၈၄။ မယုံကြည်မှု/ ခ

5K 769 48
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၈၄။ မယုံကြည်မှု/ ခ

နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးလာသော်လည်း တင်းမြို့တော်တွင်တော့ အထွေအထူး ကိစ္စကြီးများ မရှိသည့်အလားပင်။ နှစ်သစ်ကူးအချိန်ခါ သမယရောက်လုပြီဖြစ်၍ နှစ်ကူးအတွက် ပစ္စည်းပစ္စယများ ဝယ်ခြမ်းရင်း လူအများ ပျားပန်းခတ်နေကြလေသည်။ သူဆင်းရဲ လက်လုပ်စားများပက်လျှင် အပျော်ဓာတ်ကူးကာ ရွှင်မြူးစွန်းစ ရှိကြလေ၏။

သို့သော် နေ့ရက်များက မည်မျှပင် ရွှင်မြူးနေကြပါစေ၊ မပျော်နိုင်ကြသော လူတစ်စုကတော့ ရှိနေမည် မလွဲပေ။

နန်းတော်တွင်း၌ မင်းသားလီသည် မင်းသားရှန်းနှင့်အတူ နန်းဥယျာဉ်တော်အတွင်း လမ်းလျှောက်လာလေသည်။

မင်းသားလီ၏ အစုအဖွဲ့ထဲ မင်းသားရှန်းနှင့် မင်းသားချန်တို့၏ အင်အားလည်း ပါဝင်နေသည်။ မင်းသားရှန်းနှင့် မင်းသားချန်တို့မှာ အင်အားနည်းသဖြင့် မင်းသားလီကို ခေါင်းဆောင်တင်ထားပြီး အရိုအသေအလေးပေးဆက်ဆံကြလေသည်။ မင်းသားကျိုးနှင့် မင်းသားကျင်းတို့ လှံသွားပမာ ဦးဆောင်နေရသော အိမ်ရှေ့စံတို့၏ အင်အားစုနှင့် နှိုင်းစာလျှင် မင်းသားလီသည် သာမန်ရိုးကျ ရှေးမူမပျက်သော လမ်းစဉ်အတိုင်း ဖြစ်လေသည်။ မင်းသားလီ၏ မယ်တော် မိဖုရားမှာ မင်းကြီး အရေးပေးခြင်းခံရသူ မဟုတ်သော်လည်း ပါးနပ်စွာ စီမံခန့်ခွဲတတ်သူဖြစ်သည်။ ရုံးတော် အမတ်မင်း အမှုထမ်းများ ဖြစ်စေ၊ ညီတော် နောင်တော်များ ဖြစ်စေ၊ သူတို့ အားလုံး မင်းသားလီကို မျက်နှာသာ ပေးကြလေသည်။ သို့သော် မိမိတို့ဘာသာ သီးသန့်ရှိသည့် အချိန်များဆိုလျှင်မူ မင်းသားလီသည် ပြုံးနေသော ကျားကဲ့သို့ စရိုက်မျိုး ရှိကြောင်း အသိအမှတ်ပြုကြလေ၏။

"ဆဌမ နောင်တော် ဒီရက်တွေထဲ ဖခမည်းတော်က ဦးရီးတော်ကို အေးတိအေးစက် ဆက်ဆံနေတယ်လို့ ကြားတယ်" မင်းသားရှန်းက ပြောလာလေသည်။ 

"မင်းလဲပဲ ကြားထားတာပဲ" မင်းသားလီက ပြုံးသည်။ သူ ပြုံးသောအခါ မျက်ဝန်းတဝိုက်၌ ကျီးခြေရာ ခပ်ရေးရေးပင် ပေါ်လွင်နေပြီး သူ့အသွင်ကို ပျော်ပျော်နေ၍ သဘောကောင်းသူဟု ထင်ရစေလေသည်။ သူသည် ပေါ့ပါး၍ ဆက်ဆံရေး ကောင်းသော လူတစ်ယောက် ဟန်အတိုင်း မင်းသားရှန်းနှင့် လိုက်လျောညီထွေစွာ စကားစမြည် ပြောလေသည်။ "ဖခမည်းတော်က ဦးရီးတော်ကို အမြဲ အလေးပေး တန်ဖိုးထားခဲ့တာ၊ အခုတလော ဦးရီးတော်က နန်းတော်တွင်း ဝင်ပြီး တွေ့ခွင့် ခဏ ခဏတောင်းခဲ့တယ်၊ ဒါပေမဲ့ ဖခမည်းတော်က တိုင်းရေး ပြည်ရေး ကိစ္စတွေနဲ့ မအားလပ်လို့ပါဆိုပြီး ငြင်းပယ်လိုက်တယ်၊ သွက်တဲ့ လျင်တဲ့ သူတွေတော့ သတိထားမိတာပဲ၊ ဖခမည်းတော်က ဦးရီးတော်ကို တမင် အခြောက်လှမ်းနေတယ်ဆိုတာ"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now