part 136

2.4K 288 6
                                    

Unicode

အပိုင်း (၁၃၆)
နန်းပေါင်ရီက သူ့ရဲ့လက်ကို ရိုသေလေးစားစွာ နမ်းရှိုက်လိုက်တယ်
ယွီဝေ့က ရောက်လာတဲ့အခါ နွေးထွေးတဲ့အိပ်ရာခင်းနဲ့ မီးဖိုကို တံစက်မြိတ်အောက်မှာ ထားပေးလိုက် သည်။
ယုန်မွှေးအပေါ်ဝတ်ရုံရဲ့ အစွန်းစကိုမပြီး နန်းပေါင်ရီက အိပ်ရာခင်းပေါ်မှာ ခြေချိတ်ထိုင်လိုက်သည်။ သူမရဲ့လက်ထဲမှာ ပူနွေးနေတဲ့ လက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားသည်။ သူမက အနောက်ကို ယိုင်နေပြီး သေရည်သောက်ထားတာကြောင့် မျက်နှာလေးက အနီရောင်သမ်းနေသည်။ သူမက ညခင်းမှာ ဖြူဖွေးနေတဲ့နှင်းတွေက ငြင်သာစွာ ကျဆင်းနေတာကို လှပတဲ့အိပ်မက်လေးတစ်ခု မက်နေသလို ငေးကြည့်နေသည်။
သူမက နှင်းပွင့်တွေကို မဖမ်းဆုပ်ဘဲ မနေနိုင်တော့။
“အရမ်းလှတာပဲ…”
ရှောင်းယီက သူမနောက်မှာရှိနေပြီး လက်ဖက်ရည်ပူကို ပေါ့ပေါ့ပါးပါး သောက်နေသည်။
“ဟီးဟီး”
နန်းပေါင်ရီက ရုတ်တရက် နှစ်ခါတိုင် ထရီလိုက်သည်။ သူမက လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး အခန်းထဲကို ပြေးဝင်သွားပြီး ဓါးရှည်ကို ကောက်ယူလိုက်သည်။
သူမက ဓါးရှည်ကိုကိုင်ရင်း စိတ်ဝင်တစားမေးလိုက်သည်။
“အစ်ကို ၂ ၊ ညီမလေးကို ဓါးသိုင်းအက ဘယ်လိုက ရလဲ သင်ပေးပါလား”
“ဓါးသိုင်းအက?”
နန်းပေါင်ရီက ခေါင်းကို ဆတ်ခနဲငြှိမ့်လိုက်ပြီး “ရွှယ်ထန်ဓါးသိုင်းအကလေ၊ အဲ့ဒါက အရမ်းကို လှမှာပဲ”
သူမကပြောပြီး ဓါးကိုထုတ်ယူချင်ပေမယ့် သူမက အရမ်းအားနည်းတာကြောင့် မထုတ်နိုင်ပေ။
သူမက အိပ်ရာခင်းပေါ်မှာဒူးထောက်လိုက်၍ ဓါးကို ရှောင်းယီကိုပေးလိုက်ပြီး “အစ်ကို ၂ ညီမလေးကို ဓါးသိုင်းအက ကပြပါ”
ရှောင်းယီက ယူလိုက်ပြီး ဓါးရှည်ကို နှစ်လက်မခန့် ဆွဲထုတ်လိုက်သည်။ ဓါးသွားက ထက်ရှနေသည်။
နန်းပေါင်ရီက “ဝိုး…” လို့ရေရွတ်လိုက်ပြီး ရှားပါးတဲ့ ဓါးရှည်ကို ပွတ်သပ်ကြည့်လိုက်သည်။
“ညီမလေးအမြဲစဉ်းစားဖူးတယ်၊ ညီမလေးသာ ဓါးရှည်သုံးနိုင်ရင် အရမ်းကောင်းမှာပဲလို့ လောကကြီးက မကောင်းတဲ့သက်ရှိတွေအားလုံးကို သတ်ပစ်မယ်၊ ဘယ်သူမှ အသက်မရှင်စေရဘူး…”
ရှောင်းယီက မျက်ခုံးတွေကို ပင့်လိုက်ပြီး “နန်းကျောင်းကျောင်းရဲ့ဆန္ဒက သိုင်းသမားဖြစ်လာရင်  တရားနည်းလမ်းကျကျ မျှမျှတတ ဓါးတစ်ချောင်းနဲ့ လောကကြီးက သရဲတွေကိုသတ်မယ်ပေါ့”
“မဟုတ်ဘူး!..”
နန်းပေါင်ရီက အော်ပြီးငြင်းဆိုလိုက်သည်။
“ညီမလေးရဲ့ ဆန္ဒက ရှန်းကျင်းမြို့တော်က အာဏာရှိတဲ့သူတစ်ယောက်နဲ့လက်ထပ်ဖို့ …. အကောင်းဆုံး အကောင်းဆုံး  အမတ်မင်းလို အဆင့်အတန်းမြင့်တဲ့ သူမျိုးကို လက်ထပ်မှာ”
အမတ်မင်းလိုမျိုး?
ရှောင်းယီရဲ့မျက်လုံးတွေက အနည်းငယ်အေးစက်သွားသည်။ ဒီကောင်မလေးရဲ့ သတို့သားလောင်းကို သူရှင်းထုတ်ပြီးတာတောင် ဘယ်က အမတ်မင်းက ထွက်လာပြန်ရတာလဲ? သူကခပ်တည်တည်နဲ့ မေးလိုက်သည်။
“အမတ်မင်းက ဘယ်သူလဲ?”
နန်းပေါင်ရီက ခေါင်းကိုမော့ပြီး ရှောင်းယီကိုစိုက်ကြည့်လိုက်သည်။ သူမ သေရည်သောက်ထားတာ ကြောင့် နည်းနည်းမူးနေရမှာပေမယ့် သေရည်ကို ခွက်တစ်ဝက်သာသောက်ထားတာကြောင့် သူမ မမူးပေ။ သူမက ‘ဟီးဟီး’လို့ နှစ်ကြိမ်ခန့် ထပ်ရီလိုက်ပြီး သူမရဲ့ပူနေတဲ့မျက်နှာလေးကို ကိုင်ထားလိုက်သည်။
ကောင်မလေးရဲ့မျက်နှာက အနည်းငယ်နီရဲသွားပြီး ပျော့ပြောင်းတဲ့အသံနဲ့ ပြောလာသည်။
“အမတ်မင်းက အမတ်မင်းပေါ့၊ သူကယောကျာ်းပီသတယ်၊ မာနကြီးတယ်၊ မိန်းကလေးတွေနဲ့လည်း နီးနီးကပ်ကပ်မနေဘူး၊ သေရည်လည်းမသောက်ဘူး၊ ချစ်ခြင်းမေတ္တာကိုလည်း‌ လေးစားပြီး တရားမျှတ….”
ရှောင်းယီက သူမကို အဓိပ္ပါယ်မဖော်နိုင်တဲ့အကြည့်နဲ့ စိုက်ကြည့်နေသည်။ ကောင်မလေးက သူမရဲ့ လက်ချောင်းတွေကို ချိုးပြီး ရိုင်းစိုင်းတဲ့ကောင်ရဲ့ ကောင်းကွက်တွေကို ရေတွက်နေသည်။ သူမရဲ့ လက်ဆယ်ချောင်းလုံးချိုးပြီးရေတွက်တာတောင် ရေတွက်ခြင်းက မပြီးဆုံးသေးပေ။
သူမက စိတ်လောလာပြီး သူမရဲ့ပန်းထိုးထားတဲ့ဖိနပ်တွေိကို ချွတ်ပစ်လိုက်သည်။ သူမက ခြေချောင်းတွေကိုပါထည့်ပြီး ဆက်လက်ရေတွက်တော့သည်။
ရှောင်းယီက အလွန်မနှစ်မြို့ဟန် အေးစက်စက်မျက်နှာနဲ့ သူ့ရဲ့လက်တစ်ဖက်ကို ကောင်မလေး ရေတွက်ဖို့ ငှားလိုက်သည်။
နန်းပေါင်ရီက စောင်းကြည့်လိုက်ပြီး သူ့ရဲ့လက်ကိုကိုင်လိုက်သည်။
သူမက ရှောင်းယီရဲ့လက်ကို မြဲမြဲဆုပ်ကိုင်ရင်း လက်ချောင်းတွေကိုချိုး၍ ဆက်လက်ရေတွက်နေသည်။
“သူက အရမ်းအာဏာရှိတယ်….”
ရှောင်းယီက လူရိုင်းကောင်ရဲ့ ကောင်းကွက်တွေကို သူမဆက်လက်ရေတွက်နေတာကို ထပ်မကြားချင် တော့ပေ။ သူကညခင်းမှာ ကျဆင်းနေတဲ့ နှင်းစက်တွေကိုကြည့်ရင်း တိုးဖွဖွရေရွတ်လိုက်သည်။
“ငါ့ရဲ့ဆန္ဒက တရုံကို ပြန်လည်ပေါင်းစည်းပြီး လောကကြီးငြိမ်းချမ်းဖို့ ၊ ဧကရာဇ်သာဖြစ်မယ်ဆိုရင်  အရာအားလုံးကို လုပ်နိုင်တယ်”
“အစ်ကို့ရဲ့လက်တွေက အရမ်းလှတာပဲ….”
နန်းပေါင်ရီက သူ့ရဲ့ ရည်မှန်းချက်တွေကို စိတ်ဝင်စားခြင်းလုံးဝမရှိပါချေ။ သူ့ရဲ့လက်တွေကိုသာ စိုက်ကြည့်နေသည်။
သူ့ရဲ့လက်တွေက သွယ်လျ၍ လက်ဆစ်တွေထင်းနေပြီး ထင်ရှားတဲ့အစိတ်အပိုင်းတွေရှိသည်။ ဖန်မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ အေးမြတဲ့ကျောက်စိမ်းကို အနုစိတ်ခြယ်မှုန်းထားသလို တောက်ပလင်းလက်နေသည်။ ဒီလက်တွေနဲ့ သူမကို လက်ရေးလှသင်ပေးခဲ့သည်။ စစ်မြေပြင်မှာ ဓါးကိုကိုင်ပြီး တိုက်ပွဲဝင်ခဲ့သည်……
ဒါက အစ်ကို ၂ ရဲ့ လက်လေးတွေပဲ၊ ကြီးမြတ်တဲ့သူရဲကောင်းတစ်ယောက်ရဲ့ လက်တွေ…
နန်းပေါင်ရီက ခေါင်းကိုငုံ့လိုက်ပြီး သူ့ရဲ့လက်ကို ရိုသေလေးစားစွာ နမ်းရှိုက်လိုက်သည်။
ရှောင်းယီက အနည်းငယ်ထိတ်လန့်သွားသည်။ သူ့ရဲ့လက်တွေက ထုံသွားသလိုမျိုး ရုတ်တရက် မလှုပ်ရှားနိုင်တော့ချေ။
နန်းကျောင်းကျောင်းက သူ့ရဲ့လက်ကို တကယ်ပဲနမ်းလိုက်တယ်….
နန်းပေါင်ရီက သူ့ရဲ့အမူအရာတွေကို သတိမထားမိပါချေ။ သူမရဲ့ ပန်းထိုးအိတ်ထဲက ကြွေအိုးလေးကို ထုတ်ယူလိုက်ပြီး အဖုံးကိုဖွင့်၍ ပန်းရောင်ဖျော့ဖျော့အဆီကို သူမရဲ့လက်ချောင်းတွေနဲ့ ယူလိုက်သည်။
ရှောင်းယီရဲ့ အနုစိတ်ခြယ်မှုန်းထားသလိုလှပတဲ့ လက်ကို ပန်းရောင်ဖျော့ဖျော့အဆီလိမ်းပေးလိုက်ပြီး ငြင်သာစွာနဲ့ ပွတ်သပ်ပေးနေသည်။
“ဆောင်းတွင်းမှာအေးတော့ အရေပြားတွေကွဲတတ်တယ်၊ အစ်ကို ၂ က အသားအရေ ထိန်းသိမ်းဖို့ ဂရုစိုက်သင့်တယ်…”
ကောင်မလေးရဲ့ သိမ်မွေ့လှတဲ့အသံက အရမ်းကို ညှို့အားပြင်းလှသည်။ ခေါင်ရမ်းပန်းလေးရဲ့ ချိုမြိန်တဲ့ သင်းရနံ့က လျင်လျင်မြန်မြန် စိမ့်ဝင်ပျံ့နှံ့လာသည်။ ဒီညက ဆောင်းတွင်းရဲ့ အေးခဲနေတဲ့ အချိန် ဖြစ်ပေမယ့် ပတ်ဝန်းကျင်မှာ လှပတဲ့ပန်းပေါင်းစုံ ပွင့်ဖူးနေကြသလို ရှောင်းယီခံစားလိုက်ရသည်။
ထိုအခိုက်အတန့်မှာ နှလုံးသားက အပြင်းအထန်ခုန်လှုပ်လာသည်။
သူက သွေးအပြည့် အားအင်အပြည့်ရှိနေပြီး အရေပြားတွေက ခြောက်သွေ့နေသည်။ ပန်းအဆီအနှစ်ကို လိမ်းကျံပြီးတဲ့အခါ သူက နန်းပေါင်ရီရဲ့ လက်လေးတွေကို ကြည့်ပြီး ယခုပင် မကိုင်ဘဲမနေနိုင်တော့။
ပျော့ပျောင်းပြီး နူးညံ့လှသည်။ တသက်လုံးဒီလက်ဖဝါးလေးကို ထွေးဆုပ်ထားချင်သည်။
သူက ဓါးရှည်ကို ယူလိုက်ပြီး “ငါမင်းကို ဓါးဘယ်လိုကိုင်ရလဲဆိုတာ သင်ပေးမယ်”
နန်းကျောင်းကျောင်းကို ဓါးရှည်ကိုင်နည်း သင်ပေးနေတယ်ဆိုတဲ့အခွင့်ကောင်းကိုယူ၍ သူက သူမရဲ့ လက်လေးတွေကို ဖွဖွထွေးဆုပ်ထားသည်။ သေးသွယ်တဲ့ခါးလေးကို ဖက်ထားဖို့ကလည်း မပါမဖြစ်ပင်။
နန်းပေါင်ရီက အချိန်ခဏမျှသင်ယူလိုက်သည်။ သူမက အပေါ်ထပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှင်းတွေထဲမှာ ဓါးရေးလေ့ကျင့်တဲ့အခါ သူမရဲ့အလှအပနဲ့ ဝတ်စားဆင်ယင်မှုကို ထိခိုက်နိုင်တာကို တွေးမိသွားသည်။ ဆံထုံးတွေကပြေလျော့ပြီး ဆံထိုးတွေကလည်း ရှုပ်ထွေးကုန်နိုင်သည်။ အဝတ်အစား တွေလည်း ညစ်ပေနိုင်သည်။
သူမက ပြုံးလိုက်ပြီး “အစ်ကို ၂ ရဲ့ကြင်နာမှုကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ညီမလေးက ဒီနေ့ပင်ပန်းနေလို့ ဓါးရေးမလေ့ကျင့်နိုင်တော့ဘူး”
ရှောင်းယီက ဘာမှပြန်မပြောပေ။ သူကဓါးရှည်ကိုကိုင်ပြီး နှင်းတွေထဲကို လျှောက်သွားသည်။
ညက အဆုံးမရှိရှည်လျားလှသည်။ နှင်းပွင့်ဖြူတွေက ကျဆင်းနေပြီး မီးအိမ်ရဲ့အလင်းရောင်ကလည်း ဖြာကျနေသည်။
နန်းပေါင်ရီက ရှောင်းယီရဲ့ သိုင်းသမားပုံစံကို ပုံဖော်ကြည့်နေသည်။ သူမက စားပွဲပေါ်တံတောင်ဆစ်ကို ထောက်လိုက်ပြီး မျက်နှာလေးကို လက်ဖဝါးထဲထည့်၍ လေသံလေးနဲ့ ပြောလာသည်။
“မီးအိမ်ရဲ့အလင်းရောင်အောက်မှာ သေရည်သောက်ပြီး ဓါးရေးအကကို ကြည့်ရတာက စစ်မြေပြင်ကိုရောက်နေတယ်လို့ အိပ်မက်မက်နေသလိုပဲ၊ မိုင်ပေါင်းရှစ်ရာလောက်က သူ့ရဲ့ထိန်းချုပ်မှု အောက်မှာရှိပြီး ……၊ စစ်သည်တွေက ဆောင်းဦးရဲ့ စစ်မြေပြင်မှာရှိနေတယ်၊ သူ့ရဲ့လေးက မိုးကြိုးသွားလိုမျိုး အလျင်ရှိတယ်၊ ဧကရာဇ်က တလောကလုံးကိုအောင်နိုင်ပြီး သူမသေခင်မှာ အောင်မြင်မှုရဲ့ အမည်နာမကို ရခဲ့တယ်၊ ပြီးတော့ နှမြောစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်သွားခဲ့တယ်….”
သူမရဲ့မျက်လုံးတွေက တဖြည်းဖြည်းမှုန်ဝါးလာသည်။
အမတ်မင်းရဲ့ပုံရိပ်က မြူတွေဆိုင်းနေသလို၊ ကြီးမားတဲ့ဝတ်ရုံ လေအဝှေ့မှာ လွင့်နေတဲ့ ပုံသဏ္ဍာန်က လှပလွန်းလှသည်။ သူက သူမတို့အိမ်နဲ့ နိုင်ငံတော်က အားထားရတဲ့ စစ်မှန်တဲ့သူရဲကောင်း တစ်ယောက်ဖြစ်သည်။ ဒီလိုလူမျိုးရဲ့ဇနီးမယားက ကံအကောင်းဆုံးမိန်းကလေးပင်ဖြစ်လိမ့်မည်။
……….
နန်းပေါင်ရီက တစ်ညလုံးအိပ်ပျော်နေခဲ့သည်။
နောက်တစ်နေ့မနက်မှာ ဟယ်ယဲ့က သူမကို အလောတကြီးနှိုးလိုက်ပြီး “မမလေး၊ အိပ်မနေနဲ့တော့၊ ချန်းအိမ်တော်ကလူတွေ လာတော့မယ်”
နန်းပေါင်ရီက မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ရွှင်လန်းစွာနဲ့ အဝတ်အစားတွေကို လဲလှယ်လိုက်တော့ သည်။
ဟယ်ယဲ့က ရုတ်တရက်ပြောလာသည်။
“ချန်းသခင်မကြီးက အိမ်တော်ကိုလာပြီး ကြောင်းလမ်းတာကိုဖျက်သိမ်းတဲ့အခါ ကျင်းကွမ်မြို့က လူတွေက အထိတ်တလန့်နဲ့ အုံးအုံးကျွက်ကျွက်ဖြစ်ကြမှာပဲ၊ မမလေးက သေချာစဉ်းစားမှရမယ်၊ ဒီနေ့ တကယ်ပဲ ကြောင်းလမ်းခြင်းကို ဖျက်သိမ်းလိုက်ရင် နောင်တစ်ချိန်ကျရင် ချန်းသခင်လေးကို လက်ထပ်ဖို့ ဘယ်တော့မှမဖြစ်နိုင်တော့ဘူးနော်”
နန်းပေါင်ရီက တည်ငြိမ်စွာကြည့်လိုက်သည်။ သူမက တလည်းသီးရောင်လည်ဆွဲတစ်စုံကို အလှပြင်ခုံ ပေါ်က ကောက်ယူလိုက်ပြီး တည်ငြိမ်စွာပြန်ဖြေသည်။
“ဘာမှမဖြစ်ဘူး”
ဟယ်ယဲ့က သံကို သံမဏိအဖြစ်မပြောင်းနိုင်တာကို အမုန်းဆုံးဖြစ်သည်။
(*ခေါင်းမာတာကိုဆိုလိုတာပါ)
“မမလေး၊ တကယ်ပဲအဲ့ဒါကို စဉ်းစားထားတာသေချာလို့လား၊ အဲ့ဒီလူက ပြီးပြည့်စုံတဲ့ နန်းတော်ထဲက သခင်လေးလေ၊ အထက်တန်းဆန်တဲ့မိသားစုလေ”
နန်းပေါင်ရီက နားဆွဲတွေကို ဝတ်ဆင်လိုက်ပြီး နူတ်ခမ်းတွေကို ညင်သာစွာ ပင့်လိုက်သည်။
ဒါပေါ့၊ သူမကျိန်းသေပေါက်ဒီအကြောင်းကိုထည့် စဉ်းစားခဲ့တာပေါ့။
သူမပြန်လည်မွေးဖွားလာတဲ့အချိန်မှာ အားလုံးကို သေချာစဉ်းစားခဲ့ပြီးဖြစ်သည်။
သူမပန်းပွင့်ခန်းမကို ရောက်သွားတဲ့အခါမှာ အိမ်တော်တစ်ခုလုံးက လေးလံလှတဲ့ ဖိအားအောက်ကို ကျရောက်နေသည်။
အဘွား၊ ဖေဖေ၊ ဒေါ်လေး ၂၊ အစ်ကို ၂ တို့အားလုံးက ရှိနေကြသည်။ ဒီနေ့က အိမ်ပြန်လာရမဲ့နေ့ မဟုတ်တာတောင် မမကြီးနဲ့ ဝမ်းကွဲအစ်ကိုစုန့်တို့ပါ ရှိနေကြသည်။
မမကြီးက ဒုတိယအဒေါ်ကို ခေါင်းဖီးပေးနေပြီး ဆံထုံးကိုသေသပ်စွာထုံးပေးနေသည်။ သူမရဲ့မျက်နှာက ပတ္တမြားလိုတောက်ပနေပြီး အလင်းတွေဖြာထွက်နေသည်။ သူမ ကောင်းမွန်တဲ့အချိန်တွေကို မလွဲမသွေ ပိုင်ဆိုင်ထားသည်ဆိုတာ ကျိန်းသေသည်။
နန်းပေါင်ရုံကဖြီးလိမ်းပေးပြီးသွားတဲ့အခါ ရှေ့ကိုလျှောက်လာပြီး သူမကိုကြည့်လိုက်သည်။ နန်းပေါင်ရုံက ဘေးဘက်ကိုခေါ်လိုက်ပြီး သူမရဲ့ပါးလေးတွေကို ထိကိုင်လိုက်သည်။ နန်းပေါင်ရုံရဲ့မျက်လုံးတွေက နီရဲနေပြီး ပြောလာသည်။
“ချန်းမိသားစုက တကယ်အရှက်မရှိတာပဲ၊ ညီမလေးကဘာများမှားလို့ ကြောင်းလမ်းခြင်းကို ဖျက်သိမ်းရမှာလဲ၊ ကြောင်းလမ်းခြင်းဖျက်သိမ်းလိုက်တဲ့မိန်းကလေးက နာကျင်ခံစားရပြီး မိန်းကလေး တစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ လူတွေကနောက်ကွယ်မှာ လှောင်ပြောင်ကြလိမ့်မယ်၊ သနားစရာကောင်းတဲ့ကျောင်းကျောင်းက ဇနီးမယားတစ်ယောက် မဖြစ်နိုင်တော့ဘူး… ကျောင်းကျောင်းက အနာဂတ်မှာ ဘယ်လိုလုပ်နေရပါတော့မလဲ..”
“အာ… မမကြီး… ညီမလေးက….”
“ကျောင်းကျောင်း!”
ဆုန်းရှစ်နင်က ကျယ်လောင်တဲ့အသံနဲ့အော်လိုက်သည်။
“ဒီနှစ်တွေမှာ အစ်ကိုက စီးပွားရေးသမားတွေအများကြီးနဲ့ သိကျွမ်းခဲ့တယ်၊ အစ်ကိုက ကောင်းမွန်တဲ့အစ်ကို တစ်ယောက်ပဲ၊ လက်ထပ်ဖို့အတွက် ဘာမှစိတ်မပူနဲ့၊ မနက်ဖြန်ကျရင် အစ်ကို သူတို့ကို အိမ်ကိုခေါ်လာခဲ့မယ်၊ ညီမလေးစိတ်ကြိုက်ရွေးလို့ရတယ်”
ရှောင်းယီက သောက်နေတဲ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဆုန်းရှစ်နင်ရဲ့နာမည်ကို စိတ်ထဲက စာရင်းထဲမှာ တေးမှတ်ထားလိုက်သည်။
………………………..
Zawgyi

အာဃာတပြန်တမ်းWhere stories live. Discover now