၉၄။ မရေရာမှု

4.5K 755 20
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Coz, Edge

၉၄။ မရေရာမှု

နှစ်စဉ်နှစ်တိုင်း တင်းမြို့တော်၏ ကျောက်စိမ်းယုန်ပွဲတော် အချိန်အခါ အတောတွင်း ပြန်ပေးဆွဲခံရသော မိန်းမငယ်လေးများ များစွာရှိခဲ့သည်။ ပြန်ပေးဆွဲခံရသူများမှာ ယောက်ျားကလေးများ ဖြစ်ကြလျှင် အခြေအနေသိပ်မဆိုးလှ။ ၎င်းတို့ကို သားယောက်ျားလေး မထွန်းကားသော နယ်အဝေးမှ လူချမ်းသာ မိသားစုကြီးများတွင် မွေးစားရန် ရောင်းချခံရသောကြောင့် တော်သေးသည်ဟု ဆိုနိုင်သည်။ မိန်းကလေး ကလေးငယ်များ၊ သို့မဟုတ် မိန်းမငယ်လေးများကတော့ ပို၍ အဖြစ်ဆိုးလှသည်။ ရုပ်ရည် အသင့်အတင့်မရှိပါလျှင် ကျွန်ပွဲစားတကာ လက်ထဲ သောင်တင်နေပြီးနောက်ဆုံးတော့ အိမ်တော်ကြီးများ၌ အဆင့်နိမ့်ကျွန်လုပ်ရန် ရောင်းစားခံရတတ်သည်။ ရုပ်ရည်ချောမောသူများဖြစ်လျှင်မူ သာမန် ရွက်ကြမ်းရည်ကျို ရုပ်ရည်ရှိသူများထက် ပို၍ပင် အဖြစ်ဆိုးတော့၏။ သဘင်အဖွဲ့ ဇာတ်အဖွဲ့ဆီ ရောင်းချခံရတတ်သည်။ အဆိုးဆုံးအနေနှင့် ဆောင်ကြာမြိုင်သို့ ရောင်းစားခံရနိုင်သည်။ နှစ်အနည်းငယ်ကြာအောင် ဆောင်ကြာမြိုင်၌ လေ့ကျင့်ပေးပြီး လူချမ်းသာ သူဌေးသူကြွယ်များအတွက် အပျော် ကစားစရာသဖွယ် အသုံးခံရန် လေလံပစ္စည်းပမာ ရောင်းချခံရသည်များလည်း ရှိသည်။

ထိုအမျိုးသမီးများအနက် အိမ်တော်ကြီးများမှ သမီးကညာများလည်း ပါတတ်သည်။ သို့သော် ပြန်ပေးသမားများ အတွက်မူ နောက်ခံမိသားစု ကြီးသည် ငယ်သည်ဟူ၍ မရှိပေ။ ကြေးရတတ်လူကုံထံအိမ်မှ သမီးဖြစ်စေ၊ အရပ်သူ ဖြစ်စေ သူတို့ ဂရုမစိုက်။ ပြန်ပေးသမား လက်ထဲ ရောက်သွားပြီဆိုလျှင် အားလုံးအတူတူသာ ဖြစ်ချေတော့သည်။

"ရှန်သခင်မလေး ပြန်ပေးဆွဲခံရတယ်လား" အခန်းထဲတွင်တော့ ကျီယွီရှုသည် ရုတ်တရက် ထရပ်လိုက်ပြီး နှစ်လှမ်းစာမျှ ခေါက်တုံ့ခေါက်ပြန်ပတ်လျှောက်နေတော့လေသည်။ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုလည်း ရှိနေသေး။ "ရှန်သခင်မလေး ရုပ်ကလေးကလဲ မဆိုးဘူး၊ ဟန်ပန်အမူအရာကလဲ ထူးခြားတယ်၊ သူ ပြန်ပေးသမားတွေ လက်ထဲ ရောက်သွားတာနဲ့ ရောင်းစားခံရမှာ ကျိန်းသေသလောက်ပဲ၊ ကျုပ်က ရှောင်းယောင်းမိန်းကလေးကို သဘောကျတယ်ဆိုပေမဲ့လို့ ရှန်သခင်မလေးကို ရှောင်းယောင်းတို့လို မိန်းကလေးမျိုး ဖြစ်မသွားစေချင်ပါဘူး၊ ရှဲ့စန်းကော ကျုပ်တို့ သူ့ကို လိုက်မကယ်သင့်ဘူးလား"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now