက်များက ရှေ့၌သွယ်ယှက်ထား၏။ လက်နှစ်ဖြာမှာ တောင့်တင်းမနေ၊ အကြိမ်တစ်ထောင်လောက်ပြုမူဖူးသကဲ့သို့ သူမနှင့်အကျွမ်းတဝင်ရှိလှသည်။ သူမ၏ ဝတ်ရုံရှည်ကား သူမ ခြေလှမ်းတိုင်း အသာအယာခါရမ်းလျက်၊ သူမကဲ့သို့ အလုံးစုံပွင့်လန်းနေသော ပန်းဝတ်လွှာလေးများနှင့် ပွင့်ဖတ်လေးတို့ကိုမူ လှစ်ခါမမြင်စေပေ။ သူမ၏ အပြုအမူတိုင်းက သဘာဝကျကျနှင့် ခြေလှမ်းတိုင်းသည်လည်း ညီညာကာ ကျက်သရေရှိတင့်တယ်လှသည်။ ပွဲတက်ရောက်လာသည့်အမျိုးသမီးတိုင်းက မင်းမျိုးသာကီနွယ်များ ဖြစ်ကာ နန်းတွင်း အထိန်းတော်ကြီးများပင့်ဖိတ်၍ ပြင်းပြင်းထန်ထန်လေ့ကျင့်သင်ကြားဖူးသူချည်းသာ။ သူတို့အနေနှင့် သူတို့ကိုယ်ကိုကောင်းစွာ ပြုမူနေထိုင်တတ်သည်ဟု ထင်ခဲ့ကြသော်လည်း ယခုမိန်းမငယ်လေးကို တွေ့ချိန်မှာတော့ အံ့အားသင့်ကုန်ကြသည်။ ဖြစ်တန်သည်က သူတို့ကပဲ ဤသို့ဣနြေအပြည့်နှင့် မလျှောက်တတ်ကြသည်လား။

အလေ့အကျင့်ကို တစ်ခါတစ်ရံတုပ၍ ရတတ်ပေသိ အတွင်းစိတ်ကိုတော့ အတုခိုး၍မရချေ။ ခရမ်းရောင်မိန်းမပျိုသည် မျက်နှာထားအမူအရာနတ္ထိကင်းလျက် တည်ငြိမ်နေပုံမှာ ဤလျှောက်လမ်းက သူမ၏ အိမ်နောက်ဖေးလိုလို။ အကြောက်အလန့်မရှိ၊ အပူအပင်မရှိ အမှားအယွင်းလည်းမရှိချေ။ ရိုးရိုးရှင်းရှင်းလှမ်းလျှောက်နေသည်ကပင် သူမသည် တလောကလုံး၏ အထက်၌ရှိနေသလို ခံစားရစေသည်။

သူမက နန်းတော်၏ အရှင်သခင်လေ အလား။

အမျိုးသမီးအပေါင်းတို့မှာ ဖြတ်ခနဲပေါ်လာသောထိုအတွေးကြောင့် လန့်ဖြန့်ကုန်သည်။ ဆိုရလျှင် ထိုမိန်းကလေးဆိုသည်က အခြားသူမှမဟုတ်ဘဲ  အရူးမ ရှန်မြောင်ဖြစ်သည်လေ။

အစောပိုင်းက ကျောင်းတော်စာမေးပွဲကြီးအတွင်း ရှန်မြောင်၏ပြောင်းလဲသွားမှုကို အားလုံးမြင်တွေ့ခဲ့သည်။ သို့သော်လည်း ထို့နောက်ပိုင်း ရှန်မြောင်နှင့် ရှန်ချင်းတို့ နှစ်ဦးသား ဖျားနာကြ၍ အိမ်တွင်းအောင်းနေကြသဖြင့် ကွမ်ဝမ့်ထန်ကိုပင် မသွားကြတော့။ ကျောင်းတော်စာမေးပွဲ၌ သူမ ချိုင်လင်းကိုအနိုင်ယူခဲ့သော်လည်း၊ ထိုအောင်နိုင်ခြင်းက သူမ၏ ရန်လိုမှု ရဲရင့်မှုတို့ကိုသာ တွေ့မြင်စေခဲ့ခြင်း။ ကျင့်ဝတ်နှင့် စိတ်နေသဘောထားဟူသည် တစ်ညတည်းသင်ယူ၍ မတတ်မြောက်နိုင်။ ရှန်မြောင်မှာ နှစ်လကြာရှည် အိမ်တော်အပြန်ကြိုဆိုပွဲတိုင်း အရူးလုပ်ခံရမြဲ၊ အရှက်ကွဲတတ်စမြဲ။ ယနေ့တော့ တစ်ချက်ကြည့်ရုံနှင့်ပင် ရှန်မြောင်သည် ယခင်ကနှင့် လုံးလုံးလျားလျားကွဲပြားသည့် လူတစ်ယောက်ဖြစ်နေမည်ဟု မည်သူ ခန့်မှန်းနိုင်အံ့နည်း။ သူမ၏ လှုပ်ရှားမှုတိုင်းက အမှားတစ်ချက်မရှိရုံမျှမက ခန်းမထဲရှိ အရာရှိသမီးကညာများအားလုံး ရှန်မြောင်နှင့် နှိုင်းယှဉ်၍ မသာ။

ရှန်မြောင်မှာ လော့ရွယ်ယန်၏ နောက်ပါးမှလိုက်ပါလာပြီး လူတိုင်း၏အကြည့်‌အောက်တွင်ရှိနေသော်ငြား သူမ၏နှုတ်ခမ်းထောင့်စွန်းတို့ တုန်ရီနေသည်ကိုမူ မည်သူမှ သတိမထားမိကြချေ။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးသည့်နောက် သူမ ဤဌာနကို နောက်တစ်ကြိမ်ပြန်လာခဲ့ပြီ။  သူမယခင်ဘဝက မိမိကံကြမ္မာမိမိဖန်တီးယူရသော ဤအကျဉ်းစခန်းထဲ၌ ကြိုးစားရုန်းကန်ခဲ့ရသည်။ ယခုဘဝမှာရော ဤနန်းတော်က သူမကိုပိတ်လှောင်ထားနိုင်ဦးမလား သိချင်စမ်းပါ၏။

ဤနေရာက အုတ်တစ်ချပ် ကျောက်တစ်ပြားစီတိုင်းကို သူမ စွဲနေအောင်မှတ်မိသည်ကြောင့် မျက်လုံးမှိတ်လျှောက်လျှင်ပင် လမ်းမပျောက်နိုင်။ နေ့စဉ်ရက်ဆက်ကျင်းပသည့် ငြီးငွေ့စရာနန်းတွင်းပွဲတော်တိုင်းမှာလည်း သူမ အရိုးထဲမှာအမြစ်တွယ်လုလု။ သူမမျက်လုံးများမှိတ်လိုက်လေသည့်အခါတိုင်း ဤခန်းမဆောင်ထဲမှာပဲ ဝန်ယွင်ကသူမထံမှ သရေစာ တောင်းနေပုံများ၊ ဖုမင်ကတိုင်းရေးပြည်ရေးအကြောင်းတွေးတောရင်း ခေါင်းခါရမ်းနေပုံများကို မြင်ယောင်လာမိသည်။ အချစ်၊ အမုန်း ထိုနှစ်ခုစလုံးမှာ လေးလံလှ၏။ အခါးနှင့် အချိုလည်း ရောနေသည်။ သူမ တဖန်ပြန်ရောက်လာချိန်၌  ‌ခံစားချက်များ ရှုပ်ထွေးလှသည်။ သူမနှလုံးအိမ်မှာတော့ ကလဲ့စားချေခြင်း အမုန်းမီးတောက်များ တောက်လောင်၍နေသည်တည်း။

ရှောင်လိဇီသည် သူရဲကောင်းမယ်အနောက်ရှိ ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးငယ်ကိုကြည့်ရင်း သူ့နှလုံးသားမှာ ခုန်လှုပ်သွားမိသည်။ ယခုလေးတင် ဥယျာဉ်တော်ထဲ၌ နန်းတွင်းအစေခံများက ရှန်ရှင်း၏ တိသမီးမှာ အရူးငတုံး၊ သူမိုက်မတစ်ယောက်ဟု ပြောနေခဲ့ကြသည်မဟုတ်ပါလား။ သူ ကိုယ်တိုင်မြင်တွေ့ရ‌သောအခါ  ကြားထားသည့်အတိုင်း ဟုတ်မနေ။  ကြီးကျယ်ခန်းနား၍ တော်ဝင်နန်းဆန်သော အငွေ့အသက်များက သူမ၏ ဝန်းကျင်ပတ်လည်တွင် လွှမ်းခြုံထားကာ မည်သူမှ ထိုသို့ဩဇာအရှိန်အဝါမျိုး မထုတ်လွှတ်နိုင်။ ဤသို့သော လူစားက အဘယ်မှာ သူရူးဖြစ်နိုင်အံ့နည်း။

သူ တွေးတောနေခိုက် ထိုမိန်းကလေး၏ အာရုံစူးစိုက်ထားသောမျက်ဝန်းတစ်စုံက သူ့ထံဝဲပျံလာသည်။ ယခင်က ရှန်မိသားစုတွင် ဤမိန်းကလေးအား သူ မမြင်ဖူးသည့်အတွက် တခဏအတွင်း စိတ်တင်းကြပ်သွားရသည်။ ဤသည်မှာ လူကြီးသူမဘိုးဘေးများ ပြော​တတ်ကြသည့် ရေစက်ကံကြမ္မာဆိုသည်များလား။ ဤရှန်သခင်မလေးက သူ့ကို သတိထားမိသတဲ့လား။ သူ့ရင်ထဲ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားခြင်းတို့ ပြည့်နှက်လာသည့်အခါ ရှန်မြောင်ကမူ မတော်တဆကြည့်မိသည်အလား မျက်နှာလွှဲသွားခဲ့ပြီ။ ရှောင်လိဇီတစ်ယောက် သူ့နှလုံးသားမှ တစ်စုံတစ်ရာဆုံးရှုံးသွားသည့်အလားခံစားလိုက်ရသည်။ အကြောင်းအရင်းအားမသိသော်ငြား သူသာ ယခုရှန်သခင်မကလေးနှင့် လက်တွဲနိုင်ခဲ့လျှင် သူ့အတွက်ကံကောင်းခြင်းက စောင့်ကြိုနေမည်ထင်။ ကံကောင်းခြင်းနှင့် ဆက်နွယ်နိုင်မည့်အခွင့်အရေးကို သူ ယခုလက်လွှတ်လိုက်ရပြီလား။

ရှောင်လိဇီတစ်ယောက် မိမိ စိတ်တွင်းရှုပ်‌ထွေးနေသော အတွေးများကို မရှင်းလင်းနိုင်သေးခင်မှာပင် ခန်းမဆောင်၏အပြင်ဘက်ရှိ အရပ်ရှည်ရှည်သခင်မကြီးတစ်ဦးက ရယ်သွမ်းလိုက်၏။ "ရှန်ဖူးရန် ရှင်က လူကိုစောင့်ရအောင်လုပ်တယ်နော်"

လော့ရွှယ်ယန်က မသိမသာမျက်မှောင်ကြုတ်လိုက်ပြီး အပြုံးပန်းတစ်ပွင့်ဆင်မြန်းလိုက်သည်။ "လမ်းမှာ နည်းနည်းကြန့်ကြာသွားတယ်ရှင်"

"ပဉ္စမသခင်မလေးက တစ်ရက်ပြီးတစ်ရက်အရွယ်ရောက်လာပါလား" အရပ်ရှည်ရှည် သခင်မကြီးတစ်ဦး၏ မျက်လုံးများက ရှန်မြောင်ကိုကြည့်ရင်း အမှန်တစ်ဝက် မုသားတစ်ဝက်ပါသောစကားကို ဆိုလာသည်။ "သူမလေး စေ့စပ်တော့မယ်ဆိုတာ အမှန်ပဲလား။ စတွေ့တုန်းကဆိုရင် သူ ငယ်ငယ်လေးပဲရှိသေးတယ်"

လော့ရွှယ်ယန်၏အပြုံးက မဆိုင်းမငံ့ကွယ်ပျောက်သွားတော့လေသည်။ ရှန်မြောင်၏စေ့စပ်ကြောင်းလမ်းမှုက မရိုးမသား ပဟေဋိဆန်ဆန်ဖြစ်နေသည်ကို လော့ရွှယ်ယန်သိထားပြီးဖြစ်သည်။ ဤသည်မှာလည်း သူမနှင့် သူမခင်ပွန်းနောက်ကွယ်၌ ရှန်အိမ်တော်က တစ်ဖက်သတ် ခေါင်းညိတ်ခဲ့သည်မို့ သူမကတော့ လုံးဝသဘောမတူနိုင်။ ဝေ့အိမ်တော်ကို ဆန့်ကျင်ရရန်ကိုလည်း သူမ မကြောက်။ ဝေ့အိမ်တော်၏ နောက်ခံအသိုင်းအဝိုင်းက မဆိုးလှသော်လည်း ရှန်ရှင်းနှင့် မယှဉ်သာ။ ရှန်မြောင်၏ပျော်ရွှင်မှုကသာ အခရာဖြစ်သောကြောင့် ယခုကိစ္စမှာ
အလွန်ဆုံးရှိမှ  ဝေ့မိသားစုကိုဆန့်ကျင်ရုံမဟုတ်ပါလား။ ထိုမျှမက ဝေ့ဖူးရန်လည်းပဲ ပွဲတက်မလာ။ ရှန်မြောင်အတွက် ကိစ္စများကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် ဆုံးဖြတ်ထားခြင်းကြောင့် လော့ရွှယ်ယန် ဤသို့ဖြေလိုက်သည်။ "ဒါက ဘယ်လိုစကားပါလိမ့်၊ ကျွန်မတို့ ကျောင်ကျောင်းကအရွယ်ရောက်လာတာနဲ့ အစောကြီး အိမ်ထောင်ပြုဖို့မလိုဘူး။ ကျောင်ကျောင်းကို ကျွန်မဘေးမှာ အတော်‌လေးကြာအောင် ‌ထားဦးမှာပါ"

ထိုသို့ပြောလိုက်သော် မင်းကတော်များနှင့် သ‌ခင်မလေးများ အံဩသွားကြ‌ရလေသည်။ ရှန်မြောင်စေ့စပ်ထားသည့်အကြောင်းက လွန်ခဲ့သော ရက်များအတွင်း ဟိုးလေးတကျော် ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလား။ ထို့အပြင် ရှန်လောင်ဖူးရန်၏ မွေးနေ့ပွဲ၌ ရှန်အိမ်တော်တစ်ခုလုံးကလည်း အတည်ပြုလိုက်သလိုလိုရှိသည်။ လော့ရွှယ်ယန်အလှည့်ရောက်ခါမှ မဟုတ်ဘူးတဲ့လား။

အရပ်ရှည်ရှည်သခင်မကြီးက မျက်လုံးများမှေးစင်းလိုက်ကာ တစ်စုံတစ်ရာအမှားအယွင်းကို ရှာတွေ့လိုက်သည့်အလား သူမ၏အပြုံးက အလေးတနက်ဖြစ်လာသည်။ "ဘယ်လိုရယ်၊ ဒါဆို ရှန်ဖူးရန်က ပဉ္စမသခင်မလေးကို အနားမှာထားဦးမယ်ပေါ့လေ၊ ဒါပေမဲ့ ဟိုနေ့ကပဲ ပဉ္စမသခင်မလေးကစေ့စပ်ပြီးပြီဆို. . ."

"သခင်မက ဟာသပြောတတ်တာပဲ" လော့ရွှယ်ယန်သည် သိက္ခာကျမည်ကိုမမှုသလို ရှန်မိသားစု၏ အိမ်တွင်းရေးပဋိပက္ခအား လူသိမည်ကိုလည်းမစိုးရိမ်ချေ။ ရှန်မိသားစုလို ဆွေမျိုးများနှင့် ချစ်ကြည်ဟန်နေပြစရာလည်းမလိုတော့။ သူမက မျက်မှောင်ကြုတ်ကာ ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။ "မိဘတွေမသိဘဲ သမီးဖြစ်သူက စေ့စပ်တယ်ဆိုတာ ဘယ်လိုတောင်ကျိုးကြောင်းမညီတာပါလိမ့်၊ သခင်ကြီးနဲ့ ကျွန်မက ဖူးရန် ဘာပြောချင်တယ်ဆိုတာ လုံးဝမသိဘူးရယ်။ ဒါကို ‌စေ့စပ်တဲ့အကြောင်း ဘယ်လိုတောင်ပြောရဲရတာလဲ"

လော့ရွှယ်ယန်ပြောပြီးသည်နှင့် သူမ ပတ်ဝန်းကျင်တွင် တီးတိုးစကားသံများပျံ့လွင့်လာသည်။ အရပ်ရှည်ရှည်သခင်မက လော့ရွှယ်ယန် ထိုသို့ပြောလာမည်ဟု တွက်ဆမထား၍ တစ်ခဏတော့ ကြောင်အသွားလေသည်။

မိဘရင်းတွေက မိမိတို့၏ သမီးကညာစေ့စပ်သည်ကို မသိစရာအကြောင်းမရှိ။ ရှန်မြောင်၏စေ့စပ်မှုကို လော့ရွှယ်ယန်နှင့် ရှန်ရှင်း မသိပါက အကြောင်းအရင်းတစ်ခုသာရှိသည်။ ရှန်မိသားစုက သူတို့ကိုဖုံးကွယ်ထား၍ဟူသည့် အကြောင်းအရင်း။ ရှန်မိသားစုသာ ထိုကဲ့သို့ဖုံးကွယ်ထားခဲ့ရိုးမှန်လျှင် ကွယ်ဝှက်ထားသောရည်ရွယ်ချက်များရှိမည်ထင်။

လူတိုင်း အတွေးကိုယ်စီဖြင့်ရှိနေစဉ် ရမ့်ဝန်ယွင်၊ ချန်းရော့ချိုးနှင့် ကျန်လူများလည်း ရောက်လာခဲ့သည်။

ရှန်ကွေ့နှင့် ရှန်ဝန်မှာ ပုံမှန်အတိုင်းအမျိုးသားများရှိရာ ပင်မခန်းမဆောင်သို့ ဦးတည်သွားကြသည်။ ရမ့်ဝန်ယွင်က ရှန်ချင်းကို တွဲခေါ်လာကာ ချန်းရော့ချိုးနှင့် ရှန်ယွဲ့က ‌ဖြည်းဖြည်းချင်းလျှောက်လှမ်းလာကြသည်။

ရှန်ချင်းသည် အဖျားရောဂါကြောင့် အိပ်ရာထဲခြေချုပ်နေရာမှ ယခုကပထမဆုံးအကြိမ်လူသူရှေ့ထွက်ပေါ်လာခြင်းပင်။ ဤရက်များအတွင်း သူမ အားနည်းကာဖြူဖျော့လာခဲ့သည်။ သူမမှာအရွယ်ကောင်းကလေးဖြစ်ပေသိ၊ အနည်းငယ်အိုစာသွားသည့်လက္ခဏာရှိ၏။ သူမသည် နွမ်းလျငြိုးငယ်နေသည့် ပုံရိပ်မပေါ်လွင်စေရန်  ပေါင်ဒါထူထူ ပါးနီထူထူအုပ်ထားကာ အနီရောင်ကိုဝတ်ဆင်ဖြစ်သည်။ အမှန်မှာ ရှန်ချင်း ထိုသို့အရောင်တောက်တောက်မဝတ်ဆင်ခဲ့သင့်။ ဤသည်မှာ အတိတ်နှင့်ယှဉ်လျှင် အနည်းငယ်မူမမှန်ချေ။ သူမ၏ ဝမ်း၌ ရင်သွေးကလေးလည်း ရှိနေသေးတော့ မည်မျှဖုံးဖုံး ခြေလှမ်းများက မဆိုစလောက် ယိမ်းယိုင်နေ‌သေး၏။

ရှန်ယွဲ့မှာမူ ခါတိုင်းလိုပင် ညင်သာစွာယိမ်းနွဲ့နေသည့် အညိုဖျော့ဖျော့ဂါဝန်ရှည်ကို ဝတ်ဆင်ကာ မိတ်ကပ်ပါးလေးနှင့် အားနွဲ့၍ ထူးချွန်ထက်မြက်သော သိမ်မွေ့နူးညံ့‌သည့်အလှပဂေးလေးအလား။ အတိတ်ကဆိုလျှင် သူမသည် လူတိုင်း၏ အာရုံကိုဖမ်းစားနိုင်မည်မှာမလွဲ၊ ကံမကောင်းစွာနှင့် ယနေ့အနေအထားမှာ ကွဲပြားလို့နေသည်။ ရှန်မြောင်၏ ထူးခြားသောအသွင်သဏ္ဍာန်နှင့်ယှဉ်လျှင် ရှန်ယွဲ့၏ခြေလှမ်းများက အကြောဆွဲနေသည်နှင့်တူ၏။ သူမ၏ လှုပ်ရှားမှုများမှာ တောင့်တင်းကာ စိတ်လှုပ်ရှားနေခြင်းကြောင့် သွယ်ယှက်ထားသောလက်များအပေါ် အားအလွန်အကျွံသုံးမိသွားသည်။ ခြုံငုံပြောရလျှင် သူမက ရှန်မြောင်နှင့် စိုးစဉ်းမျှမယှဉ်သာ။ ဤသို့တွေးကြည့်မိသော် လူတိုင်း၏အမူအယာက ထူးဆန်းလာသည်။ မည်သည်အချိန်ကစ၍ ရှန်အိမ်တော်၏ထူးချွန်လှပါသော ရှန်ယွဲ့တစ်ယောက် ရှန်မြောင်၏ နောက်ကောက်ကျကျန်ခဲ့ပါလိမ့်။

ရှန်ယွဲ့သည် ငယ်ရွယ်သေးသေးသူဖြစ်၍ ထိုအချင်းအရာကို သတိမထားမိသော်လည်း ချန်းရော့ချိုးကတော့ မင်းကတော်တို့၏ ယခင်နှင့်ကွဲပြားသောအကြည့်တို့ကို အကဲခတ်မိလိုက်နိုင်သည်။ အတိတ်တုန်းက သူမတို့သားအမိအပေါ် မနာလိုသည့်အကြည့်၊ ချီးကျူးသည့်အကြည့်များမှာ ယနေ့တွင်တော့ ယခင်ထက် ပို၍ အပြစ်ရှာ‌ ဝေဖန်လိုကြသည့်အလား။  ချန်းရော့ချိုး မျက်မှောင်ကြုတ်မိချေသည်။ ကိုယ်နေဟန်ထားမှာ သူမ ဂုဏ်ယူရဆုံးအပိုင်းဖြစ်ပြီး ရှန်ယွဲ့အား‌ အသေအချာလေ့ကျင့်သင်ကြားခိုင်းခဲ့ခြင်းဖြစ်သည်။ တင်းမြို့တော်၌ သူမ၏ သမီးထက်သာသော အမျိုးကောင်းသမီးမရှိဟုပင် ယုံကြည်ထားခဲ့သည်။ သို့သော်ငြား လူအများ၏ အပြုအမူအရ သာလွန်သည့် လူတစ်ယောက်ရှိပုံရသည်လား။

ရှန်ယွဲ့ထက်သာသူမှာ သူတို့အရှေ့မှလူဆိုသည်ကိုတော့ ချန်းရော့ချိုး မှန်းမိမည်မဟုတ်။

ရှန်မြောင် လော့ရွှယ်ယန်၏ အနောက်တွင်ထိုင်လိုက်သည်။ လော့ရွှယ်ယန်သည် ယနေ့ပွဲ၏ အဓိကလူဖြစ်သော်လည်း သူမမှာ အပယ်ခံပမာ သီးခြား သီးသန့်ဖြစ်နေ၏။

အမှန်ပင် ထိုသို့ဖြစ်နေသည်။ တင်းမြို့တော်ရှိတော်ဝင်မိသားစုများမှာ မိမိအစုအဖွဲ့နှင့် မိမိ ကိုယ်စီရှိကြ၏။ အမျိုးသားတို့အတွက် မိမိတို့လုပ်သမျှသည် မိမိတို့ကို ကိုယ်စားပြုပြီး ၎င်းတို့၏ အလုပ်အကိုင်သည်လည်း တစ်ဦးနှင့်တစ်ဦးနှီးနွယ်နေသည့်အတွက် အချင်းချင်းသဘောမကျလျှင်ပင် အလိုက်သင့်ဆက်ဆံကြရလေသည်။ အမျိုးသမီးများကတော့ ကွဲပြားစွာပင်။ တင်းမြို့တော်ရှိ တော်ဝင်အမျိုးသမီးတို့မှာ ဂုဏ်မောက်ကာ မာနကြီးကြသူများဖြစ်သည်။ တရားဝင်တိအမျိုးသမီးတို့မှာ တရားမဝင်ရှူအမျိုးသမီးများနှင့် မပေါင်းသင်းလိုကြ။ ထို့အပြင် တင်းမြို့တော်၌ ကြီးပျင်းလာသူတို့မှာ တစ်နယ်ရပ်ကျေးမှ အိမ်တော်တို့ကိုလည်း အထင်မြင်သေးကြသည်သာ။

လော့ရွှယ်ယန်သည်က နယ်ဘက် ကျေးလက်တွင် မွေးဖွားသည့်သူဖြစ်သည်။

သူမသာ ကျန်းနန်ရှိသူကြွယ်မိသားစုမှဖြစ်လျှင်လက်ခံလို့ရသည်။ သို့သော် သူမမှာ အ‌နောက်မြောက်ပိုင်းရှိ အအေးပိုင်းဒေသမှလာခဲ့လေသူ။ တင်းမြို့တော်သို့ အိမ်ထောင်ပြု လက်ဆက်ရန် ရောက်လာချိန်တွင် လော့ရွှယ်ယန်သည် နန်းသုံးစကားမပြောတတ်သည့်အပြင် သူမ၏ ဒေသိယလေသံကြောင့် ဤမင်းကတော်တွေဆီမှာ အတော်အတန်ကြာကြာ တိတ်တိတ်‌ကလေးလှောင်ပြောင်ခံခဲ့ရ၏။ အနောက်မြောက်ပိုင်း၌ လေထန်သဲကြမ်းခြင်းကြောင့် အမျိုးသမီးတို့၏ နူးညံ့လှသောအသားအရေ ကြမ်းတမ်းသွားနိုင်သည်ဟုလည်းကောင်း၊ လုယက်သူများပေါများလှခြင်းကြောင့် လမ်းပေါ်ထွက်လမ်းလျှောက်လျှင် လုယက်ခံရမည်ကို စိုးထိတ်မိသည်ဟုလည်းကောင်း ထေ့ငေါ့လှောင်ရယ်ခဲ့ကြသည်။ ထိုမျှမက အသုံးအဆောင်ပစ္စည်းတို့မှာလည်း အရည်အသွေးညံ့ကာ တစ်နှစ်ပတ်လုံး ပိုးထည်ဟူ၍မြင်ရခဲလှသည် စသည်ဖြင့် ထိုသူတို့က လော့ရွှယ်ယန်အား တမင်ဦးတည်ကာ ပုံကြီးချဲ့ပြောဆိုခဲ့ကြခြင်းပင်။

ထို့အပြင် လော့ရွှယ်ယန်သည် စစ်တိုက်ထွက်‌သော မြို့တော်ရှိတစ်ဦးတည်းသော အမျိုးသမီး စစ်အရာရှိဖြစ်သည်လေ။

မိမိ မစွမ်းဆောင်နိုင်သော၊ အရမယူနိုင်သော အရာဆိုလျှင် ရှားပါးထိုက်တန်သော ဥစ္စာ၊ ဂုဏ်ပင် ဖြစ်လင့်ကစား လူတိုင်းက ဆန့်ကျင် ရှုတ်ချလိုသော သဘောရှိတတ်၏။ အများနှင့်မတူလျှင် လူတိုင်းကကဲ့ရဲ့ရှုံ့ချကြမည်။ ထိုအချက်ကို အမျိုးသမီးများရော အမျိုးသားများပါ လက်ခံထားကြသည်။ ထို့ကြောင့်လည်း လော့ရွှယ်ယန်အား တော်ဝင်အမျိုးသမီးအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ကြခြင်းပင်။ အစောပိုင်း၌ ရှန်မြောင်သည် တစ်လျှောက်လုံး သူရူးတစ်ယောက်ဖြစ်နေခဲ့ပြီး ဤအမေနှင့် ဤသမီးမှာ မင်းကတော်တို့၏ တိတ်တဆိတ်လှောင်ရယ်စရာ ပစ်မှတ်များဖြစ်နေခဲ့ကြလေတော့သည်။

__


ပိုင်ဝေ့၏မိခင် ပိုင်သခင်မက ချန်းရော့ချိုးကို သူမနား၌ ထိုင်စေလိုက်သည်။ သူမနှင့် ချန်းရော့ချိုးမှာ အတူတကွကြီးပျင်းလာသော သူငယ်ချင်းအရင်းများဖြစ်သောကြောင့် သူမ ချန်းရော့ချိုးနှင့် ထိုင်လိုသည်က သဘာဝကျပေသည်။ ပိုင်ဝေ့ကလည်း ရှန်ယွဲ့ကို သူမဘေးသို့ ဆွဲခေါ်လိုက်၏။ ရမ့်ဝန်ယွင်သည်ကား ယိသခင်မရှိသည့်ဘက်သို့ လျှောက်သွားလိုက်ပြီး ယိဖေ့လန်က ရှန်ချင်းကိုကြည့်ကာ‌ စောဒကတက်လေသည်။ "နင် အခုမှပဲပေါ်တော်မူတော့တယ်။ နင် ဖျားနေတယ်လို့ ကြားမိတာ၊ နင့်ကြည့်ရတာပိန်သွားသလိုပဲ၊ ဒါပေမဲ့ နင့်မျက်နှာကကျ ဘာလို့ဖောင်းနေတာလဲ"

ရှန်ချင်းမှာ အထိတ်တလန့် ခေါင်းငုံ့မိလျက် မရေမရာဖြေလိုက်သည်။ "အဲ့ဒါ ငါ အိပ်ရာပေါ်မှာအကြာကြီးလှဲနေခဲ့ရလို့ဖြစ်မယ်" ရမ့်ဝန်ယွင်က သူမ၏ ကိုယ်ဝန်ကို ချောချောမွတ်မွတ်ဖြစ်စေရန် ဆေးဝါးများစွာကြိုပေးခဲ့သည်။ ရှန်ချင်း သူမ ဗိုက်ထဲက ကလေးကို မုန်းသော်လည်း သူမ ကိုယ်ဝန်ကိုဖြတ်ချမိလိုက်လျှင် ကလေးထပ်ယူ၍ မရတော့မည်ကို ပိုကြောက်သဖြင့် ကြိတ်မှိတ်ပြီးသောက်ရလေသည်။ သန္ဓေသားကောင်းကောင်းမွန်မွန်ရှိစေရန်အတွက် အားဆေးများစွာ မှီဝဲရပြီဆိုလျှင် အနည်းငယ် ဝလာတတ်သည်မို့ သူမ၏ ခန္ဓာကိုယ်တွင် သိသိသာသာအကျိုးသက်ရောက်မှုမရှိသော်လည်း ပါးများတော့ ဖောင်းလာခဲ့လေသည်။

ယိဖေ့လန်လည်း သံသယမဝင်ဘဲ ရှန်ချင်း၏လက်ကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။ "နင့်ခန္ဓာကိုယ်ကိုသာ ပိုကျန်းမာလာအောင်လုပ်ပါ။ နင်က စေ့စပ်ပြီးနေပြီ နင့်ကိုယ်နင်ကောင်းကောင်းဂရုစိုက်ရမယ်လေ"

ရှန်ချင်းတစ်ယောက် တုန်လှုပ်သွားမိပြီး ခေါင်းကိုငုံ့ထားရင်း ဘာမျှ ခွန်းတုံ့မပြန်ဖြစ်။ ရမ့်ဝန်ယွင်သည် သူမကို ဟွမ်မိသားစုနှင့် လက်ဆက်ပေးရန်စီစဉ်ထားပြီး ဟွမ်တျဲ့ရှင်းမှာလည်း လူတော်တစ်ယောက်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ သို့သော် သူမနှလုံးသားက အကြောင်းအရင်းမရှိ ဤလက်ထပ်ပွဲအား ဆန့်ကျင်ချင်နေမိသည်။ ခမ်းနားကြီးကျယ်သော လက်ထပ်ပွဲအောက်၌ အန္တရာယ်တစ်စုံတစ်ရာရှိနေသည့်အတိုင်းခံစားနေမိ၏။

ယိဖေ့လန်၏အသံမှာ တိုးတိုးသက်သာမဟုတ်သောကြောင့် ဘေးနားရှိ ဟွမ်သခင်မတစ်ယောက်ကြားဖြစ်အောင်ကြားလိုက်လေသည်။ ဟွမ်ဖူးရန်ကြားသည့်အခါ ရှန်ချင်းအား စူးစမ်းအကဲခတ်လိုက်သည်။ ဤလက်ထပ်ပွဲမှ သူမ၏ သားအတွက် အမည်ခံဇနီးတစ်ယောက်လိုချင်ခဲ့ရုံသာ။ ရှန်ချင်းက သူမ၏သားနှင့် ရှေ့နောက်ညီသည်ဟုဆိုရမည်၊ သို့ပေသော်ငြား ယနေ့လို သူမ ချူချာဖျားနေသည့်ပုံစံနှင့်ဆိုလျှင်. . . . .။ သူမက ဟွမ်မိသားစု၏ အမွေဆက်ခံသူကို မွေးဖွားပေးရဦးမည်ဖြစ်၍ ချူချာမနေစေ့ချင်။ အခြားကိစ္စတော့ သူမ(ရှန်ချင်း) ဘာလုပ်လုပ် သူမ(ဟွမ်ဖူးရန်)ဂရုမစိုက်ချေ။

တစ်ဖက်တွင်မူ ပိုင်သခင်မကြီးက ချန်းရော့ချိုးကို တိုးတိုးတိတ်တိတ်သတိပေးလိုက်သည်။ "ရော့ချိုး မင်းတို့အိမ်က ပဉ္စမလေးက မရိုးရှင်းဘူးနော်"

"အို. . .ဟုတ်လား" ချန်းရော့ချိုးက သိလိုစိတ်ဖြင့်ပြန်မေး‌လာသည်။ "ဘာလို့ ဒီလိုပြောတာလဲ"

"ရှန်ဝူညန်ကို တစ်ယောက်ယောက်သင်ပြထားတာထင်တယ်။ အခုလေးတင် သူ ဝင်လာတော့ သခင်မတွေအားလုံးပဲ သူ့ရဲ့အပြုအမူက နန်းတော်ထဲက လူတိုင်းထက် သာတာကိုမြင်လိုက်ကြတယ်။  ငါ နင့်ကို နားဝင် မကောင်းတာတစ်ခုပြောရမယ်ဆိုရင် ယွဲ့အာတောင် သူနဲ့ယှဉ်ရင်အတော်လေးနိမ့်ကျနေသလိုပဲ"
[ရှန်ဝူညန် - ရှန် ပဉ္စမ မိန်းကလေး]

ချန်းရော့ချိုး အထိတ်တလန့် မေးမိသွားသည်။ "နင်ဘာတွေပြောနေတာလဲ၊ ပဉ္စမလေးကစည်းကမ်းကျင့်ဝတ်တွေနားမလည်တာကို ဘယ်သူ မသိတာကျလို့"

ပိုင်ဖူးရန်မှာ ချန်းရော့ချိုး၏ သူငယ်ချင်းအရင်း၊ ပညာတတ်မျိုးရိုးမှ ဆင်းသက်လာသူ၊ သူမ၏ ကျင့်ဝတ်စံနှုန်းကမြင့်သည်သာ။ ယနေ့ သူမအနေနှင့် ရှန်မြောင်ကို ဤမျှလောက်ထိ သတိပေးနေတန်တော့ ချန်းရော့ချိုး စိတ်ရှုပ်ထွေးသွားရသည်။ တစ်ချိန်တည်းမှာပင် သူမက ယုတ္တိမတန်လိုက်လေဟု တွေးမိသော်လည်း လော့ရွှယ်ယန်ထိုင်နေသည့်နေရာသို့ ကြည့်မိလိုက်လေသည်။

လော့ရွှယ်ယန်မှာ သီးသန့်ဖြစ်နေပြီး ဘေးနားတွင်သူမနှင့်အတူ ရှန်မြောင်သာရှိနေသည်။ လော့ရွှယ်ယန်က အရွယ်ရလာပြီဖြစ်ကာ အတွေ့အကြုံလည်းရင့်၏။ သူမအား မည်သူမျှအရေးမစိုက်လျှင်ပင် မျက်နှာတစ်ချက်မပျက်။ သူမသည် စစ်မြေပြင်မှာနည်းတူ မပြောင်းလဲသော မျက်နှာထားကို ‌ဆောင်ထားမြဲ။ သို့ပေသိ ရှန်မြောင်မှာ မိန်းမငယ်လေးတန်မဲ့ ကျောမတ်မတ်ထိုင်တတ်သတဲ့။ အခြားသူများက သူမနှင့်စကားလာ‌မပြောကြချေ။ ဤသည်မှာ အခြားသူများက သူမကို တမင်တကာလျစ်လျူရှုထားသည်လား၊ သို့မဟုတ် သူမကို ရှိန်နေ၍ စကားမပြောရဲကြသည်လား။

ချန်းရော့ချိုး၏ လက်ချောင်းများ အနည်းငယ်တုန်ရီသွားမိတော့လေသည်။

ပင်မဆောင်ထဲရှိ အမျိုးသမီးတို့မှာ အတွေးကိုယ်စီရှိနေခိုက် ရှန်ရှင်း၏ စကားတစ်ခွန်းကြောင့် အထက်ပင်မဆောင်ထဲတွင် ဆူဆူညံညံဖြစ်လာတော့သည်။

"ချစ်လှစွာသော ရှန် စစ်သူကြီး တကယ်ပြောနေတာလား" ဝန်ဟွေ့မင်းကြီးက မေးလိုက်သည်။

ရှင်ဘုရင်ဝန်ဟွေ့မှာ သက်တော်ခြောက်ဆယ်နားကပ်နေသော်ငြား အရွယ်တင်ဆဲ။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိပြီး မျက်ဝန်းများကမူ စူးရှထက်မြတ်လှကာ ငယ်စဉ်က မည်မျှပါးနပ်ရက်စက်ခဲ့ကြောင်း ခန့်မှန်းသိနိုင်သည်။ ဤအခိုက်အတန့်တွင် သူက ရှန်ရှင်းအား ငုံ့ကြည့်၍ အသံနက်နက်ဖြင့် မေးမြန်းနေခြင်းပင်။

ယခု‌လေးတင် အရာရှိမှူးမတ်အားလုံး၏ ရှေ့မှောက်၌ မင်းကြီးဝန်ဟွေ့က ရှန်ရှင်းကိုဆုလာဘ်များပေးအပ်ခဲ့သော်လည်း ရှန်ရှင်းသည် သူ၏ ဇနီးသည်၊ သူ၏သမီးဖြစ်သူနှင့်အတူ မြို့တော်တွင် ခြောက်လခန့် အတူတကွအချိန်ကုန်ဆုံးခွင့်ပြုရန်သာ တောင်းဆိုလာခဲ့၏။

နှစ်ပေါင်းများစွာကြာအောင် အောင်လံထူစစ်သူကြီးမှာ စစ်မြေပြင်သို့သာ သွားနေခဲ့သည်။ သူ့အား အနိုင်ယူရန် ခက်ခဲပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှ၏။ ယခင်က သူ ယခုလို မတောင်းဆိုခဲ့ဖူးရာ တစ်ခဏတွင်း လူတိုင်းကို အတွေးနက်သွားရစေသည်။ မှူးမတ်တို့၏ အမူအရာသည်လည်း ပြောင်းလဲသွားကြကုန်၏။ အဆုံးအဖြတ်ကာလမှာ ရှန်ရှင်းတစ်ယောက် မြို့တော်၌ နှစ်ဝက်ကြာနေရန် ခွင့်တောင်းခြင်းသည် အမှန်တကယ် မိသားစုနှင့် အတူရှိနေနိုင်ဖို့လား။

ဘုရင်ဝန်ဟွေ့သည် ရှန်ရှင်းအား ဆွဲထူလိုက်သည်။ သူ နတ်ရွာမစံခင်ကတည်းက သားတော်များကြားရှိ ဆက်ဆံရေးမှာ မုန်တိုင်းထန်နှင့်နေပြီ။ ယခု အခြေအနေက အမြဲပြောင်းလဲနေပြီး မည်သည့်ကြားဝင်နှောင့်ယှက်မှုမဆို ကိစ္စတစ်ရပ်လုံးအား ပြောင်းလဲနိုင်စွမ်း၏။ အစောပိုင်း၌ ရှန်ရှင်း၏ တိသမီးမှာ မင်းသားတင်းကို စွဲလမ်းနေကြောင်း သတင်းပြန့်နေခဲ့ရာ ဝန်ဟွေ့မင်းကြီးလည်း ရှန်မိသားစုဟူသော ဆူဖြိုးဖြိုးအသားတုံးကြီး မင်းသားတင်းလက်ထဲ အဆုံးသတ်လေမလားဟု တွေးတောသုံးသပ်နေခဲ့၏။ သို့သော် နောက်ဆက်တွဲသတင်းများ ထပ်၍ထွက်ပေါ်မလာခဲ့ပေ။ ရှန်ရှင်း ယခုကဲ့သို့ ရုတ်တရက်တောင်းဆိုသည်က အခြားအစီအစဉ်များ‌ဖြစ်လေမလား။

သူ ပလ္လင်ရင်းရှိ အမျိုးသားအား ဂရုတစိုက်အကဲခတ်လိုက်သည်။ ရှန်ရှင်း၏ အသားအရည်မှာ နေလောင်သောကြောင့် ညိုမှောင်နေ၍ မျက်လုံးများက ပြတ်သားကာ သူ၏ကိုယ်ဟန်ကမူ တောင်တစ်လုံးသဖွယ် ဖြောင့်တန်းမားမတ်နေသည်။ သူ၏ ကိုယ်ဟန်အမူအရာက ဝန်ဟွေ့ဘုရင်အပေါ် လွန်စွာရိုကျိုးနေ၏။ သူသည်ကား သစ္စာစောင့်သိပြီး ရဲရင့်သည့်ပုဂ္ဂိုလ်ပင်။ ဘုရင်တစ်ပါးဟူသည် မှူးမတ်ဗိုလ်ပါတို့အား အုပ်ချုပ်ကိုင်တွယ်ရာ၌ အပေါ်ယံကို မကြည့်ဘဲ အရည်အချင်းကိုသာ ကြည့်လေသည်။ ဝန်ဟွေ့ဘုရင်အနေနှင့် တိုင်းပြည်ကိုခြိမ်းခြောက်လာပါက ဂုဏ်ထူးဆောင်အမှုထမ်းကိုပင် သေသေသပ်သပ်ရှင်းလင်းဖယ်ရှားပေလိမ့်မည်။

တစ်ခဏကြာသည့်နောက် ဧကရာဇ်ဝန်ဟွေ့က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တော့သည်။ "နှစ်တွေအကြာကြီး အနောက်မြောက်ဒေသကို ရှန်စစ်သူကြီးမင်းကစောင့်ကြပ်လာတာ အခုရန်သူတွေလဲ ရှုံးနိမ့်ဆုတ်ခွာသွားပြီ‌ဆိုတော့ ငါကိုယ်တော် ကျေနပ်အားရတယ်။ ဒီလိုစစ်သူကြီးမျိုးရှိတာ မင်းချီရဲ့ကံကောင်းမှုပဲ။ ရှန်အမတ်မင်းရဲ့ တောင်းဆိုချက်ကို ငါကိုယ်တော် ခွင့်ပြုတယ်...!"

ရှန်ရှင်း ချက်ချင်းပင် အရိုအသေပေး၍ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးကြီးမြတ်လှပါတယ် အရှင်မင်းကြီး...!"

ဤလုပ်ရပ်ကြောင့် ခန်းမထဲရှိလူအပေါင်းတို့ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဆုံကြကုန်သည်။ ဧကရာဇ်ဝန်ဟွေ့သည် တောင်းဆိုချက်အားလိုက်လျောပြီးသည်နှင့် လူအုပ်ကြီးကိုထားရစ်ကာ အဓိကခန်းမဆောင်မှ ထွက်ခွာသွားတော့သည်။ ရှန်ရှင်း၏ လုပ်ရပ်အား မည်သူမျှမျှော်လင့်မထား။ လင်အန်းနယ်စားမင်းရှဲ့တင်းက ပင် အရင်ဆုံးစကားစလိုက်၏။ ဤပုဂ္ဂိုလ်မှာ ဘဝတစ်လျှောက်လုံး ရှန်အိမ်တော်နှင့် ယှဉ်ပြိုင်လာပြီး ရှန်ရှင်း၏လုပ်ရပ်ကို မရှင်းလင်းချေ။ သူက ခနဲ့လိုက်သည်။ "ရှန်စစ်သူကြီးက စစ်ပွဲအများကြီးတိုက်လာခဲ့ပြီးမှ အခုကျကြောက်သွားလို့များ မြို့တော်မှာ နှစ်ဝက်လောက် ပျော်ချင်ပါးချင်တာလား"

ရှန်ရှင်းသည် စိတ်အနှောင့်အယှက်မဖြစ်သည့်အပြင် သွားပေါ်အောင်ပင်ပြုံးရယ်လိုက်သေး။ "ရှဲ့နယ်စားမင်းက ဒီအမတ်ကို မနာလိုနေတာလား။ အံဩစရာမရှိပါဘူး၊ ရှဲ့နယ်စားမင်းမှာ ဇနီးနဲ့သမီးကညာမှမရှိတာကိုး…"

"မင်း. . .!" ရှဲ့တင်း၏ အမူအရာကဖြူရော်သွားတော့သည်။ ရှန်ရှင်းမှာ ကြမ်းကြုတ်၍ အကြံအစည်မရှိတတ်၊ သူ၏ပါးစပ်မှာမူ အဆိပ်ပြင်း၏။ မင်းသမီးယွိချင် သေဆုံးမှုနှင့် ရှဲ့ကျင်ရှင်း သူ့အပေါ် သူစိမ်းလိုဆက်ဆံနေခြင်းက ရှဲ့တင်း၏ အားနည်းချက်ပင်။ ရှန်ရှင်းက ထိုချက်ကောင်းကို အညှာအတာမဲ့စွာ ဓားနှင့် မွှန်းလိုက်ခြင်း။ ရှဲ့တင်းမှာ ရှန်ရှင်းအား သေလောက်အောင် ထိုးနှက်ရိုက်ပုတ်ပစ်ချင်လာတော့သည်။

ဖုရှိုးယီ ရှန်ရှင်းကိုကြည့်ကာ မဆိုသလောက်စိတ်လှုပ်ရှားသွားသည်။ ရှန်မိသားစုက သူထင်ထားသည်ထက်ပိုသည်ပဲ။ ရှန်မြောင် သူ့ကိုနှစ်သက်ကတည်းက စိတ်အနှောင့်အယှက်ဖြစ်ခဲ့မိသော်လည်း ရှန်အိမ်တော်ကိုအသုံးချ၍ရမည်ဟု သူ တွေးထားခဲ့သည်။ သို့သော် ရှန်မြောင် သူ့အပေါ်ခံစားချက်မရှိကြောင်း လူတိုင်းကို အတိအလင်းရှင်းပြလိုက်တော့ သူ မင်းသားကျိုးနှင့် မင်းသားကျင်းတို့ လှောင်ပြောင်ခြင်းကို ခံလိုက်ရသေး။‌ ယခု ရှန်ရှင်းက မြို့တော်မှာနှစ်ဝက်ကြာနေမည်ဆိုသည်ကလည်း လူတိုင်းကို တွေးရခက်စေသည်။ ထိန်းချုပ်ရလွယ်မည်ဟု ထင်ရသော ရှန်အိမ်တော်သည် ရွှေ့ရခက်သော ကျောက်တုံးတစ်တုံးဖြစ်လာသောအခါ ဖုရှိုးယီ ခံစားချက်မကောင်းတော့ချေ။ အနာဂတ်၌ အခြေအနေတစ်ခုလုံးကို ရိုက်ခတ်မည့် အပြောင်းအလဲများ ရှိလာတော့မည့်ပုံပင်။

ရှန်ရှင်း၏ ပုံမှန်မဟုတ်သောအပြုအမူကြောင့် မှူးမတ်အမှုထမ်းတိုင်းက နားမလည်နိုင်ဖြစ်နေကြပြီး သူ၏ ဆုလာဘ်အပေါ်လည်း မနာလိုဖြစ်နေကြလေသည်။ ရှန်ရှင်းသည် စိတ်ရင်းဖြင့်ဖြစ်စေ ဟန်ဆောင်အယောင်ပြဖြစ်စေ လာရောက်ဂုဏ်ပြုသူတိုင်းနှင့် အနောက်မြောက်ဒေသရှိ စိတ်ဝင်စားဖွယ်ကိစ္စများကို ပြောဆိုဆွေးနွေးနေရာ သူ၏ အနောက်မှ အေးစက်စက်မျက်ဝန်းတစ်စုံကို သတိမထားမိချေ။

ထိုမျက်ဝန်းတစ်စုံက ရှန်ရှင်းအား မြဲမြံစွာစိုက်ကြည့်လျက်၊ ယင်းတို့မှာ တစ်ချက်တည်းနှင့် သေအောင်ပေါက်သတ်ရန် အခွင့်ကောင်းကိုချောင်းမြောင်းနေသည့် မြက်ချုံထဲမှ အဆိပ်ရှိမြွေတစ်ကောင်‌အလား။ ထို့အပြင် စိတ်မရှည်သည့် လူတစ်ဦးသည်လည်း မိမိလက်မှ လက်စွပ်နှင့် ဆော့ကစားနေရင်း ရှန်ရှင်းအား မျက်နှာသေဖြင့် စိုက်ကြည့်၍နေသည်။ ၎င်းသည်ကား ပထမအဆင့်မင်းသားယွီပင်တည်း။

အတွင်းပိုင်းရှိ လေထုက နွေးထွေးလာပြီး အပြင်ဘက်တွင်တော့ ရှန်ချိုးသည် လျှောက်လမ်းစင်္ကြံ၌ ဝေ့ချင်အရှေ့၌ ပိတ်ရပ်လိုက်လေ၏။

ဝေ့ချင်သည် ထူးချွန်ပြီး နှိမ့်ချတတ်ကာ ရှန်ချိုး၏ တောင့်တင်းသန်မာပုံနှင့်ယှဉ်လျှင် အားနည်းသူပမာ။ သူသည် ရှန်ချိုးအားတွေ့သည်နှင့် မျက်မှောင်ကြုတ် မေးခွန်းထုတ်လိုက်သည်။ "လက်ထောက်စစ်သူကြီးရှန် ကျွန်တော့်လမ်းကိုပိတ်တာ ကိစ္စရှိလို့ပါလား"

ရှန်ချိုးသည် ဝေ့ချင်အား ခြေဆုံးခေါင်းဆုံး စေ့စပ်အကဲခတ်လိုက်သည်။ သူ ကိုယ်တိုင်က ဖော်ရွေပြီး ဆက်ဆံရေးကောင်း‌သောကြောင့် ယခင်အတိတ်တစ်ချိန်၌ ဝေ့ချင်နှင့်ဆုံဖြစ်ခဲ့လျှင် မိတ်ကောင်းဆွေသဟာများဖြစ်လာနိုင်သည်။ ယခုတော့ ဝေ့ချင်မှာ သဘောကျသူရှိပြီးသားဟု ရှန်မြောင်ထံမှ ကြားသိပြီးနောက် သူ ဤလူကိုတွေ့သည်နှင့် ဒေါသလှိုင်းထန်လာမိတော့သည်။ ရှန်ချိုး၏ မျက်မြင်ဝယ် မိမိ၏ ညီမငယ်တွင် အရည်အချင်းကောင်းများစွာရှိကာ သူမကသာ အခြားသူကို မကြိုက်ခွင့်ရှိပြီး အခြားသူက သူမကို မကြိုက်စရာ အကြောင်းမရှိသင့်ပေ။

"မင်းက ဝေ့ချင်လား" ထိုသို့ တွေးခေါ်စဉ်းစားပုံကို ရင်ဝယ်ထားသော ရှန်ချိုးတစ်ယောက်၏အသံသည်လည်း မချိုသာနိုင်တော့။

ဝေ့ချင် အံဩသွားမိသည်။ ရောက်လာသူက ရန်လိုနေကြောင်း သိလိုက်ရ၏။ "အမှန်ပါပဲ" ဟု သူ ပြန်ဖြေလိုက်သည်။

‌ "ကျုပ်လာတာ ကိစ္စကြီးကြီးမားမားမရှိပါဘူး" ရှန်ချိုးက ဝေ့ချင်၏ ပခုံးကိုပုတ်လိုက်ရင်း၊ "ဟိုတလောက ကျုပ်ညီမနဲ့ မင်းတို့ဝေ့မိသားစုနဲ့ စေ့စပ်တယ်လို့ သတင်းထွက်နေတယ်၊ အဲ့ဒါ ကောလဟာဟသက်သက်လို့ လာပြောပြရုံပဲ။ ငါတို့ ရှန်အိမ်ကတော့ စိတ်ထဲမထားဘူး။ ဒီတော့ မင်းတို့ဝေ့အိမ်ကလဲ စိတ်ထဲမထည့်နဲ့" ရှန်ချိုးသည် ခြေတစ်လှမ်းဆုတ်ကာ အေးစက်စက်အသံဖြင့် တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်သည်။ "ကျုပ်ညီမလေးအတွက် ရွေးချယ်ခံရတဲ့ ခင်ပွန်းလောင်းကလဲ အရင်ဆုံး ကျုပ်က လက်ခံနိုင်တဲ့လူဖြစ်ရဦးမယ်လေ" စကားဆုံးသည်နှင့် ရှန်ချိုးသည် ဝေ့ချင် မည်ပုံ ဖြစ်သွားသည်ကို ဂရုမစိုက်ဘဲ ခြေလှမ်းကျဲကျဲဖြင့် လှည့်ထွက်သွားလေသည်။

ဝေ့ချင် ထိုနေရာ၌ ကြောင်စီစီရပ်လျက် ကျန်ခဲ့၏။ ရှန်ချိုး၏စကားများအရ သူတို့ ဝေ့အိမ်တော်နှင့် စည်းတားလိုက်သည်မှာ အထင်အရှားပင်။ သူ့တွင် သဘောကျနှင့်သူရှိသည်မှာ မှန်၏။ သို့သော်လည်း ရှန်ချိုးက ညီမဖြစ်သူအတွက် မရားမှုကို ချေဖျက်‌ပေးသည်ဆိုဦးတော့ မိမိအားအသုံးမကျသည့် အမြော်အမြင်မဲ့ သူမိုက်တစ်ယောက်သဖွယ် ‌ပြောဆိုစရာမလိုပေ။ ရှန်အိမ်တော်၏ အကာအကွယ်ကြီးပုံက အလွန်အကြူးပါလား။ ထို့အပြင် သူကိုယ်၌က ဤစေ့စပ်နားဖောက်ခြင်းကို စွက်ဖက်ခွင့်မှ မရှိခဲ့ဘဲ။

စင်္ကြံလမ်း၏ အပြင်ဘက်၌ ကောင်းယန်သည် ရစရာမရှိအောင် အပြောခံလိုက်ရသဖြင့် တွေဝေငေးငိုင်နေသော ဝေ့ချင်ကို ကြည့်ပြီး ခေါင်ယမ်းလိုက်သည်။ "ရှန်အိမ်ကလူတွေ အာဏာပြလွန်းတယ်။ မာနကြီးတာများ ဝေ့မိသားစုကို မျက်လုံးထဲကိုမထည့်တာ"

"ကြည့်လို့ဝပြီလား" သူ့ဘေးရှိ ခရမ်းရောင်လူငယ်က စိတ်မရှည်ဟန် မျက်ခုံးပင့်လိုက်ကာ အသံမှာလည်း မကျေမချမ်းနှင့်၊ "ပြီးပြီလား"

"ဝေ့ချင်က မင့်လူလေ" ကောင်းယန် စောဒကတက်၏။ "သူ ဒီလိုမျိုးအနိုင်ကျင့်ခံနေရတာ မင်း သူ့ဘက်က မပါပေးဘူးလား"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now