Chapter - 59

7.2K 1.5K 95
                                    

ကျန့်ယောင်က သူ့ကိုစိုက်ကြည့်နေတယ်၊ မျက်ဝန်းတွေထဲက လိုအင်ဆန္ဒတွေဟာတော့ အတိုင်းသားထင်ရှားလို့။ 

အချိန်ခနလောက်ထိ ရင်းချဲယ်အတွေးတွေ ဗလာဖြစ်သွားရသည်။

အဲ့နောက်က ချက်ချင်းပါလာတာက စူးစူးရှရှနာကျင်မှုဝေဒနာ။

ခေါင်းတစ်ခုလုံးကို လျှပ်စစ်ဖောက်စက်နဲ့အဖောက်ခံရသလို၊ အစိတ်အပိုင်းတွေကို သံတုတ်နဲ့ ထုရိုက်ခံရသလိုမျိုးအထိကို။

ကျန့်ယောင်က ရှေ့ဆက်တိုးမလာတော့တာတောင်မှ သူ့မှာတော့ သေတော့မလိုနာကျင်ခံစားရသည်။

“ဘာဖြစ်တာလဲ? မျက်နှာတွေ အရမ်းဖြူဖျော့သွားတယ်...”
ကျန့်ယောင်က ခြေထောက်ကိုပြန်ရုတ်ပြီး သူ့မျက်နှာကို ထိဖို့လက်လှမ်းလာတယ်။

ရင်းချဲယ် သူ့လက်ကိုပုတ်ထုတ်လိုက်သည်။
“မထိနဲ့”

သူတုံ့ပြန်တာလွန်လွန်းသလိုဖြစ်နေမှန်း သူသိတယ်၊ ဒါပေမယ့် သူကိုယ်တိုင်ကိုက သူ့ကိုယ်သူ မထိန်းချုပ်နိုင်လိုက်ပေ။ တုန်ရီလာပြီး နံရံတစ်လျှောက်လျှောကျသွားသည်။ ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေးထိုင်နေမိပြီး မျက်နှာမှာချွေးစေးတွေ စီးကျလာသလို အမြင်အာရုံတွေကလည်း ရှုပ်ထွေးဝေဝါးလာသည်။ ကျန့်ယောင်ရဲ့ကိုယ်က ကိုယ်ခွဲတွေအများကြီးဖြစ်လာတယ်၊ မှုန်ဝါးလွန်းနေတာမို့ ဘယ်ဟာအစစ် ဘယ်ဟာမှားမြင်တာမှန်း သူမခွဲခြားနိုင်တော့။

ကျန့်ယောင်က သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်ချသည်။
“အဆင်ပြေရဲ့လား? မင်းဒီလောက်ထိဖြစ်သွားလိမ့်မယ်မှန်းထင်မထားလို့...ငါတောင်းပန်ပါတယ်၊ နောက်နောင် ဒီလိုမျိုးထပ်မလုပ်တော့ဘူးနော်”

ဒီလိုမျိုးထပ်မလုပ်တော့ဘူးတဲ့လား? ကျန်တဲ့ဘဝတစ်လျှောက်လုံး လက်ကိုင်ရုံ ပွေ့ဖက်ရုံလေးထက် ဘာမှထပ်မကျော်တော့ဘူးလား?

ကျန့်ယောင်ဟာ အရမ်းသနားစရာကောင်းကြောင်း ရင်းချဲယ် ရုတ်တရက်သတိပြုမိသွားသည်။

သူလည်း အရွယ်ရောက်နေပြီ၊ ထူးချွန်ထက်မြက်တဲ့ alphaတစ်ယောက်၊ ကြည်နူးပျော်ရွှင်ဖွယ်ချစ်ရေးချစ်ရာခရီးလမ်းလေးကို လျှောက်လှမ်းနိုင်တဲ့လူတစ်ယောက်ဖြစ်ပါလျက်နဲ့၊ အခုတော့ ရွေးခြယ်စရာမရှိပဲ သတိကြီးကြီး စိုးရိမ်ကြီးကြီးနဲ့ မထိရက်မတို့ရက် သူနဲ့တွဲနေရတယ်။ နည်းနည်းလေးထိတာတောင် မရချင်တဲ့သူနဲ့မှလေ၊ ကျန့်ယောင်ခမျာ သူ့ကိုယ်သူ အရမ်းချိုးနှိမ်နေရရှာတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now