part 144

2.5K 292 5
                                    

Unicode

အပိုင်း (၁၄၄)
ငါမင်းရဲ့နှလုံးသားကိုလိုချင်တယ်
ရှောင်းယီက နန်းချန်းလီရဲ့လက်ကို တိတ်ဆိတ်စွာကြည့်လိုက်သည်။
ဒီလက်နဲ့ နန်းကျောင်းကျောင်းရဲ့ဆံပင်တွေကို ဖြီးပေးခဲ့သည်။ ပြီးတော့ ဖက်ခဲ့သေးသည်။
သူကအပြုံးမမည်တဲ့အပြုံးနဲ့ လက်ဆောင်ကို လက်ခံဖို့ အချိန်အကြာကြီးယူလိုက်သည်။
လေထုက အနည်းငယ်ကို့ရို့ကားယားနိုင်နေပြီး နန်းပေါင်ရီက ကြင်နာစွာနဲ့ ဖြေလျှော့ဖို့ ကြိုးစားသည်။ သူမက ကနုတ်ထွင်းထားတဲ့သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ဓါးရှည်ကို ထုတ်ယူလိုက်သည်။ ဓါးအိမ်ထဲက သုံးလက်မခန့် ဆွဲထုတ်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။
“ဘယ်လောက်တောင်ထက်ရှတဲ့ဓါးသွားလဲ?”
“ဓါးရှည်က သူရဲကောင်းတွေရဲ့ အမှတ်သင်္ကေတပဲ”
နန်းချန်းလီက ပြုံးလိုက်သည်။ သူကရှောင်းယီရဲ့မာနကြီးတဲ့ အပြုအမူကို ဒေါသမထွက်ချေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက ရှောင်းယီကို အရမ်းလေးစားအားကျနေသည်။
ရှောင်းယီက အသက် ဆယ့်ရှစ်နှစ်သာရှိသေးပြီး စစ်မြေပြင်မှာ များပြားလှတဲ့ စွန့်စားခန်းတွေရှိခဲ့သည်။ တစ်ခုချင်းစီက ဒဏ္ဍာရီတွင်လောက်စရာပင်။
သူတို့အိမ်တော်က ဒီလိုသူရဲကောင်းမျိုးကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ဘိုးဘွားဘီဘင်တွေကို အလေးအနက်ထားပြီး မျက်နှာပြစရာတစ်ခုရှိသွားပြီဖြစ်သည်။
နန်းပေါင်ရီက ဓါးရှည်ကို သေတ္တာထဲပြန်ထည့်လိုက်ပြီး အပြုံးနဲ့ပြောလိုက်သည်။
“ကိုကိုကြီးက အရမ်းစဉ်းစားပေးတတ်တာပဲ၊ အစ်ကို ၂ က အရမ်းပျော်သွားမှာ”
ရှောင်းယီက တည်ကြည်စွာထိုင်လိုက်ပြီး သူမကို လစ်လျှူရှုလိုက်သည်။ မိန်းမငယ်လေးက အစ်ကို ၂ လို့ အမြဲတမ်းခေါ်နေခဲ့ပြီး အခုတော့ နန်းချန်းလီလည်းပြန်လာရော သူမက အစ်ကို ၂ လို့ပြောင်းခေါ်သည်။
အသံက အရမ်းအင်အားမရှိဘဲ ပျင်းရိနေဟန်ရသည်။
နန်းပေါင်ရီက သူ့အပေါ်အေးစက်သွားပြီ…. သူ့ရဲ့နှလုံးသားက မပျော်ရွှင်နိုင်တော့ပေ။
သူမက ရှေ့တိုးပြီး အေးစက်နေတဲ့လေထုကို ဖြန်ဖြေပေးချင်ခဲ့ပေမယ့် အခြေအနေက သူမက သူ့ဆီက ရွှေစ ရာချီပြီး‌ ချေးငှားထားသလို အေးစက် တင်းမာနေဆဲဖြစ်သည်။
လေထုက တဖန် ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး သူမက နန်းချန်းလီဘက်ကို ထပ်လှည့်သွားပြန်သည်။
“ကိုကိုကြီး ညတွေနဲ့ ကြယ်တွေဆီကိုသွားဖို့ နည်းလမ်းပေါင်းစုံနဲ့ ခက်ခက်ခဲခဲကြိုးစားခဲ့ရမှာပဲနော်”
“ခက်ခက်ခဲခဲမဟုတ်ပါဘူး”
နန်းချန်းလီက သူမကိုငြင်းဆိုလိုက်သည်။
သူကရှောင်းယီကို ဂုဏ်ယူဟန်နဲ့ကြည့်လိုက်ပြီး “ညီ ၂ လို စစ်မြေပြင်မှာ တိုက်ခိုက်ရတာနဲ့စာရင် ဘာလို့ ခက်ခဲရမှာလဲ”
သို့သော်လည်း ရှောင်းယီက သူ့ကိုလစ်လျှူရှုပြန်သည်။ အမတ်မင်းက ဒီနေ့ရောက်လာကတည်းက အေးစက်နေတာကြောင့် နန်းပေါင်ရီက ပြောနေတဲ့ခေါင်းစဉ်ကို ပြောင်းပစ်ဖို့ စဉ်းစားမိသည်။
ဒါ့ကြောင့်သူမက နန်းချန်းလီရဲ့ လက်မောင်းကို ခိုတွဲလိုက်ပြီး “ကိုကိုကြီး ဒီနှစ်အတွင်း စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းအရာတစ်ခုကို ညီမလေးကိုပြောပြပါဦး၊ ဘဘကြီးနဲ့ ကိုကိုကြီးက ဘယ်နေရာတွေကို သွားခဲ့ကြတာလဲ၊ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေနဲ့ တွေ့ခဲ့သေးလဲ”
“ကျောင်းကျောင်း လာမရှုပ်နဲ့”
နန်းချန်းလီက သူမရဲ့လက်လေးတွေကို ဖယ်ထုတ်လိုက်ပြီး “ ကျူးကျူးနဲ့သွားကစားနေ၊ ကိုကိုကြီး ညီ ၂ နဲ့ စစ်မြေပြင်က အကြောင်းတွေကိုပြောလိုက်ဦးမယ်”
သူကပြောပြီး ရှောင်းယီရဲ့ဘေးမှာ ထိုင်လိုက်သည်။ ရှောင်းယီရဲ့တည်ကြည်နေတဲ့ မျက်နှာထားကို ဂရုစိုက်မနေဘဲ သူက စိတ်အားထက်သန်စွာ ဆွေးနွေးနေသည်။
ရှောင်းယီရဲ့မျက်လုံးတွေက အေးစက်နေသည်။
နန်းပေါင်ရီက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခါးသီးတဲ့မျက်ရည်တွေကို တိတ်တိတ်လေး ကျဆင်းခွင့် ပေးလိုက်သည်။ ထိုမျက်နှာချိုသွေးနေတဲ့လူက သူမကိုချစ်တဲ့ ကိုကိုကြီးမှဟုတ်ရဲ့လား?
မိသားစုအားလုံး နေ့လည်စာ စားကြပြီးနောက် နောက်ဆုံးမှာ နန်းချန်းလီက ရှောင်းယီနဲ့ စကားပြောလို့ ပြီးသွားသည်။ သူက ခက်ခဲတဲ့နေရာတွေကိုခရီးထွက်ခဲ့တာကြောင့် သခင်ကြီး ၂ နဲ့အတူ အရှေ့ခြံကို အနားယူဖို့ ပြန်လာခဲ့သည်။
နန်းပေါင်ရီက ရှောင်းယီကို စင်္ကြန်လမ်းမှာတွေ့ပြီး မေးလိုက်သည်။
“အစ်ကို ၂၊ ဒီနေ့ညီမလေးကိုဘာလို့အဖက်မလုပ်တာလဲ?”
ရှောင်းယီက နှင်းပွင့်တွေကျနေတာကို ကြည့်နေပြီး လက်ရမ်းကိုဖြတ်၍ ပန်းခြံထဲသို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။
သူရဲ့လက်ကောက်ဝတ်က ကံကောင်းစေတဲ့ အကြွေစေ့လေးကို လှည့်နေရင်း နူတ်ခမ်းပါးတွေကို ဖွဖွဖိကိုက်လိုက်သည်။ နှင်းကျနေတဲ့မြင်ကွင်းက တည်ငြိမ်နေပေမယ့် သူ့ရဲ့ရင်ဘတ်ထဲမှာတော့ မီးပုံလိုတောက်လောင်နေသည်။ သူ့ရဲ့နှလုံးသားထဲက ရက်စက်ကြမ်းကြုတ်တဲ့သားရဲကောင်က အထိတ်တလန့်နဲ့ မလိုလားစွာ အော်ဟစ်နေသည်။ သူက နန်းပေါင်ရီရဲ့ အစ်ကိုတစ်ယောက် ထပ်ပြီး မဖြစ်ချင်တော့ပါချေ။ သူမနဲ့သူက ဆက်စပ်မှုမရှိသေးဘဲ ထပ်ပြီး သဝန်မတိုချင်တော့ပါချေ။
သူမရဲ့မျက်လုံးထဲမှာ သူက ထူးခြားပြီး ကွဲပြားတဲ့သူတစ်ယောက်သာ ဖြစ်လိုသည်။
“ဘာကြောင့်လဲဆိုတာသိချင်လား?”
သူက နန်းပေါင်ရီကို ပင်လယ်လိုနက်ရှိုင်းတဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်သည်။
နန်းပေါင်ရီက အနည်းငယ် ထိတ်လန့်သွားသည်။ အဲ့ဒီအကြည့်က တောကြီးမျက်မည်းထဲက ရိုင်းစိုင်းတဲ့ သားကောင်ကြီးရဲ့ အကြည့်နဲ့တူပြီး သူမကို ထိတ်လန့်စေသည်။
သူမက ထိုအကြည့်ကို အနည်းငယ်အဓိပ္ပါယ်ဖော်နိုင်ခဲ့ပြီး နောက်ကို ဆုတ်လိုက်သည်။
“အစ်ကို ၂ ညီမလေး…က တစ်ခုခုအမှားလုပ်ထားလို့လား”
ကောင်းကင်က သက်သေထူနိုင်သည်။ လွန်ခဲ့တဲ့လဝက်က သူမ သေသေချာချာကို ကြိုးစားပြီးနေထိုင် ခဲ့သည်။ နေ့တိုင်း စာဖတ်သည်။ စာရေးသည်။ ရှောင်းယီစိတ်ဆိုးစရာကိစ္စ ဘာတစ်ခုမှ လုပ်မထားပါချေ။
ရှောင်းယီက သူမကို စိုက်ကြည့်နေဆဲပင်။ ကောင်မလေးရဲ့ နောက်ဆုတ်သွားတဲ့ပုံစံက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ဖြစ်တာ သိသာသည်။ သူမက သူ့ကို သတိထားပြီး ဆက်ဆံနေသည်။
ထိုသိရှိခြင်းက သူ့ကို ဝမ်းနည်းစေသည်။ သူက ကောင်မလေးရဲ့ မီးငှက်လို မျက်လုံးရွှဲကြီးတွေကို စိုက်ကြည့်နေဆဲပင်။ သူမရဲ့မျက်လုံးတွေက ရှင်းလင်းပြီး ကြည်လင်နေသည်။ သူမနှလုံးသားရဲ့ ရိုးသားမှုက မျက်ဝန်းမှာ ထင်ဟပ်နေသည်။ ဖြစ်သင့်တာက ကောင်မလေးကြီးပြင်းလာမဲ့အချိန်ကို စောင့်ပြီးမှ သူ့ရဲ့နှလုံးသား ဆန္ဒကိုဖွင့်ပြောပြသင့်သည်လား?
သူက နောက်ကိုလှည့်ပြီး တိတ်ဆိတ်စွာ အဝေးကိုလျှောက်သွားတော့သည်။
နန်းပေါင်ရီက သူထွက်သွားတာကို ကြည့်နေပြီး ရုတ်တရက် သိရှိသွားမှုက သူမကို အံ့အားသင့်စေသည်။
အမတ်မင်းက သူမကိုစိတ်ဆိုးနေသည်။ သို့သော်လည်း သူမခေါင်းပေါက်ထွက်အောင် အပြန်ပြန် အလှန်လှန်စဉ်းစားပေမယ့် ဘာကြောင့်မှန်း သူမ မသိချေ။ သူမက အိပ်ခန်းကို စိတ်မချမ်းသာစွာနဲ့ ပြန်သွားသည်။ ရုတ်တရက် ပြတင်းနားက အနက်ရောင်ကျောက်စိမ်း ဝါးကျည်တောက်လေးကို တွေ့တဲ့အခါ သူ့ဆီကိုစာရေးဖို့ ရုတ်တရက် စဉ်းစားမိသွားသည်။
သူမနဲ့ အမတ်မင်းက ကတိတစ်ခုထားခဲ့သည်။ သွေးအေးစစ်ပွဲနဲ့ သဘောထားမတိုက်ဆိုင်မှုတွေ ရှိလာခဲ့ရင် စာရေးပြီး ဒီဝါးကျည်တောက်လေးတွေထဲမှာ ထည့်ထားဖို့ သဘောတူခဲ့ကြသည်။ တခြားဘက်က တစ်ယောက်ကမြင်ရင် အထင်လွဲမှုကို သေချာဖြေရှင်းပြီး အကြောင်းပြန်ဖို့ ပြောခဲ့ကြ သည်။
နန်းပေါင်ရီက တုံ့ဆိုင်းမနေဘဲ ချက်ချင်း စုတ်တံကိုကောက်ယူပြီး စာစရေးတော့သည်။
စာကြည့်ခန်းထဲတွင် ……….
ရှောင်းယီက အနောက်ပြတင်းနားမှာထိုင်နေပြီး လက်တစ်ဖက်က စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ စာရွက်အနည်းငယ်ကိုလှန်ထားပေမယ့် တစ်လုံးသော်မျှ မဖတ်ရသေးပေ။
နှင်းစက်တွေက ကျဆင်းနေသည်။ သူကမျက်လုံးကို ပင့်ပြီး အနောက်ပြတင်းကနေ ကျဆင်းနေတဲ့နှင်းတွေကိုကြည့်နေသည်။ ပြတင်းအောက်မှာချိတ်ဆွဲထားတဲ့ ဝါးကျည်တောက်လေးက လေအေးတွေကြောင့် ငြင်သာစွာ လှုပ်ရမ်းနေသည်။
သူတို့ရဲ့ကတိကို သူအမှတ်ရလိုက်သည်။
တစ်နေ့နေ့မှာ သူတို့နှစ်ယောက်ကြား နားလည်မှုလွဲခဲ့ရင် သေသေချာချာ ရှင်းလင်းကြဖို့ဖြစ်သည်။ ဒါ့အပြင် တစ်ယောက်ကိုတစ်ယောက် ဆက်ဆံရေးတွေ အေးစက်မသွားဖို့ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ နန်းကျောင်းကျောင်းက တစ်ယောက်ကိုတစ်ယောက် ထွက်ခွာသွားမှာကို မကြိုက်လို့ဖြစ်သည်။
သူက စာတစ်စောင်ရေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲ နှင်းတွေကြားမှာ လျှောက်လာတဲ့ ကောင်မလေးကို သူတွေ့လိုက်သည်။ ပြည့်ဖူးနေတဲ့မုန်လာဥနီလေးက သူ့ရဲ့ပြတင်းဆီကိုလျှောက်လာသည်။ သူ့ကိုတစ်ချက် ကြည့်လိုက်ပြီး ခြေဖျားထောက်လျက် ဝါးကျည်တောက်ထဲသို့ စာအိတ်တစ်အိတ်ကို ထည့်လိုက်သည်။
သူမက နောက်ပြန်လှည့်ပြီး သူမရဲ့ဖြူအုနေတဲ့လက်လေးတွေကို ဖြစ်ညှစ်နေရင်း အက်ကွဲနေတဲ့အသံနဲ့ ပြောလာသည်။
“ညီမလေးရဲ့စာကို….. အစ်ကို ၂ ဖတ်ဖို့မမေ့ပါနဲ့”
ထိုစကားကို တိုးဖွဖွချန်ခဲ့ရင်း သူမက အမြန်ပြေးထွက်သွားသည်။
ရှောင်းယီက မျက်ခုံးတွေကိုပင့်လိုက်မိပြီး ဝါးကျည်တောက်ထဲက စာကိုယူလိုက်သည်။ ထိုစာက သူမ သူ့အပေါ်မှာ ပျင်းရိမနေဘူး ဆိုတဲ့အကြောင်း သက်သေပြချက်ဖြစ်သည်။
သူမ လတ်တလောဖတ်ထားတဲ့ စာအုပ်ပေါင်းများစွာကို ကိုးကားပြီး စာထဲထည့်ရေးထားသည်။ သူမမှာ စာဖတ်ခြင်း အတွေ့အကြုံတွေအများကြီး ရှိလာပြီဖြစ်သည်။
ဒုတိယစာရွက်ကို လှန်လိုက်တဲ့အခါ ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ရဲ့ပုံကို ဆွဲထားပြီး ဘေးမှာလည်း ‘အစ်ကို ၂ သာ ဒေါသထွက်ရင် ဒီလိုပုံစံမျိုး’ ဆိုတဲ့ စာတစ်ကြောင်းရေးထားသေးသည်။
ရှောင်းယီပြုံးလိုက်မိသည်။
တတိယစာရွက်ကို လှန်လိုက်တော့ ကောင်မလေးက ဒီနေ့ သူမကိုဘာကြောင့် စိတ်တိုနေတာလဲ ဟု မေးထားသည်။ ရှောင်းယီက စာရွက်ကို သေသပ်အောင်ဖြန့်လိုက်ပြီး စာပြန်ဖို့ ပြင်လိုက်သည်။
လေအေးတွေက ပန်းတွေရဲ့ သင်းရနံ့တွေကို သယ်ဆောင်လာခဲ့သည်။
ရှောင်းယီက အချိန်အကြာကြီးတွေးတောနေပြီးမှ တည်ငြိမ်စွာဖြင့် စာရွက်ပေါ်မှာ စာတစ်ကြောင်း ချရေးလိုက်သည်။ သူက စာလုံးဆယ်လုံးခန့်ပါတဲ့ စာတစ်ကြောင်းကို နန်းပေါင်ရီရဲ့ စာအောက်မှာ ဖြည့်ရေး၍ သူမအခန်းက ဝါးကျည်တောက်ထဲကို သွားထည့်ဖို့ အမိန့်ပေးလိုက်ပြီး ကောင်မလေးရဲ့ ပြန်စာကို ထိုင်စောင့်နေလိုက်သည်။
စောင့်ရင်းစောင့်ရင်းနဲ့ သူမစောင့်နိုင်တော့ပါချေ။
အချိန်ကလည်း တရွေ့ရွေ့နဲ့ နေဝင်ရီတရောမှသည် ညဦးပိုင်းသို့ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
နန်းပေါင်ရီ ကျောက်ဝမ်ခြံက ပြန်လာပြီးတဲ့နောက် သူမရဲ့နဖူးက အနည်းငယ်ပူလာပြီး သူမက ပျော့ပြောင်းတဲ့ခေါင်းအုံးလေးပေါ်မှာ အိပ်ပျော်သွားသည်။
နန်းချန်းလီက သူမအခန်းထဲသို့ ဝင်လာခဲ့သည်။ သူက အခန်းရဲ့ပြတင်းမှာတွဲချိတ်ထားတဲ့ ကျောက်စိမ်းနက် ဝါးကျည်တောက်လေးကို တွေ့လိုက်သည်။ ကျည်တောက်လေးထဲမှာ စာတစ်စောင် ရှိနေသည်။
သူက စာအိတ်ကိုဖွင့်ပြီးဖတ်လိုက်တဲ့အခါ အဖိုးထိုက်လှတဲ့ ငွေသံမဏိနဲ့ ပြုလုပ်ထားတဲ့စုတ်တံကို သုံးပြီးရေးထားတာကို တွေ့လိုက်ရသည်။
“အဘွားဆီကကြားမိတယ်၊ ကျောင်းကျောင်းက စာလေ့လာတာ အရမ်းတိုးတက်လာတယ်တဲ့၊ ဒီလောက်ဖတ်လို့ကောင်းတဲ့ စာတစ်စောင်ကို သေသေသပ်သပ်နဲ့ ရေးတတ်လိမ့်မယ်လို့ မထင်ထားမိဘူး”
သူက စာအဆုံးကို ဖြည်းဖြည်းချင်း ဖတ်ကြည့်လိုက်သည်။
…….. ငါမင်းရဲ့နှလုံးသားကို လိုချင်တယ်…….
နန်းချန်းလီခေါင်းကုတ်မိသွားသည်။ ကျောင်းကျောင်းမှာ စိတ်ကူးထားတဲ့သူရှိနေပြီ ဆိုတာကို သူဝမ်းသာပေမယ့် ဒီရှင်းလင်းနေတဲ့စကားလုံးတွေကို အပြင်လူတစ်ယောက်ယောက် မြင်သွားခဲ့ရင် ကျောင်းကျောင်းကို အထင်သေးမှာကို သူစိုးရိမ်သည်။
ထိုကဲ့သို့ စဉ်းစားမိပြီး သူက စာကို အပိုင်းပိုင်းဖြဲပြီး အပိုင်းအစတွေကို ဖျက်စီးဖို့ နှင်းတွေထဲသို့ လွှင့်ပစ်လိုက်သည်။
တချိန်တည်းမှာပဲ ရှောင်းယီက ကျောက်ဝမ်ခြံမှာ စောင့်နေဆဲပင်။
သန်းခေါင်ယံအချိန်ထိ နန်းကျောင်းကျောင်းက သူ့ကို အကြောင်းပြန်မလာသေး။ သူက တံစက်မြိတ်အောက်မှာ မတ်တပ်ရပ်ရင်း အမူအရာက တည်တင်းအေးစက်နေသည်။ ကောင်မလေးက သူ့ကို ကြောက်နေလို့များလား၊ ဒါမှမဟုတ် သူ့ရဲ့ဆန္ဒကို လက်မခံနိုင်လို့များလား?
သူဒါကို ရှင်းရှင်းလင်းလင်းနဲ့ မေးမှဖြစ်တော့မည်…..
သူက အေးတိအေးစက်မျက်နှာနဲ့ ဆုန်းဟယ့်ခြံကို သွားလိုက်သည်။ နန်းပေါင်ရီရဲ့ အိပ်ခန်းနားကို တိတ်တဆိတ်ရောက်လာတဲ့အချိန်မှာ ပြတင်းအောက်မှာ ချိတ်ဆွဲထားသည့် မီးအိမ်အလင်းရောင် ခပ်မှိန်မှိန်ကြောင့် နှင်းတောထဲက စာရွက်အပိုင်းအဆတွေကို သူတွေ့လိုက်ရသည်။
ရှောင်းယီ ဆွံ့အသွားသည်။
နန်းကျောင်းကျောင်းက သူ့ရဲ့ပြန်စာကို စုတ်ဖြဲပစ်လိုက်တယ်လား?....

အာဃာတပြန်တမ်းWhere stories live. Discover now