part 159

2.2K 281 2
                                    

Unicode
အပိုင်း (၁၅၉)
သူမကန်ထုတ်ခံလိုက်ရတယ်
ဒါ့အပြင် ယောကျာ်းရင့်မာကြီးတွေ အဖွဲ့လိုက်ကြီးက ယောက္ခမနဲ့ ချွေးမရဲ့ စီးချင်းထိုးပွဲကို သွားကြည့်ရမယ်တဲ့လား?
သူရဲ့စိတ်ထဲက တတွတ်တွတ်ရေရွတ်နေမိသည်။ အော်ငိုချင်စိတ်က ပြင်းပြင်းထန်ထန် တိုးထွက်လာနေသည်။
တစ်ဖက်မှာတော့…
နန်းပေါင်ရီက အိပ်ခန်းထဲကို အလောတကြီး ပြန်လာခဲ့သည်။
ဟယ်ယဲ့က လက်ကိုင်မီးဖိုလေးကိုပေးပြီး သူမကို နူတ်ဆက်လိုက်သည်။
“နှင်းတွေက သည်းသည်းထန်ထန်ကျနေတာ၊ အဲ့ဒါကြောင့် အရှေ့ခြံကိုသွားမကြည့်ပါနဲ့ဆိုတာကို မမလေးက နားမထောင်ဘူး၊ ကြည့်ပါဦး မျက်နှာလေးတွေကို နီရဲနေတာပဲ၊ မမလေး အအေးမိမှာစိုးလို့ ပါဆို၊ အခုနွေးနွေးထွေးထွေး နေတော့နော်”
နန်းပေါင်ရီက လက်ကိုင်မီးဖိုငယ်လေးကို ချလိုက်သည်။ သူမက ပြတင်းကိုဖွင့်လိုက်ပြီး ပြတင်းဘောင်ပေါ်က နှင်းခဲတွေကိုယူ၍ မျက်နှာပေါ်ကို ကပ်လိုက်သည်။
နှင်းခဲတွေက အေးလွန်းတာကြောင့် အဖျားတက်နေသလိုခံစားမှုကနေ အနည်းငယ်သက်သာလာသည်။
ဟယ်ယဲ့က အလွန်ကြောက်လန့်သွားရသည်။ သူမကို ပြတင်းနားကနေအငွေ့ထွက်နေတဲ့ မီးအိုးလေးဆီကို မြန်မြန်ဆွဲခေါ်လိုက်ပြီး ပြတင်းကို သေသေချာချာ ပြန်ပိတ်လိုက်သည်။
“မမလေးဘာလုပ်တာလဲ၊ ဘယ်လောက်တောင် ရူးနှမ်းလိုက်သလဲ၊ လပြက္ခဒိန်ရဲ့ ဆယ့်နှစ်လမြောက် အအေးဆုံးရာသီကြီးကို ဘာလို့ အအေးမိချင်နေတာလဲ၊ မမလေးကနှစ်သစ်ကူးမှာ လှချင်တာဆို၊ ဖျားသွားရင် ဘယ်လိုလုပ် နှစ်သစ်ကူးမှာပျော်ရပါတော့မလဲ”
နန်းပေါင်ရီက နူတ်ခမ်းတွေကို ဖွဖွကိုက်လိုက်ပြီး မျက်နှာကို တွန့်ဆုတ်ဆုတ်နဲ့ လက်နဲ့အုပ်ထားလိုက်သည်။
သူမက လေသံသဲ့သဲ့ပြု၍ “ဟယ်ယဲ့၊ အစ်ကို ၂ ကနေမကောင်းဖြစ်နေတယ်လို့ နင်ထင်လား?”
“ဒီအစေခံက ဘယ်လိုလုပ်သိပါ့မလဲ”
“သူနေမကောင်းတာပဲဖြစ်ရမယ်၊ အဲ့ဒါကြောင့် သူနဲ့နီးနီးကပ်ကပ်နေမိတိုင်း သူ့ဆီက ရောဂါကူးလာ သလိုပဲ၊ တစ်ခါတလေကျရင် စိတ်အခြေအနေပြင်းထန်လာပြီး အကူအညီမဲ့သလို ခံစားရတယ်၊ ဟယ်ယဲ့ အခုကစပြီး အစ်ကို ၂ ကိုရှောင်ကြရအောင်နော်၊ အဲ့ဒါမှ စိတ်လှုပ်ရှားလွန်းပြီး မသေတော့မှာ”
ဟယ်ယဲ့ရဲ့စိတ်ထဲမှာ မြူတွေဆိုင်းသွားသည်။ အဲ့ဒါက ဘာလို့ရောဂါဖြစ်မှာလဲ၊ မမလေးက ပိုပိုပြီးတော့ ရှုပ်ထွေးနေတော့တာပဲ။
နန်းပေါင်ရီက အိပ်ချင်နေပေမယ့် လျိုရှောင်မုံ့ရဲ့ ကိုယ်ဝန်ပျက်ကျတဲ့အကြောင်းနဲ့ ရှောင်းယီကြောင့် အိပ်ရာပေါ်မှာလူးလိမ့်နေပြီး အိပ်မပျော်နိုင်ပါချေ။ သွေးခုန်နှုန်းက အဆမတန်မြန်နေပြီး အတွေးတွေထဲမှာ ချာချာလည်နေသည်။ သူမ အပြင်ထွက်ပြီး ကျွမ်းရှစ်ပတ်လောက် ထိုးပစ်လိုက်ချင် သည်။
ဟယ်ယဲ့က အိပ်ရာခင်းသေးလေးပေါ်မှာ အိပ်ပျော်နေသည်။ သူမအိပ်ပျော်သွားသွားချင်းမှာပဲ နန်းပေါင်ရီကြောင့် နိုးလာခဲ့သည်။
တိတ်ဆိတ်နေတဲ့ ညချမ်းမှာ မီးအိမ်ရဲ့အလင်းရောင်နဲ့အတူမမလေးက သူမရဲ့လက်ကို လှုပ်နှိုးလိုက် သည်။
“ဟယ်ယဲ့ ငါအိပ်မပျော်ဘူး၊ ကျူးကျူးကိုသွားရှာပြီး ကစားကြရင်ကောင်းမလား?”
ဟယ်ယဲ့က မျက်လုံးတွေကိုပွတ်လိုက်ပြီး အိပ်ချင်စိတ်တဝက်နဲ့ ထထိုင်လိုက်သည်။
“မမလေး၊ အချိန်ကအရမ်းနောက်ကျနေပြီ၊ မမလေး ကျူးကျူးက အိပ်နေလောက်ပြီ ….”
“ကောင်းလိုက်တဲ့ဟယ်ယဲ့..”
နန်းပေါင်ရီက ကလေးတစ်ယောက်လို ဆူပုတ်စိတ်ကောက်နေသည်။
မမလေးရဲ့ ကလေးဆန်တဲ့ အပြုအမူတွေကို ဟယ်ယဲ့ခံနိုင်ရည်မရှိပါချေ။ သူမရဲ့အိပ်ချင်စိတ်က ပျောက်သွားရသည်။
သူမက အပေါ်ဝတ်ရုံကိုထပ်ဝတ်လိုက်ပြီး “မမလေး အရင်ကိုယ်လက်သန့်စင်လိုက်ပါဦး၊ ကျွန်မက အပြင်က အစေခံတွေကို အဒေါ်ကျိကိုသွားပြောဖို့ လွှတ်လိုက်ဦးမယ်”
နှင်းတွေက သည်းသည်းထန်ထန်ကျဆင်းနေဆဲပင်။
နန်းပေါင်ရီက နန်းပေါင်ကျူးရဲ့ အိပ်ခန်းကို ညဉ့်နက်သန်းခေါင်ကြီးမှာ ပြေးသွားလိုက်သည်။ တဝမ်းကွဲမမက အိပ်ပျော်နေလေပြီ။ အခန်းက မီးအိမ်အလင်းရောင်အောက်မှာ တိတ်ဆိတ်နေပြီး ချိုမြိန်တဲ့ သစ်သီးရနံ့မွှေးပြပြလေး သင်းနေသည်။
သူမက လိုက်ကာကိုလှပ်ပြီး အိပ်ရာထဲကို ကြည့်လိုက်တဲ့အခါ ကျူးကျူးက နိုင်ဝမ်ကျိုးရဲ့ဖက်ထားတာ ကိုခံနေရပြီး ဘာအနှောင့်အယှက်မရှိဘဲ နှစ်ယောက်သားက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြသည်။
မုန်းစရာကောင်းလိုက်တာ…..
ဘယ်လိုပဲ နိုင်ငံရဲ့ အဘိုးလေးတစ်ယောက်ဆိုပေမယ့် သူမရဲ့မမကို ညလယ်ခေါင်ကြီးမှာ ဖက်ပြီးအိပ်ပျော်နေတာက ဖြစ်သင့်ရဲ့လား…ဟင်?
သူမက နိုင်ဝမ်ကျိုးကို လက်နဲ့သိမ်းကြုံးဆွဲလိုက်ပြီး လေသံလေးနဲ့ ပြောသည်။
“တခြားနေရာမှာသွားအိပ်လေ”
နိုင်ဝမ်ကျိုးက မျက်လုံးတွေကို ပျင်းရိလေးတွဲ့စွာဖွင့်လိုက်ပြီး အဆောတလျင်မေးသည်။
“ဘာလို့လဲ?”
နန်းပေါင်ရီက သူ့ရဲ့နောက်ကြောင်းကို မသိသလိုဟန်ဆောင်လိုက်ပြီး သူက အေးစက်တဲ့မျက်နှာထားနဲ့ သူ့ကိုသွန်သင်လိုက်သည်။
“သခင်နဲ့အစေခံက အဆင့်အတန်းကွာခြားတယ်၊ ဘာလို့နင်က နင့်ရဲ့သခင်မလေးနဲ့အတူ အိပ်နေရတာလဲ?”
နိုင်ဝမ်ကျိုးက ပျင်းရိစွာ မေးဖျားကို အနည်းငယ်ပင့်လိုက်ပြီး သူမကို ငြိမ်သက်စွာကြည့်နေသည်။
သူကငယ်ရွယ်ပြီး ဝမ်းကွဲမမထက် သူက ပိုပြီး နုနုရွရွ၊ ကြင်ကြင်နာနာနဲ့ ပိုးမွေးသလို မွေးခံခဲ့ရတာပင်။ သူက နန်းပေါင်ရီကို စောင်းကြည့်လိုက်တဲ့အခါ အာဏာနဲ့ ချုပ်ကိုင်နေသကဲ့သို့ ခံစားလိုက်ရပြီး သူမရှက်ရွံ့သွားရသည်။
သူမက အံကြိတ်လိုက်သည်။ သူမရဲ့နှလုံးက ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်နေပြီး နိုင်ဝမ်ကျိုးကို လက်နဲ့ထပ်ဆွဲလိုက်သည်။
“ဘာလုပ်နေတာလဲ? တခြားနေရာမှာသွားအိပ်ပါဆို”
နိုင်ဝမ်ကျိုးက အသက်ဆယ်နှစ်နှစ်သာရှိသေးပြီး ကျူးကျူးထက်ငယ်ပေမယ့် သူက ယောကျာ်းလေး တစ်ယောက်လေ။
တချို့အရာတွေက စောစောကြိုတင်ကာကွယ်ထာတာ ပိုကောင်းသည်။ ကျူးကျူးက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ သိတာမဟုတ်ပေ။ သူမက ကျူးကျူးရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး အရင်ဘဝက သူမကို ကာကွယ်ပေးခဲ့သလို ဝမ်းကွဲ မမကိုပြန်ကာကွယ်ပေးရမည်။
နိုင်ဝမ်ကျိုးရဲ့ နောက်ကြောင်းရာဇဝင်ကြောင့် ထိခိုက်မှာကို သူမစိတ်ပူပေမယ့် သူ့ကို အိပ်ရာထဲကနေ ဆွဲထုတ်မှရမည်။
သူမက အိပ်ရာပေါ်ကို ရောက်လုနီးပါးဖြစ်နေပြီး နိုင်ဝမ်ကျိုးရဲ့ခေါင်းပိုင်းသာ အိပ်ရာပေါ်မှာ ကျန်တော့သည်။
နိုင်ဝမ်ကျိုးက မွေ့ရာပေါ်က ထရပ်လိုက်ပြီး သူ့ရဲ့ကျစ်ဆံမြှီးကို ငြင်သာမှုမရှိစွာ ပွတ်နေသည်။ ဟယ်ယဲ့က မွေ့ရာသေးလေးရှေ့မှာ မတ်တပ်ရပ်နေပြီး နောက်ထပ်မွေ့ရာတစ်ခုကို လက်ကကိုင်ထား သည်။
သူမက နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
“ညီမလေး၊ ဒီမှာ မမနဲ့လာအိပ်နော်”
နိုင်ဝမ်ကျိုးက မနှစ်မြို့ဟန် မျက်လုံးတွေကို လှည့်လိုက်သည်။ သူကနူးညံ့တဲ့ ခေါင်းအုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ကျောက်ဝမ်ခြံမှာ ရှောင်းယီရဲ့အိပ်ရာထဲ သွားတိုးအိပ်ဖို့ ထွက်သွားတော့သည်။
နန်းပေါင်ရီက တံခါးပိတ်သံကိုကြားလိုက်ရသည်။ သူမရဲ့ လိပ်ခဲတည်းလည်းဖြစ်နေတဲ့စိတ်က အခုမှ သက်သာရာ ရတော့သည်။
မီးအိမ်ရဲ့အလင်းရောင်မှိန်မှိန်အောက်မှာ သူမက ကျူးကျူးရဲ့မျက်နှာလေးကို ကြင်နာစွာ ဖြစ်ညှစ်လိုက်သည်။
သူမက တိုးဖွဖွဖြင့် “ကျူးကျူး၊ နေ့တိုင်း မမက ဝံပုလွေနဲ့ကခုန်နေရတယ်ဆိုတာကို သိရဲ့လား”
နန်းပေါင်ကျူးက ကောင်းကောင်းအိပ်မောကျနေသည်။
‘ဒါကစားလို့လည်းမကောင်းဘူး’ ဆိုပြီးသူမကို ကန်ထုတ်လိုက်သည်။
နန်းပေါင်ရီ အိပ်ရာပေါ်က ပြုတ်ကျသွားတော့သည်။
သူမက နန်းပေါင်ကျူးကို ဖက်လိုက်ပြီး စိတ်လုံခြုံစေဖို့ လည်ပင်းကိုပွတ်သပ်ပေးလိုက်ပြီး “ဝမ်းကွဲမမ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အိပ်ပါ၊ ဒီဘဝမှာတော့ ဘဝတစ်လျှောက်လုံး ညီမလေးက ကာကွယ်ပေးပါ့မယ်၊ ချမ်းချမ်းသာသာနဲ့ လှလှပပလေးနေပါ… သူကအဘိုးလေးဖြစ်နေရင်တောင် မမကို မထီမဲ့မြင်ပြုခွင့် မပေးနိုင်ဘူး၊ အခုကစပြီး မမနဲ့ညတိုင်း အတူအိပ်ပြီး မမကို သူအခွင့်အရေးမယူနိုင်အောင် ကာကွယ်ရမယ်”
သူမက နန်းပေါင်ကျူးရဲ့ ပါးဖောင်းလေးကို မွှေးကြူလိုက်သည်။ ပြီးနောက်… နန်းပေါင်ကျူးရဲ့ ကန်ထုတ်ခြင်းကို ထပ်ခံလိုက်ရပြန်သည်။
နန်းပေါင်ရီက နာသွားတဲ့ဗိုက်ကို ဖက်ထားလိုက်ပြီး နန်းပေါင်ကျူးနဲ့ အိပ်ဖို့က အလွန်ခက်ခဲကြောင်း ရှာဖွေတွေ့ရှိသွားတော့သည်။
အဘိုးလေးက ဘယ်လိုများအိပ်နိုင်တာလဲ…..
ဘာပဲဖြစ်ဖြစ် သူမက ဒုတိယဖြေရှင်းချက်တစ်ခုကိုရှာပြီး နောင်အနာဂတ်မှာ ဝမ်းကွဲမမ အိမ်ထောင်ပြုနိုင်ဖို့ အတွက် ကူညီပေးဖို့ ကြိုးစားရမည်။
အနောက်ခြံဝင်းက တိတ်ဆိတ်ငြိမ်သက်နေပြီး ပြတင်းအပြင်ဘက်က နှင်းကျသံတစ်ဖျောက်ဖျောက် ကြားနေရသည်။
အရှေ့ခြံမှာတော့ အင်အားပြင်းတဲ့ လေမှုန်တိုင်းတိုက်ခတ်နေသလို မိုးသောက်ချိန်တိုင်အောင် ပြဿနာတွေက မပြီးပြတ်နိုင်သေးပါပေ။
လျိုရှောင်မုံ့ရဲ့ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် နန်းယန်က ဘိုးဘွားကမ္ဗည်းတိုင်ဆောင်မှာ အပြစ်ပေးခံရခြင်းက လွတ်မြောက်သွားပြီး သူမက လူနာကုတင်ဘေးမှာရပ်ပြီး ဆေးတစ်ခွက်နဲ့ လျိုရှောင်မုံ့နိုးလာဖို့ စောင့်ဆိုင်းနေသည်။
သူမရဲ့မျက်နှာက ဖြူဖျော့နေပြီး ပါးလွှာတဲ့အဝတ်အစားတွေကိုဝတ်ဆင်ထားပေမယ့် အေးတယ်လို့ မခံစားရပါချေ။
နန်းကွမ်က ပုတီးစေ့လိုက်ကာရဲ့အပြင်ဘက်မှာ ထိုင်နေပြီး ခေါင်းကိုမြေနက်နက်မှာ အမြှုပ်ခံရသလို မျက်ခုံးတွေနဲ့ မျက်လုံးတွေက နာကျင်မှုနဲ့ပြည့်နေသည်။
သူက လျိုရှောင်မုံ့ကိုသဘောကျသည်မဖြစ်စေ မကျသည်ဖြစ်စေ သူ့ရဲ့ကလေးအတွက်တော့ သူဒေါသဖြစ်မိသည်။
သနားစရာကောင်းလှတဲ့ကလေးငယ်က ဗိုက်ထဲမှာ ခြောက်လသာရှိသေးပြီး အပြင်လောကကို မျက်လုံးဖွင့်ပြီးတောင် စူးစမ်းခွင့်မရလိုက်ရှာပဲ အခုလိုမျိုး…..
သူကမျက်ရည်တွေကို သုတ်ဖယ်လိုက်ပြီး အိပ်ရာနားကို လျှောက်သွားလိုက်သည်။
သူက နန်းယန်ရဲ့ပုခုံးတွေကိုကိုင်လိုက်ပြီး “ယန်အာ…”
နန်းယန်က သူ့ရဲ့လက်ကိုဖယ်ထုတ်လိုက်ပြီး ထေ့ငေါ့လိုက်သည်။
“ဖေဖေက အသစ်တစ်ယောက်ရှိနေပြီလေ၊ ဘာလို့ မေမေနဲ့ လာနေနေသေးတာလဲ၊ သခင်မချန်းက အိမ်တော်ထဲကို ဝင်လာရင် ဖေဖေ့အတွက် ကလေးတစ်ယောက်မွေးပေးမှာပဲလေ၊ အဲ့ဒါကြောင့် ဒီနေ့ည မေမေ့ရဲ့ အရိုးနဲ့ အသားတွေ စတေးလိုက်ရတာက ဖေဖေ့အတွက် ဘာမှမှမဟုတ်တာ၊ ဟုတ်တယ်မှလား?”
“ယန်အာ.. ဖေဖေ့ကိုမနှစ်သိမ့်ပါနဲ့”
နန်းကွမ်က အလွန်ဝမ်းနည်းနေဟန်ဖြင့် “သမီးပြောတာမှန်ပေမယ့် နောက်ထပ်နောက်ထပ် ဖေဖေ့မှာ ကလေးတွေရှိလာနိုင်ပေမယ့် ဒီနေ့ည ဆုံးရှုံးလိုက်ရတဲ့ ကလေးက သမီးရဲ့မောင်လေးပဲလေ၊ သမီးက အကြင်နာတရားမခေါင်းပါးပါနဲ့”
နန်းယန်က ဆေးခွက်ကို တင်းတင်းကြပ်ကြပ်ဆုပ်မိသွားသည်။
ဒီလူကြီးက လူတွေကို နားရောလည်ရဲ့လား? သူမက သူ့ကို နှစ်သိမ့်နေတယ်?
‘အကြင်နာတရားမခေါင်းပါးပါနဲ့’ ဆိုတာကရော ဘာအဓိပ္ပါယ်လဲ?
ဘယ်သူကအကြင်နာတရားခေါင်းပါးနေတာလဲ?
လူကြီးက သူဘာပြောလိုက်လဲဆိုတာကို သူဘာသာသိရောသိရဲ့လား?
နန်းကွမ်နဲ့စကားပြောရတာက သူမကို အရမ်းပင်ပန်းစေသည်။ သူက သူမရဲ့ ထေ့ငေါ့နေတဲ့စကားတွေကို လုံးဝနားမလည်ပါချေ။
သူမက အေးစက်စွာဖြင့် “ဖေဖေ၊ သွားပြီးနားပါတော့ သမီးပဲမေမေ့ကို ပြုစုလိုက်ပါ့မယ်”
လူသာမန်တစ်ယောက်သာဆိုရင် ဒီလိုအချိန်မှာ ယောကျာ်းဖြစ်သူက အနားမှာရှိပေးပြီး ကလေးဆုံးရှုံး လိုက်ရတဲ့ ဇနီးသည်ကို တာဝန်ယူပြီး ပြုစုစောင့်ရှောက်ပေးရမည်ဆိုတာကို သိသင့်သည်။
သို့သော်လည်း နန်းကွမ်ကတော့ နားမလည်ခဲ့ပါချေ….
သူက နန်းယန်ရဲ့ပုခုံးတွေကို ခံစားချက်ပါပါနဲ့ ပုတ်ပေးလိုက်ပြီး တတွတ်တွတ်ပြောလိုက်သည်။
“ယန်အာ၊ သမီးက တကယ်စဉ်းစားတတ်တဲ့ကလေးပဲ၊ သမီးအမေရဲ့ဘေးမှာ သမီးကိုထားခဲ့ပေးမယ်၊ အခုက သန်းခေါင်တိုင်နေပြီဆိုတော့ ဖေဖေအရမ်းအိပ်ငိုက်နေပြီ၊ သွားအိပ်လိုက်တော့မယ်၊ မနက်ဖြန်မှ ထပ်လာခဲ့မယ်၊ သမီးရဲ့အဒေါ်ချန်းနဲ့ ဖေဖေစကားသွားပြောရဦးမယ်”
ပြောပြီးတဲ့အချိန်မှာ သူကသောကရောက်စွာခေါင်းကိုခါရမ်းရင်း ထွက်သွားတော့သည်။
နန်းယန်က စိတ်ဆိုးလွန်းပြီး တဆတ်ဆတ်တုန်ရီနေသည်။
သူမက နူတ်ခမ်းကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး ဆေးခွက်နဲ့ သူမအဖေရဲ့ခေါင်းနောက်ဖက်ကို ပစ်မပေါက်မိဖို့ အလွန်အမင်း သည်းခံနေလိုက်ရတော့သည်။
…………………………..

အာဃာတပြန်တမ်းWhere stories live. Discover now