၉၀။ မိသားစု

5.1K 729 13
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၉၀။ မိသားစု

"အမေက ကျွန်တော့်အတွက် မစဉ်းစားပေးဘူးဆိုရင်တောင် ညီလေးရဲ့ အသက်ကိုပါ ထည့်မတွက်တော့တာလား"

ထိုတည်ငြိမ်အေးဆေးလှသော စကားလုံးများကို ကြားလိုက်ရသောအခါ ရမ့်ဝန်ယွင်၏ ဆူပူကြိမ်းမောင်း စကားလုံးများ ရုတ်ခြည်းဆိုသလို ဆိတ်သုဉ်းသွားရလေသည်။ သူမ ရှန်ယွမ်အား ငေးကြောင် ငိုင်ကြည့်နေမိတော့သည်။ "မင်း ဘာပြောချင်တာလဲ"

"အခု ရှန်မိသားစုတစ်ခုလုံး အမှုပတ်ဆက်နွယ်နေမိတာ၊ ရိုက်ခတ်မှုဒဏ်ကို အရင်ဆုံးခံစားရမှာက ကျွန်တော်တို့ရဲ့ ဒုတိယအိမ်တော်ခွဲပဲ... ညီမလေးရဲ့ ပြဿနာက ကျွန်တော်တို့ကို လုံးလုံး အမှုပတ်သွားစေတယ်၊ ကျွန်တော်နဲ့ အဖေ အမတ်ရာထူး ဆုံးရှုံးရမှာကို အမေ အလေးမထားဘူးဆိုရင်တောင် ညီလေးပါ ထိခိုက်နစ်နာရမယ်ဆိုရင် အမေ ဂရုမစိုက်ဘဲ နေဦးမှာလား" ဟု ရှန်ယွမ် ​ပြောလိုက်သည်။

ရမ့်ဝန်ယွင် သူ့အား မော့ကြည့်နေလိုက်သည်။ တစ်ခဏတွင်းချင်း သူမ မျက်ဝန်းတွင်း၌ စိုးရိမ်သောက ပူပန်မှုတို့ ပြည့်နှက်လာတော့လေသည်။ "ဒီကိစ္စက ပေါ်အာနဲ့ ဘာဆိုင်လို့လဲ၊ ပေါ်အာက ငယ်သေးတယ်လေ၊ သူ့ဆီပါ ဒီအမှုက ဘယ်လိုလုပ် ရိုက်ခတ်လာနိုင်မှာလဲ... ပေါ်အာက အပြစ်ကင်းဆုံးပဲလေ"

"အမေ ဒီပြဿနာမှာ ကျွန်တော်တို့အားလုံး အပြစ်ကင်းတာပါပဲ" ရှန်ယွမ် လေးလေးပင်ပင် ရယ်လိုက်သည်။ "ကျွန်တော် အပြစ်ရှိတယ်လို့ ပြောချင်နေတာလား" သူ သည်းညည်းခံလျက် ဆက်သာ ပြောလိုက်သည်။ "အမေ ကောလဟလတွေ ပြန့်နှံ့နေတာက ထိန်းမနိုင် သိမ်းမရဖြစ်နေပြီ၊ အခုချိန်မှာ ရှန်အိမ်တော်အနေနဲ့ ပြဿနာကို ပိုကြီးစေမယ်ဆိုရင်... အိမ်တော်တစ်ခုလုံး ဒုက္ခရောက်သွားနိုင်ပါတယ်" သူ ရမ့်ဝန်ယွင်ကို စေ့စေ့ကြည့်ရင်း လေးနက်စွာ ပြောလိုက်လေသည်။ "အမေက အားလုံးအတူတူ ပျက်စီးကြရစေမဲ့ အဆုံးသတ်မျိုးကို လိုလားတယ်ဆိုရင်တောင် ညီအငယ်လေးကိုပါ ထိခိုက်စေချင်လား"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now