Part 10

4.3K 544 2
                                    

အပိုင်း (၁၀)
သခင်မလေး၏ ကံကောင်းခြင်း

"သခင်မလေး ၅"

အစေခံမိန်းကလေး၂ယောက်က နန်းပေါင်ရီ ကို ဦးညွှတ်လိုက်သဖြင့် သူမလည်း လက်ယမ်းပြကာ အသိအမှတ်ပြုကြောင်းပြပြီး သူမတို့ကိုသေချာကြည့်လိုက်သည်။ ထိုအစေခံတို့ ရှောင်းယီ အပေါ် အထင်သေးကြမည်ကို သူမရုတ်တရက်စိတ်ပူမိလိုက်သည်။

အစေခံတို့၏အမြင်တွင် ရှောင်းယီ သည် မျက်နှာသာမပေးခံရသော မွေးစားသားတစ်ယောက်သာသာရှိသည်။ သူတို့ကို သူမသတိပေးထားရဦးမည်။ သူမလက်နှစ်ဖက်ကိုနောက်ပစ်ကာ ချိတ်ထားလိုက်ပြီး တင်းမာသောမျက်နှာထားနှင့်မေးလေသည်။

"နင်တို့နာမည်နဲ့ ဘယ်နေရာမှာကျွမ်းကျင်လဲဆိုတာ ပြောပါဦး"

"ကျွန်မက ယွိဝေ့ ပါ ချက်ပြုတ်တာကျွမ်းကျင်ပါတယ် သခင်မလေး .. တောင်ပိုင်းနဲ့မြောက်ပိုင်းအစားအစာတွေကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာလည်း သိပါတယ်"

"ကျွန်မက ချန်ရှင်း ပါ .. လူသတ်တာ..အာ မဟုတ်ဘူး .. ကံကြမ္မာကိုဟောပြောရတာကျွမ်းကျင်ပါတယ် လက်ထပ်ထိမ်းမြားတာနဲ့ တခြားအကြောင်းတွေကို ခန့်မှန်းပြောရတာပါ"

ထိုအစေခံက လူသတ်ရာတွင် တတ်ကျွမ်းသည်ဆိုသော စကားကိုကြားလိုက်ရသဖြင့် နန်းပေါင်ရီ စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဘယ်လိုလူတွေကိုများ အဒေါ် ကျိ က သူ့အတွက် ရွေးခဲ့တာလဲ။

နန်းပေါင်ရီ အစေခံနှစ်ယောက်အနားသို့ လျှောက်သွားပြီး သူမတို့ကို ဂရုတစိုက် ကြည့်ရှုလေသည်။ နှစ်ယောက်လုံးမှာ ကိုယ်ကိုမတ်မတ်ရပ်ပြီး တည်ကြည်နေလျက် ရိုသေမှုရှိကာ အိမ်တော်ထဲတွင် အချိန်ကြာကြာနေထိုင်နှင့်ပြီးသော အစေခံတို့ကဲ့သို့ အားနည်းကြောက်ရွံ့နေခြင်းမရှိကြပေ။ သူမတို့၏လက်ညိုးနှင့် လက်ဝါးတို့တွင် အသားမာရှိနေခြင်းမှာ ဓါးတို့ကိုမကြာခဏကိုင်နေကြရခြင်းတို့ကြောင့် ဖြစ်နိုင်သည်။

နန်းပေါင်ရီ သူမတို့ကိုပြန်ကြည့်ကာ တွေးလိုက်သည်။ ရှောင်းယီ ဉာဏ်ထက်မြက်သူဖြစ်သောကြောင့် သာမန်အစေခံတို့ သူ့အပေါ်ပြုစုပေးခြင်းကို ခွင့်ပြုမည်မဟုတ်ပေ။ ဒီအစေခံနှစ်ယောက်က သူ့ရဲ့လူတွေလား။

သူမတို့၏လှပသောမျက်နှာကိုစိုက်ကြည့်လိုက်ပြီး ဟင်း... ရှောင်းယီ နဲ့ အတူအိပ်ခဲ့ကြမယ့်သူတွေ။

နန်းပေါင်ရီ မျက်ခုံးတွန့်ထားသည်ကို လျော့လိုက်ပြီး ကိုယ်နေဟန်ထားမှာလည်း ရင်းနှီးသည့်ပုံစံသို့ပြောင်းလိုက်သည်။

"အစ်ကို ၂က ဉာဏ်ကောင်းပြီး လုပ်ရည်ကိုင်ရည်ရှိတယ် သူ့ကိုကြည့်လိုက်ရင်လည်း အမြဲခန့်ညားပြီးတည်ကြည်နေတယ် ... သူ့ကိုနားလည်ပေးနိုင်တဲ့သူတွေ သူ့အနားမှာမရှိတာ တကယ်သနားစရာကောင်းတယ် ... ဒီက မမနှစ်ယောက် အစ်ကို ၂ကို ဂရုစိုက်ပေးကြမယ်ဆိုတော့ စိတ်ချရပါပြီ .. သူ့ကိုပြုစုပေးရတာလည်း ကံကောင်းတာပဲလေ"

ရှောင်းယီ ကို မျက်နှာချိုမသွေးနိုင်တော့သဖြင့် သူ၏အစေခံတို့ကိုသာ စကားချိုချိုနှင့်ပြောလိုက်ရသည်။ သူမတို့သာပြောပြလိုက်လျှင် ရှောင်းယီ လည်း နန်းပေါင်ရီ ၏ စိတ်ရင်းအမှန်ကို သိလာနိုင်လိမ့်မည်။

ယွိဝေ့ က နန်းပေါင်ရီ ကို အံ့ဩစွာကြည့်နေသည်။ သခင်မလေး ၅၏ စကားပြောပုံမှာ ရင့်ကျက်ဟန်ဆောင်နေပြီး အောင်သွယ်တော်မိန်းမကြီး၏ စကားပြောပုံနှင့်တူနေသည်။

ချန်ရှင်း တည်ငြိမ်စွာကြည့်လျက် စာတစ်စောင်ထုတ်ကာ နန်းပေါင်ရီ ကိုပေးလိုက်သည်။

"ဒီမှာ"

"ငါ့အတွက်လား"

နန်းပေါင်ရီ လည်း အံ့အားသင့်သွားသည်။ ချန်ရှင်းက ခေါင်းညိတ်ပြပြီး ...

"သခင်မလေး ၅ ကံကောင်းခြင်းတွေ အများကြီးပိုင်ဆိုင်ရပါလိမ့်မယ်"

ရှောင်းယီ ရဲ့ နောက်လိုက်လူများ သူမကို လူကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်ဟု ဆိုလိုခြင်းလား။

နန်းပေါင်ရီ အတောက်ပဆုံးပြုံးကာ စာရွက်ကိုသူမအိတ်ထဲထည့်လိုက်ပြီး ကျင်းရီ ဆောင်ဘက်သို့ ပြန်လာခဲ့လေသည်။ သူမပြန်ရောက်လာချိန်တွင် အစေခံတို့မှာ အထုပ်အပိုးများသယ်နေသည်ကိုတွေ့လိုက်ရသည်။

ဟယ်ယဲ့ ၏ မျက်လုံးတို့လည်း နီရဲနေပြီး နန်းပေါင်ရီ ၏ ဝတ်ရုံကို တုန်လှုပ်စွာဆွဲယူလိုက်သည်။

"သခင်မလေး .. သခင်ကြီးကတော့ စုံလုံးကန်းသွားပြီနဲ့တူပါတယ် နန်းယန် ကို သခင်မလေးနဲ့ အတူတူနေခိုင်းလိုက်တယ်တဲ့"

နန်းပေါင်ရီ လှည့်ပတ်ကြည့်လိုက်သည့်အခါ နန်းယန် ၏ အဖြူရောင်ဂါဝန်မှာ တံစက်မြိတ်အောက်တွင် ပျံ့လွှင့်နေသည်မှာ နွေဦးတွင်ပွင့်လာသော အဖြူရောင်ပန်းပွင့်လေးနှင့်တူနေသည်။

အကြည့်တို့ဆုံသွားချိန်တွင် နန်းယန် က ပြုံးလိုက်ပြီး ...

"ပေါင်ရီ ပြန်ရောက်လာပြီလား ... ဖေဖေက မမကို ဒီမှာ ညီမလေးနဲ့အတူတူနေခိုင်းလိုက်တယ် ကိစ္စမရှိဘူးမဟုတ်လား"

နန်းပေါင်ရီ အမူအရာတို့ပြောင်းသွားသည်။ အတိတ်ဘဝတွင် ယခုကဲ့သို့မဖြစ်ပျက်ခဲ့ပေ။ ယခုတစ်ကြိမ်တွင် သူမက မင်ကျောက်ကို ဝယ်ယူခဲ့သဖြင့် နန်းယန် က သူမကို စိတ်တိုစေလိုသောကြောင့် ယခုကဲ့သို့လုပ်ခဲ့ခြင်းဖြစ်လိမ့်မည်။

သို့သော်လည်း သူမမကြောက်ပေ။

အတိတ်ဘဝတွင် နန်းယန် က သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့ပြီး ချန်းတယ်ယွီ က သူမကို စွန့်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ချန်းာမိသားစုက သူမကို ရှန်ကျင်း မြို့ရှိ နန်းတော်သို့ ရောင်းစားခဲ့သည်။

နန်းတော်ထဲတွင် အခြားသူတို့ တွေးပင်မတွေးနိုင်လောက်သည့် စိန်ခေါ်မှုများကို သူမရင်ဆိုင်ခဲ့ရသဖြင့် သူမသည်စိတ်ဓါတ်ကြံ့ခိုင်နေပြီးဖြစ်သည်။ နန်းယန် မှာ သူမအတွက် မုန်းတီးစရာကောင်းသော သာမန်မိန်းကလေးဖြစ်နေပြီဆိုသောကြောင့် နန်းယန် ၏လှည့်ကွက်ကို သူမဂရုမစိုက်ပေ။

နန်းပေါင်ရီ လွတ်လပ်စွာပင် ပြုံးလိုက်ပြီး ...

"မမက ဒီမှာအတူတူလာနေမယ်ဆိုတော့ ညီမလေးအရမ်းပျော်တာပဲ"

ထိုသို့ပြောပြီးနောက် နန်းပေါင်ရီ နှင့် ဟယ်ယဲ့ တို့ အဆောင်ထဲသို့ ဝင်သွားကြလေသည်။ နန်းပေါင်ရီ ၏အမှုမထားသောအပြုအမူကို နန်းယန် ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏အစေခံလည်း ရှုပ်ထွေးသွားပြီး ...

"နန်းပေါင်ရီ ဘာလို့ဒေါသမဖြစ်တာလဲ .. သခင်ကြီးရဲ့ဆုံးဖြတ်ချက်နဲ့ သခင်မလေး သူအဆောင်ဆီ ရွေ့ပြောင်းလာတာကို သူဒေါသမဖြစ်ဘူးလား"

"သူဂရုမစိုက်သလိုဟန်ဆောင်ပြီး စိတ်ထိန်းထားတာဖြစ်မှာ ဒါပေမယ့် သူကြာကြာဟန်မဆောင်နိုင်ပါဘူး ... မကြာခင် အိမ်တော်ထဲ ငါ့အမေလည်းဝင်လာတော့မှာ အဲဒီအခါကျ သူပိုခံစားရလိမ့်မယ်"

နန်းယန် က ပြန်ပြောပြလေသည်။

ဟယ်ယဲ့ လည်း နန်းပေါင်ရီ နောက်မှလိုက်လာပြီး အခန်းထဲရောက်သည့်အခါ ပြတင်းပေါက်နားတွင် စာအိတ်ကိုဖောက်နေသော နန်းပေါင်ရီ ကိုတွေ့လိုက်သောအခါ ...

"သခင်မလေး .. အပြင်လူရဲ့သမီးက ဒီလိုလိုက်လုနေတာ သခင်မလေးဘယ်လိုမှမနေဘူးလား .. သခင်မကြီးပြောပြီး သူ့ကိုနှင်ထုတ်ခိုင်းရမှာကို ဘာကြောင့်ကျွန်မကို ဒီလိုမလုပ်ခိုင်းရတာလဲ"

"ဖေဖေက ငါ့ကို အရင်ကတည်းက မကြိုက်ဘူးလေ .. အဲဒီလိုလုပ်လိုက်ရင် ဖေဖေက ငါ့ကိုပိုမုန်းသွားမှာပေါ့"

နန်းပေါင်ရီ စာအိတ်ကို သတိမထားဘဲ ဖွင့်ဖောက်နေသည်။

"သူကြာကြာမနေရပါဘူး မိန်းကလေး လျို လည်း အိမ်တော်ထဲ ဝင်လာလို့မရနိုင်တော့တာမလို့ စိတ်မပူပါနဲ့"

ဟယ်ယဲ့ လည်း နန်းပေါင်ရီ အတွက် ငှက်သိုက်စွပ်ပြုတ်ယူရန် ထွက်သွားလေသည်။ နန်းပေါင်ရီ လည်း ချန်ရှင်း ပေးခဲ့သောစာကို ဖတ်ကာ တွေးတောနေလေသည်။

'နွေဦးရာသီရဲ့ ချိူသာသောမနက်ခင်းနှင့် အေးချမ်းမှုကို ပြောပြပေးမယ့် ငှက်တွေ နေရာတိုင်းမှာရှိနေပေမယ့် ညအခါမှာတော့ ကြမ်းတမ်းတဲ့မုန်တိုင်းကြောင့် ချစ်စရာပန်းလေးတွေ ဘယ်လောက်ကြွေကျဦးမှာလဲ။

ဒီစာကိုလက်ခံရရှိတဲ့သူ ဘယ်သူမဆို စာကိုကူးရေးပြီး အနီးစပ်ဆုံးလူ ၇ယောက်ကို ပြန်လည်မျှဝေပေးပါ၊ မဟုတ်လျှင် သင်၏မိသားစု ဖျက်ဆီးခံရပြီး သင်အချစ်ဆုံးသောသူ သွေးရိုးသားရိုးမဟုတ်သောသေဆုံးမှုနှင့် သေရမည်။'

နန်းပေါင်ရီ စာရွက်ကိုကိုင်ရင်း အနည်းငယ်တုန်လှုပ်လာသည်။ အမတ်လောင်းအနားရှိနေသူတို့မှာ မရိုးရှင်းလှပေ။ နန်းပေါင်ရီ ငိုလိုက်ချင်သော်လည်း မျက်ရည်တို့မှာ ခမ်းခြောက်ကုန်လေပြီ။

......

နေဝင်ရီတရောအချိန်တွင် နန်းပေါင်ရီ နှင့် ကြက်တောင်ဆော့ကစားရန် ကျင်းရီ ဆောင်သို့ နန်းပေါင်ကျူး ရောက်လာခဲ့သည်။ နန်းယန် ရောက်လာသည်ကိုတွေ့လိုက်ရသဖြင့် သူမထိတ်လန့်သွားပြီး ဆော့ကစားချင်စိတ်မရှိတော့ဘဲ နန်းပေါင်ရီ ကို အစုလိုက်ပွင့်နေသော မုတန်းပန်းပင်များနောက်သို့ ခေါ်သွားလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ အားလုံးအဆင်ပြေနေရဲ့သားနဲ့ ဘာကြောင့် အပြင်လူရဲ့သမီးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ရတာလဲ"

"ပြောရမှာအရှည်ကြီးပဲ .. သူ့ကိုဂရုမစိုက်နဲ့ ဆော့ရအောင်"

နန်းပေါင်ရီ စိတ်ကို နန်းယန် ကြောင့် ပျက်စီးမခံနိုင်ပါ။ သို့သော် မထင်မှတ်စွာ နန်းယန် က ရုတ်တရက် သူမတို့အနား ရောက်လာခဲ့သည်။

နန်းယန် က ခါးကိုညွှတ်ပြီး နန်းပေါင်ကျူး ကို နှုတ်ဆက်လိုက်သည်။

"မမ ၄"

"ဘယ်သူက နင့်ရဲ့ မမ ၄လဲ ... နင်ဒီလိုတွေလုပ်ပြီး ငါ့ကို အစ်မလို့ခေါ်နေတာ နင်စိတ်မညစ်ဘူးလား"

နန်းယန် မျက်လုံးတို့ နီရဲလာပြီး ရပ်နေသည့်နေရာမှာပင် ခေါင်းငုံ့ထားလျက် တိတ်တိတ်နေလေသည်။

နန်းပေါင်ကျူး မှာ သူမကို ပို၍ပင် စက်ဆုပ်ရွံရှာလာပြီး ....

"ငါနင့်ဆူလည်းမဆူသလို ရိုက်လည်းမရိုက်ဘူး ဒါကို ငိုနေရပြီလား တခြားသူတွေမြင်ရင် ငါကပဲ အနိုင်ကျင့်နေတယ်လို့ အထင်မှားကြဦးမယ်"

နန်းပေါင်ရီ လည်း ဘေးမှရပ်ကာ အေးစက်စက်နှင့်ကြည့်နေသည်။

အတိတ်ဘဝတွင် နန်းယန် ကို အစ်မကောင်းတစ်ယောက်ဟု သူမတွေးခဲ့မိသည်။

မောင်းမ၏သမီးဟူသော အဆင့်ကိုပင် စိတ်ထဲမထားဘဲ ရှု တိုင်းပြည်၏ မိသားစုစက်ဝန်းထဲသို့ ဆွဲခေါ်ခဲ့မိလေသည်။ နန်းယန် ကို ကောင်းမွန်သောဂုဏ်သတင်းနှင့် စာပေတတ်ကျွမ်းကြောင်း လူအများသိအောင် သူမကူညီပေးခဲ့ရသည်။

သို့သော် ယခုဘဝတွင် ရှု တိုင်းပြည်မှ ချမ်းသာကြွယ်ဝသောမိသားစုကိုပင် မဆိုထားနှင့် နန်း အိမ်တော်အတွင်းမှာပင် သူမကို သက်သက်သာသာနေခွင့်ပေးမည်မဟုတ်ပေ။

သူမ နန်းပေါင်ကျူး လက်ကိုဆွဲကိုင်ပြီး ...

"မမသူ့ကို မကြိုက်မှတော့ ဥယျာဉ်ထဲသွားဆော့ကြမယ်လေ သူ့ကိုမမြင်ရင် မျက်စိစပါးမွေးမစူးတော့ဘူးပေါ့"

ထိုစကားကို နန်းပေါင်ကျူး ကြားလိုက်ရသောအခါ ဒေါသထွက်လာပြီး နန်းပေါင်ရီ အရှေ့မှကာရပ်ကာ ...

နန်းယန် ဆို့နစ်နေသည်တို့ကို မျိုသိပ်ပြီး သူမတို့အရှေ့ရပ်ကာ ...

"ပေါင်ရီ ..ဖေဖေက ဒီကိုပြောင်းလာဖို့နဲ့ ညီမလေးကိုသင်ပေးဖို့ မမကိုပြောခဲ့တာ ဒီနေ့ စာလည်းမလုပ် ပန်းထိုးလည်းမလေ့လာဘူးဆိုတော့ တစ်ရက်က အလကားကုန်သွားပြီ ... ကျောင်းစာအုပ်တွေထဲမှာ ပြဌာန်းတာရှိတယ် 'ငယ်ရွယ်စဥ်မှာ အချိန်မဖြုန်းဘဲ အခွင့်အရေးကို အရယူရမယ် မဟုတ်ရင် ကုန်လွန်သွားတဲ့အခါ ပြန်မရနိုင်တော့ဘူး'တဲ့ ... မမတို့က မိန်းကလေးတွေလည်းဖြစ်တော့ ပိုပြီးကြိုးစားရမယ် ဒီတော့ ဥယျာဉ်ထဲသွားမဆော့ရဘူး ... အခန်းပြန်ပြီးစာလုပ်တော့ ငါ့စကားနားမထောင်ရင် ဖေဖေ့ကို မမပြန်ပြောမှာ"

"နန်းယန် နင်က အိမ်တော်ထဲမှာ ဘယ်သူမို့လို့လဲ .. သခင်မကြီးဖြစ်တဲ့ဘွားဘွားကတောင် နင့်ကိုအသိအမှတ်မပြုသေးဘူး ငါ့ညီမကို ပြန်သင်ပေးနေရအောင် နင်ကဘယ်သူမို့လို့လဲ ... နင့်မှာ အချိန်တွေဒီလောက်များနေရင် နင့်အမေကို ဘာလို့ပြန်မသင်ပေးတာလဲ ဒီလောက်နှစ်တွေအများကြီးကို ငါ့ဦးလေး ၃ဆီကနေ ငွေတွေယူနေတာ အရှက်ကိုမရှိဘူး"

အာဃာတပြန်တမ်းWhere stories live. Discover now