part 149

2.1K 293 5
                                    

Unicode
အပိုင်း (၁၄၉)
အမတ်မင်း၊ ဝတ်စုံလေး ခဏငှားပါ
“အာ….”
နန်းကွမ်က အပြစ်ရှိဟန်နဲ့ အဝေးကိုကြည့်လိုက်သည်။
နန်းပေါင်ရီက စိတ်ဆိုးသွားပြီး “ကိုကိုကြီးဆီက ငွေစတွေသွားတောင်းပြန်ပြီလား၊ ဟုတ်လား?”
ကိုကိုကြီးက အကောင်းမွန်ဆုံးစိတ်ထားရှိပြီး သူမအဖေရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးနေကျ ဖြစ်သည်။ နှစ်ကုန်ရက်မှာ သူအိမ်ပြန်ရောက်လာတဲ့ အချိန်တိုင်း သူမအဖေတောင်းသမျှ ငွေစတွေကို ပေးနေကျဖြစ်သည်။
နန်းကွမ်က သူ့ရဲ့နှာခေါင်းထိပ်ကို ပွတ်လိုက်ပြီး ပြုံးဖြဲဖြဲဖြင့် “အဖေကလည်း မိသားစုဝင်တစ်ယောက် ပဲလေ၊ ငွေစတချို့သုံးတာ ဘာမှားလို့လဲ၊ ကျောင်းကျောင်းအဲ့လောက် မတွက်ကပ်ပါနဲ့”
နန်းပေါင်ရီက မျက်လုံးတွေကိုလှည့်လိုက်မိသည်။ မနက်ဖြန်အတွက် အစီအစဉ်တွေကို တွေးတောလိုက်ပြီး နောင်ဆုံးတော့ သူမရဲ့မျက်နှာကို ပျော့ပြောင်းအောင် လျှော့ချလိုက်ရတော့သည်။
“ဖေဖေ၊ ကျင်းကွမ် မိုင်ယွမ်မှာ ပန်းတွေအားလုံးပွင့်နေတာ အရမ်းလှတာပဲတဲ့၊ သမီးက ပန်းအလှကို ရှုစားဖို့သွားချင်တယ်၊ ဖေဖေလိုက်ပို့ပေးပါလား”
နန်းကွမ်က အံ့ဩသွားပြီး “ပန်းအလှရှုစားမယ်?”
နန်းပေါင်ရီက သူ့ရဲ့ကြီးမားတဲ့လက်ဖဝါးကို ဆွဲရင်း ချွဲနွဲ့စွာနဲ့ “ဖေဖေက သမီးနဲ့မကစားပေးတာ အရမ်းကြာနေပြီ… အဒေါ်လျှိုနဲ့ နန်းယန်ကို မခေါ်နဲ့လေ၊ သမီးတို့နှစ်ယောက်ပဲ သွားကြမယ်လေ၊ နော်?”
သူမ ငွေစတွေအကြောင်းကို ထပ်မပြောတော့တာက နန်းကွမ်ကို ပျော်ရွှင်သွားစေသည်။
သူကကောင်မလေးရဲ့ခေါင်းလေးကို အလိုလိုက်ဟန်ပုတ်လိုက်ပြီး “မနက်ဖြန်ကျရင် ပန်းခြံနားမှာ ကြက်တိုက်ပွဲ ရှိတယ်၊ ပန်းအလှရှုစားပြီးရင် ကျောင်းကျောင်းကို ဖေဖေက ကြက်တိုက်ပွဲ ကြည့်ဖို့ ခေါ်သွားမယ်နော်”
နန်းပေါင်ရီရဲ့အပြုံးက ချိုမြိန်နေသည်။
သူမက သူ့ကို အိမ်တော်ထဲကို ဆွဲခေါ်သွားလိုက်ပြီး “ဖေဖေ၊ အခုက နှစ်ကုန်ခါနီးပြီဆိုတော့ ကျင်းကွမ်မြို့က အရမ်းအသက်ဝင်နေတာ၊ မိုင်ယွမ်ပန်းခြံထဲကို လူတွေအများကြီးလည်ပတ်ကြတယ်တဲ့၊ ဖေဖေရယ် သမီးရယ် အဝတ်အစားကောင်းတွေ ပြင်ဆင်ဝတ်စားပြီး အလှသွားပြိုင်ကြမယ်၊ သွားကြမယ်၊ သမီးက ဖေဖေ့ကို ဘာအဝတ်အစားဝတ်ရမလဲဆိုတာ ရွေးပေးမယ်”
နန်းကွမ်က ရယ်ရင်း “သမီးအဖေက ၄၁နှစ်တောင်ရှိနေပေမယ့် အပြင်ထွက်ရင်တော့ ချောမောပြီးရင်း ချောမောဆဲပါ၊ ဝတ်စားပြင်ဆင်လိုက်ရင် မိန်းကလေးငယ်လေး ဘယ်လောက်များများ ဖေဖေ့ကို မျက်စိမှိတ်ပြကြမလဲမသိဘူး”
နန်းပေါင်ရီက မျက်လုံးတွေကို တိတ်တဆိတ်လှည့်လိုက်သည်။ သူမရဲ့အဖေက စကားမပြောရင် အဆင်ပြေသည်။ သူစကားပြောတဲ့အခါမှာတော့ သူ့ရဲ့မျက်နှာက ရယ်စရာကောင်းလှသည်။ ပန်းတစ်ပွင့် နဲ့တင်စားရရင် ခွေးသေးပန်းနဲ့ အလားသဏ္ဍာန်တူသည်။
အိပ်ခန်းထဲကို ရောက်လာကြပြီး နန်းပေါင်ရီက သူမအဖေရဲ့ အဝတ်ဗီဒိုကို ဖွင့်လိုက်သည်။ သူမမျက်မှောင်ကြုပ်လိုက်မိသည်။ သူမရဲ့အဖေမှာ အဝတ်အစားအနည်းငယ်သာရှိသည်။ ပြီးတော့ အားလုံးက လွန်ခဲ့တဲ့နှစ်နှစ်က ခေတ်စားခဲ့တဲ့ ပုံစံတွေချည်းပင်။ နှစ်ကုန်မှာတောင်မှ ဒီနှစ်ဆောင်းရာသီ အတွက် အဝတ်အစားသစ်ကို သူမ မတွေ့ရပါချေ။
သူမက အပေါ်ထပ်ဝတ်ရုံကိုကိုင်ပြီး နားလည်သွားသည်။ သူမရဲ့အဖေက လျှိုမိသားစု၊ နန်းယန်နဲ့ ဝမ့်ချွင်းကျောင်းမှာတက်နေတဲ့ နန်းကျင်တို့အတွက် ကျပ်ကျပ်တည်းတည်းနဲ့ ငွေကြေးတွေကိုစီမံရသည်။
သူမက ခက်ထန်စွာနဲ့ “ဖေဖေက အပြင်မိသားစုတွေကို စည်းကမ်းနဲ့ ပေးကမ်းသင့်တယ်၊ လူတွေက မွှေးကြိုင်သင်းပျံ့နေတဲ့အစားအစာတွေိကိုစားပြီး ရွှေတွေငွေတွေကို ဝတ်ဆင်နေကြတယ်၊ သခင်ကြီး တစ်ယောက်ဖြစ်တဲ့အဖေကကျတော့ ဘာလို့အဆိုးဆုံးတွေပဲရှိနေတာလဲ?”
“သမီးကငယ်သေးတော့ မသိနားမလည်သေးဘူး”
နန်းကွမ်က လေးနက်တဲ့စိတ်ထားနဲ့ ဆက်ပြောသည်။
“ယန်အာက မိန်းကလေးဆိုတော့ ကျောက်မျက်ရတနာတွေ ဝတ်ဖို့လိုတယ်လေ၊ ဟုတ်တယ်မှလား? မဟုတ်ရင် တခြားကလေးတွေရဲ့လှောင်ပြောင်တာကို ခံရမှာပေါ့”
“ကျင်အာကျတော့လည်း ဝမ့်ချွင်းကျောင်းမှာတက်နေတာဆိုတော့ အာဏာရှိတဲ့ သားသမီးတွေ များတယ်၊ သူသာစုတ်စုတ်ပြတ်ပြတ်ဝတ်နေရင် လူတွေက သူ့ကိုလှောင်ပြောင်ကြမှာပေါ့၊ ဒီနှစ်ဆောင်း ရာသီမှာ ဖေဖေက သားမွှေးဝတ်ရုံနှစ်ထည်ဝယ်ပေးမယ်လို့ ကတိပေးထားတယ်၊ ဒါကြောင့် ငွေစတွေကို တတ်နိုင်သမျှစုဆောင်းနေရတယ်၊ ….
“အညိုရောင်သားမွှေးဝတ်ရုံ?”
နန်းပေါင်ရီက လှောင်ပြုံးပြုံးလိုက်သည်။ သူမရဲ့အဖေက သားမွှေးဝတ်ရုံကို မဝတ်ဆင်ရဘဲ ဘာလို့နန်းကျင်က ဝတ်ရမှာလဲ?
လောစရာမလိုဘူး၊ လျှိုမိသားစုကို အရင်ရှင်းထုတ်ပြီးမှ နန်းကျင်ရဲ့အလှည့်ပေါ့…
နန်းပေါင်ရီက နန်းကွမ်ရဲ့လက်မောင်းတွေကို ဖြစ်လိုက်ပြီး အောင်နိုင်သူအပြုံးနဲ့ “ဒါပေမယ့်လည်း ကျောင်းကျောင်းက ဖေဖေ့ကို ယောကျာ်းပီပီသသ ချောမောနေအောင် အဝတ်အစား ကောင်းကောင်းလေး ဝတ်စေချင်တာ၊ အဲ့ဒါမှ လမ်းပေါ်ကို လျှောက်သွားတဲ့အခါ သူများထက်သာမှာပေါ့”
သူမရဲ့အဖေကို ချန်းယဲ့ရူနဲ့တွေ့ဖို့အခွင့်အရေး ဖန်တီးပေးချင်သည်။ လူတွေက အဝတ်အစားပေါ်မှာ မူတည်ပြီး ဘုရားဆင်းတုတော်က ရွှေအပေါ်မှာမူတည်တယ်လို့ ပြောကြသည်မှလား၊ သူမရဲ့အဖေကို လူငယ်ဆန်ပြီး ချောမောကြည့်ကောင်းအောင် ဝတ်စားပြင်ဆင်စေချင်သည်။
သူမက တွေးတောလိုက်ပြီးနောက် အကြံတစ်ခုစဉ်းစားမိသည်။
“သွားရအောင်၊ သိက္ခာရှိတဲ့အဝတ်အစားတစ်စုံ ဖေဖေ့ကိုစီစဉ်ပေးမယ်”
သူမက နန်းကွမ်ကိုအပြင်ခေါ်သွားသည်။
နန်းကွမ်ရဲ့စိတ်က ချိုမြိန်မှုတွေနဲ့ပြည့်နှက်သွားသည်။ သူတို့ရဲ့သမီးတွေက အဖေတွေအတွက် အပေါ်ဝတ်ရုံကို ဝယ်ပေးတဲ့အခါ စိတ်အခြေအနေက ပြောမပြတတ်အောင် ချိုမြိန်နေသည်။ သူက နန်းပေါင်ရီ သူ့ကို ခေါ်သွားတဲ့လမ်းတစ်လျှောက်လုံးမှာ ကျောက်ဝမ်ခြံကိုမရောက်ခင်အထိ ပြုံးဖြီးနေသည်။
သူက အနောက်ဖက်ပြတင်းနားမှာ ထိုင်ပြီး စာအုပ်ဖတ်နေတဲ့လူငယ်ကို ကြည့်ပြီး မတွေးတတ်အောင် ဖြစ်သွားရသည်။
အချိန်အတန်ကြာ သူကတုန်ခိုက်နေပြီး လေသံသဲ့သဲ့ပြုလိုက်သည်။
“ကျောင်းကျောင်း၊ သမီး ရှောင်းယီဆီက ဝတ်စုံငှားဖို့ စီစဉ်ထားတာလား”
“ဟုတ်တယ်လေ”
နန်းပေါင်ရီက ပြုံးရင်းပြန်ဖြေလိုက်သည်။
“သမီးတို့အိမ်က ယောကျာ်းလေးတွေအားလုံးထဲမှာ အစ်ကို ၂ ရဲ့ဝတ်ရုံတွေက အကောင်းဆုံးပဲ၊ ဖေဖေ သူ့ရဲ့အဝတ်တွေကို ဝတ်ကိုဝတ်ရမယ်”
သူမက စိတ်လှုပ်ရှားစွာနဲ့ နန်းကွမ်ကို စာကြည့်ခန်းထဲကို ဆွဲခေါ်သွားတော့သည်။
ထိုစကားကိုကြားတဲ့အခါ ရှောင်းယီက မျက်ခုံးတွေကိုပင့်လိုက်မိသည်။ သူက နန်းကွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူက နန်းကျောင်းကျောင်းရဲ့နောက်မှာ သူမကိုဖြောင်းဖျနေဟန်ရပြီး သူ့ကိုကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေသည်။
နန်းကျောင်းကျောင်းရဲ့အမြင်မှာတော့ သူက စိတ်အခြေအနေကောင်းနေပုံရသည်ဟု ထင်သွားသည်။
“သွားကြစို့”
နန်းပေါင်ရီက နန်းကွမ်ကို ဦးဆောင်ပြီး အခန်းထဲဝင်လာခဲ့သည်။
သူမက ပတ်ဝန်းကျင်ကို စူးစမ်းစွာကြည့်လိုက်သည်။ အမတ်မင်းရဲ့အိပ်ခန်းက အလွန်ကျယ်ဝန်းပြီး တောက်ပနေသည်။ မီးလင်းဖိုမှ မွှေးရနံ့က တောတောင်တွေနဲ့ မြစ်ရေတွေ စီးဆင်းနေသလို ခံစားချက်ကို ပေးစွမ်းနေသည်။ အိပ်ခန်းရဲ့ အနောက်တောင်ဘက်မှာတော့ ရွှေရောင်ပြောင်လက်နေတဲ့ အဝတ်ဗီဒိုတွေ အတန်းလိုက်ရှိသည်။
ယွီဝေ့နဲ့ ချန်ရှင်းက ဗီဒိုရဲ့တံခါးကို ဖွင့်လိုက်သည်။ အထဲကိုကြည့်လိုက်တဲ့အခါ သူမ အလွန်စိတ်လှုပ်ရှားသွားသည်။
အမတ်မင်းက တကယ်ကိုချမ်းသာတာပဲ၊ အဝတ်အစားတွေအများကြီးရှိတယ်…..
ဒါဇင်နဲ့ချီတဲ့ သားမွှေးဝတ်ရုံတွေရှိနေပြီး အားလုံးက အဖိုးတန်ပြီး သပ်ရပ်သားနားနေကြသည်။
ရှောင်းယီက ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ပြီး လက်ဖက်ရည် တစ်ခွက်ကို ယူလိုက်သည်။
“ဦးလေး ၃ ၊ လိုချင်တာကိုယူပါ”
ပထမတော့ နန်းကွမ်က ကြောက်လန့်သွားသည်။ သူက ဗီဒိုတစ်လုံးချင်းစီရဲ့ရှေ့မှာ တန့်နေပြီးမှ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားလာသည်။
နှစ်သစ်ကူးအတွက် သူ့ထက်အကြီးတွေက အဝတ်အစားအသစ်တွေဝယ်ပေးဖို့ ခေါ်လာတဲ့ကလေးလေး နဲ့တူသည်။ သူက တစ်စုံပြီးတစ်စုံကို စိတ်လှုပ်ရှားစွာ ကိုင်ကြည့်ပြီး တခဏချင်း ခုနစ်စုံရှစ်စုံလောက်ကို ယူလိုက်သည်။
နန်းပေါင်ရီက စိတ်ညစ်သွားသည်။
သူမရဲ့အဖေက အရမ်း ရိုင်းတာပဲ…
သူက ရှောင်းယီကိုစောင်းကြည့်လိုက်ပြီး လေသံလေးနဲ့ပြောသည်။
“ဖေဖေ၊ ဖေဖေနဲ့လိုက်ဖက်မဲ့ တစ်စုံကိုပဲယူလေ၊ ဘာလို့အများကြီးယူနေတာလဲ”
“ဒါပေမယ့် ဒီဝတ်စုံက အရမ်းလှနေတယ်၊ ဒါရောပဲ…”
နန်းကွမ်က လက်ကမချနိုင်ပါချေ။ သူက ရှောင်းယီကို စောင်းကြည့်လိုက်ပြီး နန်းပေါင်ရီကို ပြင်းပြင်းပြပြ တိုက်တွန်းလိုက်သည်။
“ကျောင်းကျောင်း၊ သူ့ကိုမေးပေး၊ ဘယ်နှစ်စုံလောက်ဖေဖေ့ကိုပေးမလဲလို့”
“အရမ်းကို လှနေတော့တာပဲ…”
နန်းပေါင်ရီက စိတ်ဆိုးသွားတော့သည်။
သူမက ကိုယ်တိုင် တစ်စုံကိုရွေးပေးလိုက်ပြီး “ဒီတစ်စုံကိုဝတ်ကြည့်”
သူမရွေးထားတာက အစိမ်းရင့်ရောင် ပန်းထိုးဝတ်ရုံဖြစ်ပြီး သားရေခါးပတ်နဲ့ဖြစ်သည်။ သူမအဖေရဲ့ ရှည်လျားတဲ့အရပ်နဲ့ဆို အလွန်လိုက်ဖက်ပြီး ငယ်ရွယ်သည်ဟု ထင်ရစေသည်။
အပေါ်ထပ်ဝတ်ရုံက ငွေရောင် မြေခွေးသားမွှေး ဝတ်ရုံဖြစ်၍ တင့်တယ်ပြီး မြင့်မြတ်တဲ့ဟန်ပန်ရှိသည်။
နန်းကွမ်က လိုက်ကာနောက်မှာ ဝတ်စုံကိုလဲဝတ်လိုက်ပြီး အပြင်ကိုထွက်လာသည်။
သူက ရွှင်လန်း တက်ကြွစွာဖြင့် “ကျောင်းကျောင်း၊ အဖေ့ကိုကြည့် အဖေ့ကိုကြည့်”
နန်းပေါင်ရီရဲ့မျက်လုံးတွေက ပင့်တက်သွားသည်။
သူမရဲ့အဖေက ကြည့်ကောင်းချောမောပြီး မိန်းကလေးတွေိကို ဆွဲဆောင်နိုင်စွမ်းရှိသည်ဆိုတာကို သူမပြောရဲသည်။
ဒီလိုပုံစံ၊ ဒီလိုဟန်ပန်နဲ့ သူစကားစမပြောသရွေ့ သူက ကြည့်ကောင်းချောမောပြီး လူရည်လည်ပုံ အတိအကျပေါက်နေသည်။
နန်းကွမ်က ကြေးမုံဘက်ကိုလှည့်ပြီး “ကျောင်းကျောင်း၊ ဖေဖေအရမ်းချောတယ်မှလား?”
နန်းပေါင်ရီက လက်မထောင်ပြလိုက်ပြီး “ဖေဖေက အရမ်းကြည့်ကောင်းတာပဲ”
နန်းကွမ်က ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးရင်း ခေါင်းကိုငြိမ့်လိုက်ပြီး “အရမ်းမိမိုက်နေတယ် မှလား?”
“ဖေဖေက အမိုက်ဆုံးပဲ”
“ဟေး….”
နန်းကွမ်က ငွေရောင်မြေခွေးသားမွှေးဝတ်ရုံကို ကြင်နာစွာပွတ်သပ်လိုက်ပြီး ပျော်ရွှင်စွာနဲ့ “မနက်ဖြန်ကျရင် ဒီဝတ်ရုံကို ဝတ်ရမယ်”
သူက လိုက်ကာရဲ့နောက်ကို ပြန်ဝင်သွားသည်။
နန်းပေါင်ရီက ရှောင်းယီဘက်ကို လှည့်လိုက်ပြီး မျက်ခုံးတွေကို ကွေးညွှတ်၍ “ကူညီပေးတာ ကျေးဇူးတင်ပါတယ်”
ရှောင်းယီက လက်ဖက်ရည်ခွက် အဖုံးကို ကြင်နာစွာပွတ်သပ်ရင်း “ကျောင်းကျောင်းရဲ့အမြင် ငါနဲ့ ဦးလေး ၃ မှာ ဘယ်သူက ပိုပြီး ယောကျာ်းပီသလဲ၊ ဘယ်သူကပိုပြီး ဆွဲဆောင်မှုရှိလဲ?”
နန်းပေါင်ရီက သူမရဲ့နှာခေါင်းထိပ်လေးကိုပွတ်နေသည်။ ဒီမေးခွန်းက အရမ်းဖြေရခက်သည်။ မိန်းကလေးတိုင်းရဲ့အမြင်မှာ ကမ္ဘာပေါ်မှာ အချောမောဆုံး ကြည့်အကောင်းဆုံးသူက သူတို့၏ အဖေပင်။
သို့သော်လည်း အမတ်မင်းရဲ့မျက်လုံးတွေက ပင်လယ်ပြင်လို နက်ရှိုင်းပြီး ဆန်းကြယ်လှသည်။
နန်းပေါင်ရီက ချိုမြိန်စွာပြုံးရင်း မျက်တောင်တစ်ချက်မခတ်ဘဲ ဖြေလိုက်သည်။
“ဒါပေါ့၊ အစ်ကို ၂ ကပိုပြီး ချောမောကြည့်ကောင်းတယ်၊ ဆွဲဆောင်မှုလည်း ပိုရှိတယ်”
ရှောင်းယီရဲ့နူတ်ခမ်းပါးတွေက ကွေးညွတ်သွားကြသည်။
သူကထပ်မေးလိုက်သည်။
“အဲ့ဒီတော့ ကျောင်းကျောင်းရဲ့စိတ်ထဲမှာ ကမ္ဘာပေါ်မှာ ဘယ်သူက ချောမောပြီး ကြည့်အကောင်းဆုံးနဲ့ အင်အားအကြီးဆုံး ယောကျာ်းလဲ?”
နန်းပေါင်ရီက တက်ကြွစွာဖြင့် “အစ်ကို ၂ က ပြိုင်ဘက်ကင်းပြီး ကမ္ဘာပေါ်မှာ အချောမောဆုံး ကြည့်အကောင်းဆုံးနဲ့ အင်အားအကြီးဆုံးပဲ”
…………………..

အာဃာတပြန်တမ်းWhere stories live. Discover now