(31)

310 15 0
                                    


သေလို့ရတယ်

အမြဲလိုလိုသူ့ထက်အရင်အိပ်ယာနိုးနေတတ်တဲ့ကင်လယ်ကပုံမှန်အတိုင်းအစောကြီးနိုးပြီး...မနက်စာကိုပြင်ဆင်နေခဲ့သည်။
ထုံးစံအတိုင်း မီးဖိုခန်းထဲမှာ ဆူဆူညံညံနဲ့ဒူချပ်ဒူချပ်တေးသွားကကျယ်လောင်စွာ။
ခပ်အေးအေးနဲ့ဆွေးရသည့်သီချင်းများကိုသာနားထောင်ဖြစ်တဲ့သူ့အတွက်တော့ ဒစ်စကိုသီချင်းတွေကတကယ်စိတ်အပန်းမပြေနိုင်ပေမယ့် ပင်လယ်ကတော့အဲဒီလိုတေးသံတွေကိုနှစ်သက်ပုံရသည်။
အရာရာဆန့်ကျင်ဘက်အကျင့်များစွာနဲ့ သူတို့နှစ်ဦးကတော့ တကယ်ကိုအရောင်မတူဘဲ အဖြူနဲ့အမည်းလို။
ခေါင်းကိုဖြည်းညင်းစွာယမ်းခါပြီး စည်းကမီးဖိုခန်းထဲကိုဆက်ဝင်လာခဲ့သည်။
သိပ်မကျယ်တဲ့မီးဖိုခန်းလေးကပစ္စည်းပစ္စယတွေနဲ့ပြည့်နေတော့ လူတကိုယ်စာလမ်းလျှောက်ဝင်ရုံလမ်းကြောင်းလေးက အနည်းငယ်တော့ကျဉ်းပါသည်။
ပင်လယ်ရှိနေခဲ့တဲ့ ဘေစင်ရဲ့နောက်ဘက်မှာရေခဲသေတ္တာကိုထားရှိတော့...
သူ့နောက်ကနေစည်းကကိုယ်ကိုလျှိုပြီးရေခဲသေတ္တာဆီဝင်သွားရသည်။

ညတုန်းကအသောက်များပြီး ရင်ခေါင်းတစ်ခုလုံးတော်တော်ပူလောင်နေကာ လည်ပင်းတွေကွဲလုမတတ်ဖြစ်နေတာမို့ မကြိုက်ပေမယ့်လည်း ရေခဲရေခပ်အေးအေးလေးကိုသောက်ချင်လာခဲ့၏။

ရေခဲသေတ္တာရဲ့ခေါင်မိုးဆီမှာတွေ့တဲ့ဖန်ခွက်ယူပြီးရေခဲရေတစ်ခွက်ထည့်ပြီးမှရေခဲသေတ္တာဘေးမှနံရံကိုမှီပြီးရပ်သည်။
အေးစက်နေတဲ့ရေကိုတရှိန်ထိုးမော့မသောက်တတ်တော့ တငုံချင်းသောက်နေရင်းနဲ့ အကြောင်းမဲ့ပင်လယ့်ဆီငေးကြည့်ဖြစ်သည်။
အရွက်တွေရေဆေးထားတာကိုဆယ်လိုက်၊ ဓားလေးနဲ့အရွက်ရင်းတွေကိုဖြတ်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ပင်လယ်ကတော့ သီချင်းသံအတိုင်းစည်းဝါးလိုက်ပြီးခေါင်းလေးတညိတ်ညိတ်။
ဓါးကိုလှပသေသပ်စွာကိုင်ထားတဲ့သူ့လက်ချောင်းခပ်ရှည်ရှည်လေးတွေကိုငေးကြည့်နေရင်းနဲ့ တိတ်တဆိတ်မှတ်ချက်ပေးနေဖြစ်ခဲ့တာ...
လှပသလောက်ပညာပြည့်တဲ့လက်ချောင်းလေးတွေရယ်ပါ။

သူမကြိုက်ပေမယ့် နူးညံ့လှပတဲ့ဆံပင်ရှည်တွေနဲ့မိမိုက်လှတဲ့ပင်လယ်ဆိုသောထိုကောင်လေးကတချိန်တခါတုန်းကမိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာနာမည်ကြီးခဲ့ဖူးသည်တဲ့လား။
ခပ်ပေါ့ပေါ့ပါးပါးနဲ့အမြဲပြုံးပျော်နေတတ်တဲ့ထိုကောင်လေးက နေဒဏ်လေဒဏ်တွေကြောင့်အသားရေလေးညိုမှောင်မနေဘူးဆိုရင် တော်တော်ကိုနုနယ်ချောမောနေလောက်သည်။
ဖြောင့်စင်းပေါ်လွင်တဲ့နှာတံလေးများအောက်ကနှုတ်ခမ်းလေးတွေလည်း စီးကရက်ကိုစွဲမြဲစွာမသောက်ဖြစ်ဘူးဆိုရင် နုထွေးအိစက်နေလောက်ပါသည်။
ဘေးကနေ ပင်လယ့်ကိုပိုက်စိပ်တိုက်ပြီးငေးကြည့်နေတာ အချိန်ဘယ်လောက်ကြာသွားသလဲမသိ။
လက်ထဲကရေခွက်တောင်အနည်းငယ်နွေးချင်လာတော့မှသတိကဝင်သည်။
သတိလည်းဝင်လာရော တဒိန်းဒိန်းထ,ဆောင့်ခုန်တဲ့ရင်ဘတ်ကြောင့် လန့်ရပြန်၏။
သူ့ကိုအဲလိုမျိုးငေးကြည့်မိတိုင်းထ,ထခုန်လာတတ်သည့်ကိုယ့်နှလုံးသားကိုတကယ်မကျေနပ်ပါ။
သူရော...ကိုယ်ပါယောကျာ်းလေးတွေဖြစ်ပြီး....
ရင်ခုန်နေမိတာကိုမဖြစ်သင့်ဘူးလို့အကြိမ်ကြိမ်တွေးနေမိရင်း....စည်းကခေါင်းကိုတယမ်းယမ်း။

ပင်လယ်နှစ်စင်းရဲ့ဆုံမှတ်ရာဇဝင် Where stories live. Discover now