part 143

2.3K 299 3
                                    

Unicode

အပိုင်း (၁၄၃)

ညီမလေးကလှလို့ အချိန်မရွေးလက်ထပ်လို့ရတယ်
ခန်းမက တိတ်ဆိတ်သွားသည်။
‘မထောင်နိုင်ဘူး’ ဆိုတာက ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်လဲ၊ ကျန်းဆွေ့ဟန်ကတော့ လိမ်ညာမပြောနိုင်လောက်ပါချေ။
နန်းမိသားစုရဲ့ အမူအရာတွေက ပြောင်းလဲသွားသည်။ သူတို့ရဲ့မျက်လုံးထဲမှာ သနားဂရုဏာသက်မှုတွေနဲ့ ပြည့်လွှမ်းလာသည်။
အဘွားအိုက သူ့ရဲ့လက်ကိုကိုင်လိုက်ပြီး ပူဆွေးဝမ်းနည်းစွာနဲ့ “သနားစရာကောင်းလိုက်တဲ့ကလေး၊ ငယ်ရွယ်သေးပေမယ့် အဲ့ဒါက ဘယ်လိုများ….. ကောင်းတဲ့ကလေး ဒီနေ့ကစပြီး တသက်လုံး နန်းအိမ်တော်မှာ နေနိုင်ပါတယ်၊ ငါတို့အားလုံးက မင်းရဲ့မိသားစုတွေပဲ၊ ကလေးမရနိုင်ပေမယ့် တကယ်လို့ ကွာရှင်းတာပဲဖြစ်ဖြစ် အကြောင်းတစ်ခုခုရှိလာရင် မိသားစုအနေနဲ့ မင်းဘက်မှာ ရှိနေပေးမယ်”
ကျန်းဆွေ့ဟန်မှာ မျက်ရည်လည်သွားရသည်။ ထိုအချိန်မှာ သူခန္ဓာကိုယ်က သွေးတွေကုန်ခန်းသွားသလို ခံစားလိုက်ရသည်။ ရှောင်းအစ်ကိုက သူ့ကိုကျေးဇူးတင်စိတ်မရှိရင်တောင် အနည်းဆုံးတော့ သူ ရွှေစများများကို ဆုရသင့်သည်လေ၊ ဒါမှတရားမျှတလိမ့်မည်။
သူက လွတ်လပ်သွားသလို သက်ပြင်းချပြီး လက်ဖက်ရည်သောက်လိုက်သည်။ သူကယခုလေးတင် ပြဿနာတစ်ခုအေးသွားပြီး အရမ်းကို သက်တောင့်သက်သာရှိသွားရသည်။
နန်းပေါင်ရီက အလွန်တည်ငြိမ်နေသည်။ အစ်ကိုကျန်းက မထောင်နိုင်တာကို သူမအစောကတည်းက အမတ်မင်းဆီက ကြားထားသည်လေ။ အစ်ကိုကျန်းက အရည်အချင်းရှိသလို ထင်ရပေမယ့် နှမြောစရာ ကောင်းလွန်းလှသည်။
နောင်အနာဂတ်မှာ ထိုကိစ္စကိုကောင်းကောင်းဂရုပြုပြီးကြည့်ရမည်။ သို့မှသာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည် ဘဝမျိုးကို သူမရနိုင်မည်လေ။
……………
ချန်းအိမ်တော်နဲ့ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းပြီးနောက် နန်းပေါင်ရီက အလွန်စိတ်ချမ်းသာနေပြီး အိပ်လို့လည်း ပိုကောင်းလာသည်။
နှစ်ကုန်ခါနီးမှာ ကျင်းကွမ်မြို့ဟာ နှင်းမိုးတွေသည်းထန်စွာကျဆင်းနေသည်။
နန်းပေါင်ရီက မနက်ခင်းမှာ စောစီးစွာနိုးလာပြီး အလှပြင်ခုံရဲ့ ကြေးမုံရှေ့မှာ ဆံပင်ကိုဖြီးလိမ်းပြင်ဆင် နေသည်။
ဟယ်ယဲ့က ပြေးလာပြီး စိတ်လှုပ်ရှားစွာဖြင့် “မမလေး၊ ပျော်စရာသတင်းရှိတယ်”
နန်းပေါင်ရီက ခေါင်းကိုလှည့်လာပြီး “ဘာသတင်းလဲ?”
“ဒုတိယသခင်ကြီးနဲ့ သခင်လေး ၁ ပြန်ရောက်လာပြီ”
နန်းပေါင်ရီက အနည်းငယ်အံ့အားသင့်သွားသည်။
‘ဘဘကြီး ၂ နဲ့ ကိုကိုကြီးပြန်လာပြီ?’
သူမကပျော်ရွှင်ကျေနပ်စွာနဲ့ ဆံပင်တွေကိုဂရုမစိုက်တော့ဘဲ သူမရဲ့ဆင်စွယ်ဘီးကိုလည်းပစ်ချလိုက်ပြီး အိပ်ခန်းထဲက ပြေးထွက်သွားတော့သည်။
သူမရဲ့ဝတ်ရုံအနားစတွေက လေအေးတွေကြောင့် တဖျက်ဖျက်လွင့်နေပြီး မျက်နှာကလည်း အေးစက်နေပေမယ့် မျက်လုံးတွေကတော့ ပျော်ရွှင်မှုနဲ့ပြည့်နေသည်။
ဘဘကြီး ၂ နဲ့ ကိုကိုကြီးကိုသူမလွမ်းလှပြီ။ ဘဘကြီး ၂ က တည်ကြည်၍ ဝတ်စားပြင်ဆင်မှုက ရှေးရိုးဆန်ပြီး အမြဲတမ်းအငယ်တွေကို ဆူငေါက်တတ်သည်။ သူမနဲ့ကျူးကျူးက ဘဘကြီးကို အရမ်းကြောက်ရသည်။ သို့သော်လည်း နောက်ပိုင်းမှသိလာတာက ဘဘကြီး ၂ က အရမ်းကောင်းတဲ့သူ တစ်ယောက်ဖြစ်သည်ဆိုတာကိုပင်။
အရင်ဘဝက သူမချန်းတယ်ယွီနဲ့ လက်မထပ်ခင်မှာ ဘဘကြီး ၂ က သူမကို ထပ်ပြီးစဉ်းစားဖို့ ဖြောင်းဖျခဲ့သည်။ သို့သော်လည်း ထိုစဉ်က သူမ ချန်းတယ်ယွီကိုသာ စုံလုံးကန်းနေတာကြောင့် အကြီးတွေရဲ့ စကားကို နားမဝင်ခဲ့ပါချေ။
သူမက မြန်မြန်ဆန်ဆန် လက်ထပ်ချင်ခဲ့ပြီး လက်ထပ်ပြီးနောက်မှာမှ အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ မျှော်လင့်မထားစွာ ‘ချန်းတယ်ယွီက ချစ်ဖို့ထိုက်တန်တဲ့သူမဟုတ်ဘူး’ လို့ ဘဘကြီး ၂ ကပြောခဲ့သည်။
နန်းအိမ်တော်က စွပ်စွဲခံရ၍ ဂုဏ်သိက္ခာကျဆင်းခဲ့ပြီးနောက် ကစဉ့်ကလျားဖြစ်ကုန်ပြီး ဘဘကြီး ၂ လည်း မထိန်းချုပ်နိုင်တော့ချေ။
ထိုအဖြစ်အပျက်ပြီးနောက် ချန်းတယ်ယွီက သူမဖျားနာနေတာကို လစ်လျှူရှုပြီး ချန်အန်းနန်းတော်ကို ရောင်းစားတဲ့အခါ ဘဘကြီးက ချန်းအိမ်တော်ကိုရောက်လာပြီး သူမကို အိမ်ပြန်ခေါ်သွားဖို့ ကြိုးစားခဲ့သည်။
ချန်းအိမ်တော်ရဲ့ အနောက်ဘက်တံခါးမှာ ဘဘကြီး ၂ က စုတ်ပြဲနေတဲ့အဝတ်အစားတွေနဲ့ ရပ်နေခဲ့တာကို သူမမှတ်မိသေးသည်။ သူမကို အော်ဟစ်ဆူငေါက်ပြီး ရိုက်မှာကို ကြောက်တာကြောင့် သူမက တွန့်ဆုတ်နေပြီး ရှေ့ကိုမတိုးရဲခဲ့ပါချေ။
သို့သော်လည်း ဘဘကြီးက သူမကို ရိုက်လည်းမရိုက်ခဲ့သလို ဆူလည်းမဆူခဲ့ပါချေ။ သူ့ရဲ့မျက်နှာက အိုမင်းနေပြီး မျက်တွင်းတွေလည်း ချောင်ကျနေသည်။ သူ့ရဲ့မျက်ခုံးတွေက အကူအညီမဲ့နေဟန်ရှိပေမယ့် ကြင်နာဟန်နဲ့ နွေးထွေးနေသည်။
သူက တိုးဖွဖွပြောသည်။
“ကလေးမလေး၊ ဘဘကြီးနဲ့ အိမ်ပြန်လိုက်ခဲ့မလား?”
သူမငိုတော့ ဘဘကြီး ၂ က သူမရဲ့မျက်ရည်တွေကို သုတ်ဖယ်ပေးပြီး လက်မောင်းတွေကို ကြင်နာစွာ ပွေ့ဖက်ထားသည်။ နန်းအိမ်တော်အပေါ် သူမရဲ့မသိတတ်မှုအတွက် အပြစ်တင်ခြင်းမရှိခဲ့ပေ။
သို့သော် သူမဘယ်တော့မှ အိမ်ပြန်မရောက်ခဲ့ပါချေ။
ဘုရင်ခံချန်းရဲ့အစေခံတွေက သူမကို အိမ်အနောက်ဖက်မှာ ဖမ်းမိသွားကြပြီး ဘဘကြီး ၂ ကိုလည်း တုတ်တွေနဲ့ရိုက်ကြပြီး သူမကိုပြန်ခေါ်သွားခဲ့သည်။
သူမက ငိုပြီး အသနားခံခဲ့ပေမယ့် သူမကို နန်းတော်ရဲ့ တံခါးဝအထိ ဆွဲခေါ်သွားကြသည်။ ထိုအစေခံတွေက အလွန်ရက်စက်ကြပြီး ဘဘကြီးကိုလည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ကြသည်။
နောက်ဆုံးမှာ ဘဘကြီး ၂ က နောက်ထပ် ဆောင်းရာသီကို မြင်ခွင့်မရလိုက်တော့ပါချေ။
မျက်ရည်တွေက နှင်းပွင့်တွေပေါ်ကို ကျဆင်းသွားကြသည်။
နန်းပေါင်ရီက ဝတ်ရုံလက်ကိုပင့်မြှောက်ပြီး သုတ်လိုက်သည်။ ကိုကိုကြီးရဲ့ပုံရိပ်ကလည်း သူမရဲ့အာရုံမှာ အစီအရီပေါ်လာပြန်သည်။
ကိုကိုကြီး နန်းချန်းလီက သူမကိုအချစ်ဆုံးဖြစ်သည်။ သူဘယ်ကိုပဲ အလုပ်ကိစ္စနဲ့သွားသွား သူမအတွက် လက်ဆောင်ပစ္စည်းတွေ ဝယ်ပြီး သူအိမ်ပြန်ရောက်တဲ့အခါ သူအပြင်လောကမှာ ကြုံခဲ့ရတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြရင်း ထိုပစ္စည်းတွေကို ပေးတတ်သည်။
အရင်ဘဝက သူမနန်းတော်ထဲရောက်သွားတဲ့အချိန်မှာ ကိုကိုကြီးက သူမဆီကို လာတွေ့ခဲ့သည်။ အဲ့ဒီနှစ်က သူ အသက် နှစ်ဆယ့်လေး နှစ်ဆယ့်ငါးနှစ်ခန့်သာရှိသေးပေမယ့် သူ့ရဲ့ဆံပင်တွေက ဖြူဖွေးနေသည်။
သူက နန်းတော်စောင့်ကို လာဘ်ထိုးပြီး မိန်းမစိုးတစ်ယောက်အဖြစ် ဟန်ဆောင်၍ သူမကို နန်းတော်ထဲမှာ လာရှာခဲ့သည်။ သူက သူမလက်လေးကို ဆုတ်ကိုင်ရင်း ထပ်ခါထပ်ခါပြောသည်။
“ကျောင်းကျောင်း ဘာမှမကြောက်နဲ့နော်၊ ကိုကိုကြီးက ရွှေစတွေစုပြီး လုံလောက်ပြီဆိုရင် အိမ်ကိုပြန်ခေါ်သွားမယ်နော်….. ကျောင်းကျောင်းက ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကိုကိုကြီးက အိမ်ပြန်ဖို့ လာခေါ်မှာကို စောင့်နေနော်….”
သို့သော်လည်း သူမ ထိုနေ့ကို မစောင့်နိုင်ခဲ့ပါချေ။
သိပ်မကြာခင်မှာ သူမသေသွားခဲ့ပြီး ထိုအချိန်က သူမ ကိုကိုကြီးကို နောက်ဆုံးတွေ့ခဲ့ရတာဖြစ်သည်…..
သူမ ဘဘကြီး ၂ ကိုအရမ်းလွမ်းသည်။ ကိုကိုကြီးကိုလည်း အရမ်းလွမ်းသည်။
ကောင်မလေးက လေအလျင်လို ပန်းပွင့်ခန်းမကို ပြေးသွားခဲ့သည်။
ခန်းမထဲမှာ လူတွေအများကြီးထိုင်နေကြသည်။ ဘဘကြီး ၂ က လက်ဖက်ရည်သောက်နေပြီး သူ့ရဲ့မျက်ခုံးတွေကြားမှာ အရေးအကြောင်းအနည်းငယ်ရှိနေသည်။ သူရဲ့မျက်နှာက ခက်ထန်နေဆဲပင်။
ကိုကိုကြီးရဲ့မျက်နှာက ငယ်ရွယ်နေသေးပြီး သူမရဲ့စိတ်အာရုံထဲမှာ အလေးအနက်စွဲထင်အမှတ်ရ နေသလို လေဒဏ်၊ နှင်းဒဏ်နဲ့ အိုမင်းနေတဲ့ပုံရိပ်မျိုး မဟုတ်ပါချေ။
နန်းပေါင်ရီရဲ့ ထိန်းထားတဲ့မျက်ရည်တွေက ကျဆင်းလာသည်။
“ကျောင်းကျောင်း”
နန်းပေါင်ကျူးက အော်ခေါ်လိုက်သည်။
“ဘာလို့ ဆံပင်တွေဖြီးမလာတာလဲ၊ မရှက်ဘူးလား”
နန်းပေါင်ရီက မျက်ရည်တွေကိုသုတ်လိုက်ပြီး ရှေ့ကိုတိုး၍ ဘဘကြီး ၂ ကိုအရိုအသေပြုလိုက်သည်။
“ကျောင်းကျောင်း ဘဘကြီး ၂ ကိုဂါရဝပြုပါတယ်”
သခင်ကြီး ၂ က သူမကိုထခိုင်းလိုက်ပြီး တင်းမာစွာနဲ့ “မင်းနဲ့ ချန်းအိမ်တော်ရဲ့စေ့စပ်ပွဲက ပျက်သွားပြီဆို”
နန်းပေါင်ရီက ခေါင်းကိုငုံ့ပြီး ဝတ်ရုံအနားစတွေကို လုံးချေနေရင်း ဘာမှပြန်မပြောရဲပါချေ။
သခင်မကျန်းက သခင်ကြီး ၂ ကို လက်သီးဆုပ်နဲ့ ပြင်းပြင်းထုလိုက်ပြီး ရန်လိုဟန်နဲ့ ပြောလိုက်သည်။
“နောက်ဆုံးတော့ နှစ်သစ်မှ အိမ်ပြန်ရောက်လာတာကို ဘာလို့ အဲ့ဒီလို ခက်ထန်တဲ့မျက်နှာကြီး လုပ်နေတာလဲ၊ ကြည့်ဦး ကျောင်းကျောင်း ဘယ်လောက်တောင်ကြောက်နေလဲ”
သခင်ကြီး ၃ က အေးစက်စွာဖြင့် ချောင်းဟန့်လိုက်သည်။
သူကမျက်ခုံးကို ခက်ခက်ခဲခဲပင့်လိုက်ပြီး ပျော်ရွှင်ဟန်နဲ့ “ချန်းအိမ်တော်နဲ့ ကြောင်းလမ်းခြင်း ဖျက်သိမ်းလိုက်တာ မှန်တယ်၊ ငါပြောခဲ့သားပဲ၊ ချန်းမိသားစုက ဖြောင့်မတ်တဲ့သူတွေမဟုတ်ဘူး၊ မင်းတို့မိန်းမတွေက ဆံပင်သာရှည်ကြတာ ရေတိုကိုပဲကြည့်ကြတယ်….”
“ပါးစပ်ပိတ်..”
သခင်မကျန်းက အော်လိုက်သည်။
သခင်ကြီး ၂ က ခက်ထန်တဲ့သွင်ပြင်ရှိပေမယ့် သူ့မှာ တင်းကြပ်တဲ့ ဇနီးသည်ရှိနေသည်။ သူက တိတ်ဆိတ်စွာ ပါးစပ်ကိုပိတ်လိုက်သည်။
နန်းပေါင်ရီက မျက်လုံးတွေကို အနည်းငယ်ပင့်ပြီး သူ့ကိုကြည့်လိုက်သည်။ တကယ်တော့ ဘဘကြီး ၂ က သူမကို မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး သူ့ရဲ့လက်ကိုဆန့်တန်း၍ သူ့ရဲ့ဝတ်ရုံလက်ကိုဖြန့်ပြီး တိတ်တဆိတ်လက်မထောင်ပြသည်။
သူမရဲ့ကြောင်းလမ်းခြင်းကိုဖျက်သိမ်းတဲ့ရိုက်ချက်က အလွန်လှသည်ဟု ချီးမွမ်းလိုက်တာ ဖြစ်သည်။
ခက်ထန်တင်းမာတဲ့ ဘဘကြီး ၂ က ဒီလိုချစ်စရာကောင်းတဲ့ အပြုအမူတွေရှိလိမ့်မယ်လို့ နန်းပေါင်ရီဘယ်တုန်းကမှ မသိခဲ့ပါချေ။
သူမရဲ့နှလုံးသားက နွေးထွေးသွားပြီး မျက်ရည်တွေကြားက ချိုမြိန်တဲ့အပြုံးလေးပေါ်ထွက်လာသည်။
“ကျောင်းကျောင်း”
နန်းချန်းလီက ကြင်နာစွာဖြင့် “ကိုကိုကြီးက ညီမလေးအတွက် လက်ဆောင်ဝယ်လာတယ်၊ ကြိုက်လား မကြိုက်လား ကြည့်ကြည့်”
အစေခံက သေတ္တာတစ်လုံးကို ပေးလာသည်။ နန်းပေါင်ရီက ဖွင့်ကြည့်လိုက်တဲ့အခါ ခရမ်းနုရောင် ဝါးရိုးနဲ့ ရွှေကွပ်ထားတဲ့ ဒုန်ယင်း ယပ်တောင်၊ အနောက်တိုင်းက ကြွေရည်သုတ်မှန်၊ အမျိုးအစားစုံလင် လှတဲ့ ပုလဲနဲ့ ကျောက်မျက်ရတနာတွေဖြစ်သည်။ အားလုံးက ကျင်းကွမ်မြို့မှာမရှိတဲ့ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေဖြစ်သည်။
သူမက သေတ္တာကို ပျော်ရွှင်စွာနဲ့ ဖက်ထားလိုက်ရင်း “ကျေးဇူးတင်ပါတယ်၊ ကိုကိုကြီး”
နန်းချန်လီက သူမရှေ့မှာ အရပ်တူအောင်ငုံ့ကိုင်းလိုက်ပြီး ခေါင်းလေးကို ပွတ်သပ်လိုက်ရင်း “နှစ်သစ်ကူးပြီးရင် ကျောင်းကျောင်းက အသက်ဆယ့်သုံးနှစ်တောင်ရှိပြီ၊ အပျိုလေးဖြစ်နေပြီ၊ အဲ့ဒါကြောင့် ဆံပင်တွေကို ရှုပ်ပွနေအောင် မထားရဘူး၊ အဲ့လိုဆို သူများတွေက လာမကြိုက်ဘဲ နေလိမ့်မယ်”
စနောက်မှုက အရမ်းလွန်ကဲပေမယ့် သူ့ရဲ့အသံက တုန်နေအောင်ချစ်ဟန်အပြည့်ပင်။ တကယ်တော့ သူက ကျောင်းကျောင်းကို ကလေးတစ်ယောက်လိုသာ ဆက်ဆံနေဆဲဖြစ်သည်။
နန်းပေါင်ရီက ပြုံးလိုက်ပြီး “မကြိုက်ဘူးဆိုရင် …မကြိုက်လည်းနေပေါ့ ညီမလေးကလှလို့ အချိန်မရွေးလက်ထပ်လို့ရတယ်”
“ဒီကလေးကတော့”
အဘွားအိုက သူမကို အပြုံးနဲ့ဆူဟန်ပြုသည်။
နန်းချန်းလီက သူမရဲ့နှာခေါင်းထိပ်လေးကို ဖြစ်ညှစ်လိုက်ပြီး အစေခံဆီက ကျောက်စိမ်းဘီးကို ယူလိုက်ပြီး သူမရဲ့ဆံပင်တွေကို ဖြီးသင်ပေးလိုက်သည်။
ရှောင်းယီအပြင်ဘက်ကိုရောက်တဲ့အခါမှာ အစ်ကိုနဲ့ညီမလေးရဲ့ ရင်းရင်းနှီးနှီး ပူးကပ်နေတဲ့မြင်ကွင်းကို မြင်လိုက်ရသည်။
ကောင်မလေးရဲ့ ဆံနွယ်တွေက နန်းချန်းလီရဲ့ လက်ချောင်းတွေကြားမှာ ပွတ်တိုက်နေကြပြီး ပိုးသားကဲ့သို့ နူးညံ့နေသည်။ သူမက နန်းချန်းလီကို တီးတိုးပြောနေပြီး ချိုမြိန်စွာပြုံးနေသည်။ သူမရဲ့ မျက်လုံးတွေက တဖျက်ဖျက်တောက်ပနေသည်။
မြင်ကွင်းက တကယ်ကို မျက်စိကျိန်းစရာပင်။
သူက အကြည့်တွေကို ရုပ်သိမ်းလိုက်ပြီး တံခါးကတဆင့် အေးစက်တဲ့မျက်နှာထားနဲ့ ဝင်လာခဲ့သည်။ သူက အခုဆို ဒုတိယအဆင့် အမတ်မင်းဖြစ်နေပြီဖြစ်တာကြောင့် အဘွားအိုကလွဲလို့ တခြားသူတွေ အားလုံးက မတ်တပ်ရပ်ပြီး သူ့ကိုဦးညွှတ်ကြရသည်။
နန်းချန်းလီက ကျောက်စိမ်းဘီးကို ချလိုက်ပြီး ရိုးရိုးသားသားချီးကျူးလိုက်သည်။
“ညီ ၂ က စစ်ပွဲမှာ ပထမနေရာက အောင်မြင်မှုရခဲ့ပြီး ဧကရာဇ်က ကိုယ်တော်တိုင် ဒုတိယအဆင့် အမတ်မင်းအဖြစ် ချီးမြှင့်မြှောက်စားလိုက်တယ်ဆိုတဲ့သတင်းကို ကြားတယ်၊ ညီ ၂ က စံပြ ယောကျာ်းကောင်း တစ်ယောက်ပဲ၊ အစ်ကိုက အရည်အချင်းရှိတဲ့ လက်မှုပညာသည်တစ်ယောက်ကို ဖိတ်ပြီး တစ်ခုလုပ်ခိုင်း ထားတယ်၊ ညီ ၂ စစ်မြေပြင်မှာ အသုံးပြုရင်တော့ ရယ်စရာဖြစ်နေမလားပဲ”
ပြောပြီးနောက် သူက ဓါးရှည်ထည့်ထားတဲ့သေတ္တာကို ဘေးကအစေခံဆီကယူပြီး ရှောင်းယီကို ကိုယ်တိုင်ပေးလိုက်လေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now