part 150

2.3K 292 3
                                    

Unicode
အပိုင်း (၁၅၀)
အစ်ကို ၂ ကိုချော့မော့ဖို့ ဒီနှစ်မှာ အန်ပေါင်းအကြီးကြီးပေးရမယ်
လေပြေညှင်းလေး တိုက်ခတ်သွားသလို ရှောင်းယီရဲ့မျက်လုံးတွေက အရည်ပျော်သွားသည်။
သူက အားရကျေနပ်စွာနဲ့ လက်ဖက်ရည်ကို ဆက်သောက်နေသည်။
“ဝတ်စုံတွေက ဦးလေး ၃ ကိုပေးလိုက်ပြီ”
နန်းပေါင်ရီက အံ့အားသင့်သွားသည်။ ငွေရောင်မြေခွေးသားမွှေးဝတ်ရုံက ရွှေစထောင်ပေါင်းများစွာ တန်ဖိုးရှိသည်။ အစ်ကို ၂ က တကယ် သဘောထားကြီးတာပဲ…
အစ်ကိုကောင်းတစ်ယောက်ဖြစ်သည်။ ဒီနှစ်တော့ သူမရွှေစအများကြီးရတော့မည်။
နန်းကွမ်က လိုက်ကာရဲ့နောက်ကထွက်လာသည်။ သူက ဝတ်စုံကိုမလဲလှယ်ရသေးချေ။
သူကပျော်ရွှင်စွာနဲ့ သားမွေးဝတ်ရုံကို ပွတ်သပ်ရင်း “လိမ္မာလိုက်တဲ့တူလေး၊ ကောင်းလိုက်တဲ့တူလေး၊ မင်းက အကြီးတွေကို ဂါရဝတရားရှိတာ အရမ်းကောင်းတာပဲ၊ ဦးလေး ၃ ကအရမ်းဝမ်းသာတယ်၊ မပူပါနဲ့ ဦးလေး ၃ ကမင်းကို တရုတ်နှစ်သစ်ကူးကျရင် အန်ပေါင်းအကြီးကြီးပေးမယ်”
ပြောပြီးနောက် သူရဲ့ဝတ်စုံအသစ်ကို ကြွားဖို့အပြင်ကို ထွက်သွားတော့သည်။ နန်းပေါင်ရီက သူထွက်သွားတာကို သဘောတကျနဲ့ပြုံးရင်းကြည့်နေသည်။
သူမရဲ့အဖေက အရင်နှစ်တွေတုန်းက ရှောင်းယီကို တစ်ခါမှ အန်ပေါင်းမပေးခဲ့ဖူးမှန်း သူမသိသည်။ တကယ်တော့ အိမ်တော်က ဘယ်သူကမှ ရှောင်းယီကို အန်ပေါင်းမပေးဖူးကြပါချေ။
သူမက တည်ငြိမ်စွာနဲ့ လက်ဖက်ရည်သောက်နေတဲ့ ရှောင်းယီကို တချက်ကြည့်လိုက်သည်။ နှစ်သစ်ကူးမှာ ရှောင်းယီအတွက် အန်ပေါင်းအကြီးကြီးပေးဖို့ တိတ်တဆိတ် တွေးထားလိုက်သည်။
နောက်တစ်နေ့တွင်………..
နှင်းတွေထူထပ်စွာကျဆင်းနေပြီး ဒီနေ့ ရာသီဥတုသာယာနေသည်။
နန်းပေါင်ရီက သူမရဲ့အဖေ မသိစေဘဲ ကြင်ဖက်တွေ့ပေးဖို့ စတင်ဆောင်ရွက်တော့သည်။ ပန်းခြံထဲမှာ လူတွေက ပျားပန်းခတ်မျှ သွားလာနေကြပြီး နေရာတိုင်းကလူတွေက ပျော်နေကြသည်။
နန်းကွမ်က တောအုပ်ကိုကန့်သတ်ထားတဲ့ ပန်းခြံထဲမှာ လမ်းလျှောက်နေသည်။ များပြားတဲ့ ချောမောလှပတဲ့ အသက်လတ်ပိုင်း မိန်းမပျိုတွေက ပန်းတွေကို အထာပေးသလို သူ့ကိုပစ်ပေးသွား ကြပြီး ငြင်သာစွာ ခေါင်းညိတ်၍ ပြုံးပြသွားကြသည်။
နန်းပေါင်ရီက အံ့ဩသွားသည်။ အမတ်မင်းရဲ့ဝတ်စုံတွေက ပုံပန်းသွင်ပြင်ကို ပြောင်းလဲသွားစေရုံမက စိတ်သဘောထားကိုပါ မြှင့်တင်ပေးလိုက်ပုံရသည်။
အဲ့ဒါက တကယ်ကို အံ့အားသင့်စရာကောင်းသည်။
ပန်းခြံထိပ်နားမှာ ရေကန်တစ်ကန်ရှိသည်။ သူမနဲ့ ချန်းယဲ့ရူက ထိုနေရာမှာ တွေ့ဖို့ စီစဉ်ထားတာဖြစ် သည်။
လှပတဲ့ပုံရိပ်လေးက ရေကန်နဲ့ခပ်လှမ်းလှမ်းမှာ ရပ်နေတာကို သူမတွေ့လိုက်ပြီး သူမက နန်းကွမ်ကို ပြောလိုက်သည်။
“ဖေဖေ၊ သမီး အစားအစာနည်းနည်းသွားဝယ်လိုက်ဦးမယ်၊ ဖေဖေရေကန်နားကို အရင်သွားနှင့်ပြီး လှည့်ပတ်ကြည့်နှင့်နော်”
နန်းကွမ်က ပြုံးပြီးခေါင်းညိတ်လိုက်သည်။
နန်းပေါင်ရီက အဝေးကိုပြေးထွက်မသွားပါချေ။ သူမက ကြီးမားတဲ့ပန်းပင်ကြီးနောက်မှာ ပုန်းရင်း ရေကန်ဘက်ကို တိတ်တိတ်လေး ချောင်းကြည့်နေသည်။
နန်းကွမ်က ရေကန်ဘက်ကို လျှောက်သွားသည်။ ချန်းယဲ့ရူက ဖြည်းညှင်းစွာလှည့်လိုက်သည်။ ရောက်လာတဲ့သူကို တွေ့တဲ့အခါ သူမက အံ့ဩမသွားပါချေ။
နန်းပေါင်ရီက သူမကို အဝတ်အစားကောင်းကောင်းဝတ်စားခဲ့ပါလို့ပြောခဲ့ဖို့ အစေခံကို သေချာမှာ လိုက်သည်။ ထို့ကြောင့် နန်းပေါင်ရီရဲ့ သဘောကို သူမက နားလည်သဘောပေါက်ဟန်ရှိသည်။
သူမက ပြုံးရင်း “နန်းသခင်ကြီး ၃”
နန်းကွမ်က အံ့အားသင့်သွားသည်။ သူ့ရှေ့က မိန်းမပျိုက အသက် သုံးဆယ်ခန့်ရှိပြီး အိမ်ထောင်မရှိတဲ့ မိန်းမပျိုတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုမျိုးနဲ့ ဆံပင်ကို ထုံးဖွဲ့ထားသည်။ သူမက အရပ်မြင့်ပြီး သွယ်လျသည်။ လှပတဲ့သွင်ပြင်နဲ့ သပ်ရပ်ပြီး အေးချမ်းတဲ့ စိတ်နေသဘောထားရှိပုံပင်။
လှပတဲ့မိန်းမပျိုလေး…
သူမကို သူမမှတ်မိပါချေ။ သူက ယဉ်ကျေးစွာ နူတ်ဆက်ဂါရဝပြုလိုက်သည်။
“ကျုပ် မိန်းကလေးရဲ့နာမည်ကိုမသိဘူး”
ချန်းယဲ့ရူက သူ့ကိုကြည့်ပြီး ပြုံးရယ်လိုက်သည်။
သူမက ပျော့ပြောင်းစွာနဲ့ “ကျွန်မက ချန်းယဲ့ရူပါ၊ ကျွန်မ လွန်ခဲ့တဲ့ ၁၅ နှစ်က ရေထဲကို ပြုတ်ကျခဲ့ပြီး နန်းသခင်ကြီး ၃ က ကျွန်မရဲ့အသက်ကို ကယ်ခဲ့ဖူးပါတယ်”
နန်းကွမ်က သူမရဲ့အကြောင်းကို စဉ်းစားလိုက်ပြီး ရုတ်တရက်ပြုံးရင်း ပြောလိုက်သည်။
“ကျုပ်မင်းကိုသိပြီ၊ နောက်တော့ မင်းပြောသေးတယ်လေ၊ ဒီဘဝတော့ လက်မထပ်တော့ဘူးလို့ ….ဟား…ဟား..ဟား….”
သူ့ရဲ့ရယ်သံ တဝက်တပျက်မှာ တခုခုမှားနေတာကိုသိပြီး အံ့ဩသွားသည်။
သူက နှာခေါင်းထိပ်ကို ပွတ်လိုက်ပြီး ကသိကအောင်ဖြစ်စွာနဲ့ ထပ်ပြီး ပြုံးပြလိုက်သည်။
သူက တကယ်ရယ်စရာကောင်းတာပဲ၊ ချန်းယဲ့ရူက သူမရဲ့သေးငယ်တဲ့ နူတ်ခမ်းလေးကို လက်ကိုင်ပဝါနဲ့ ဖုံးအုပ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ပြုံးနေသည်။
အားလုံးကပြောကြသည်။ နန်းကွမ်က တုံးအတာကြောင့် သူ့ကို ‘တောင်ဦးထုပ်’ လို့နာမည်ပြောင် ပေးထားကြသည်တဲ့။ သို့သော်လည်း သူမကတော့ သူ့ရဲ့တုံးအမှုကို နှစ်သက်သည်။
သူမက နူးညံ့စွာနဲ့ ဖိတ်ခေါ်လိုက်သည်။
“ဒီနေ့က သာယာတယ်၊ နန်းသခင်ကြီး ၃ ပန်းခြံထဲကို ကျွန်မနဲ့အတူ လည်ပတ်ကြမလား”
သူ့ရှေ့က မိန်းမပျိုက ငယ်ရွယ်ပြီး လှပသည်။ သူမရဲ့ ရယ်သံက လေပြေညှင်းလေးတိုက်ခတ်သွားသလို ညင်သာငြိမ့်ညောင်းလှသည်။ နန်းကွမ်က အရမ်းစိတ်လှုပ်ရှားနေပြီး သူ့ရဲ့သမီးငယ်လေးကို မေ့သွားတော့သည်။
သူရဲ့နားတွေက တဖြည်းဖြည်းနီရဲလာတာကို ထိန်းချုပ်ရင်း သူကပြောလိုက်သည်။
“လှပတဲ့မိန်းမပျိုလေးနဲ့အတူလည်ပတ်ရတာဟာ ဂုဏ်ယူစရာတစ်ခုပါ၊ ချန်းသခင်မလေး ကြွပါ”
သူတို့နှစ်ယောက်က ရေကန်ပတ်လည်မှာ လမ်းလျှောက်နေကြပြီး စကားပြောရင်း ကောင်းမွန်တဲ့ တွေ့ဆုံမှုတစ်ခုလို ခံစားနေရသည်။
နန်းပေါင်ရီက လမ်းတစ်လျှောက်ကို သူခိုးတစ်ယောက်လို ခိုးချောင်ခိုးဝှက်နဲ့ လိုက်သွားခဲ့သည်။ သူမရဲ့အဖေက ချန်းယဲ့ရူကို ကြက်တိုက်ပွဲကို အတူသွားဖို့ ဖိတ်ခေါ်လိုက်တာကိုကြားပြီး သူမရဲ့မျက်ခုံးတွေကို တွန့်ချိုးလိုက်မိသည်။
ဒီလိုပုံစံမျိုးက သူမ မှန်ကန်တဲ့ခြေလှမ်းကိုလှမ်းမိတာ သေချာရဲ့လား…..
………………….
နန်းပေါင်ရီက အိမ်တော်ကို ပြန်လည်ချီတက်လာခဲ့သည်။ သူမ ဆုန်းဟယ့်ခြံကို ခြေမချခင်မှာပဲ အစေခံတစ်ယောက်က လာပြောသည်။ ဘဘကြီး ၂ က သူမကို စာကြည့်ခန်းကိုလာဖို့ ခေါ်သည်တဲ့။
နန်းပေါင်ရီက သူမရဲ့အဝတ်အစားတွေကို အမျိုးအစားတူရာစုထားသည်။ အဲ့ဒါက လျိုရှောင်မုံ့အတွက် ပေးဖို့ဖြစ်သည်။
သူမ အရှေ့ခြံက စာကြည့်ခန်းကိုလာခဲ့သည်။ ဘဘကြီး ၂ က တည်ကြည်လေးနက်တဲ့သွင်ပြင်နဲ့ ပြတင်းနားမှာရပ်နေပြီး လက်တွေကို အချင်းချင်းယှက်ထားသည်။
သူမက ဦးညွှတ်ရင်းဂါရဝပြုလိုက်သည်။
“ဘဘကြီး ၂ ကို ဂါရဝပြုပါတယ်”
“ထိုင်”
နန်းသခင်ကြီး ၂ က မရီမပြုံးပဲ တည်ကြည်တဲ့မျက်နှာထားနဲ့ ပြောသည်။
နန်းပေါင်ရီက သေသပ်စွာထိုင်လိုက်သည်။ နန်းသခင်ကြီး ၂ က သစ်သီးခြောက်ပန်းကန်ကိုယူပြီး ပန်းပွင့်ပုံစားပွဲပေါ်တင်လိုက်သည်။
“ဒီနေ့မနက်၊ ဘုရင်ခံချန်းက ဘဘကို ချန်းမိသားစုရဲ့ ညစာစားပွဲကိုတက်ဖို့ ဖိတ်တယ်”
“ဘာကြောင့်လဲဆိုတာ သမီးမသိဘူး”
နန်းပေါင်ရီက လေသံတိုးဖွဖွဖြင့်ပြောသည်။
နန်းသခင်ကြီး ၂ က ထိုင်ခုံမှာထိုင်လိုက်ပြီး မက်မွန်သီးတစ်လုံးကို ယူလိုက်ပြီး “ဘုရင်ခံချန်းက နန်းအိမ်တော်အနေနဲ့ လျိုရှောင်မုံ့ကို သခင်မအဖြစ်အသိအမှတ်ပြုဖို့နဲ့ နန်းယန်ရဲ့အဆင့်အတန်းကို မြှင့်တင်ပေးဖို့ ပြောလာတယ်၊ မဟုတ်ရင်တော့ ဘဘတို့ရဲ့ စီးပွားရေးမှာ ပြဿနာရှိနိုင်တယ်”
ဒါက ကြီးမားတဲ့ခြိမ်းခြောက်မှုပင်။
နန်းပေါင်ရီက စဉ်းစားပြီး မေးလိုက်သည်။
“ဘဘကြီး ၂ ဘာပြန်ပြောခဲ့လဲဟင်”
“ဘဘက အိမ်ကိုပြန်ပြီး မင်းရဲ့အဘွားနဲ့တိုင်ပင်ဦးမယ်လို့ ပြောခဲ့တယ်”
နန်းသခင်ကြီး ၂ က မက်မွန်သီးကို ခွာပြီး နန်းပေါင်ရီကို ပေးလိုက်သည်။
နန်းပေါင်ရီက မက်မွန်သီးကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားရင်း ပြုံးသည်။
“ဘဘကြီး ၂၊ သမီးကိုယုံလားဟင်”
နန်းသခင်ကြီး ၂ က သူမကိုကြည့်လိုက်သည်။ ကောင်မလေးရဲ့အပြုံးက အသက်ဝင်နေပြီး မျက်လုံးတွေက ဖျော့တော့စွာလင်းနေသည်။ သူ့ရဲ့မှတ်ဉာဏ်ထဲက ခေါင်းမာပြီး ပြောရခက်တဲ့ တူမလေးရဲ့ပုံစံနဲ့ အလှမ်းကွာဝေးလှသည်။
သူကပြောလာသည်။
“ယုံရင်ဘာဖြစ်မှာလဲ၊ မယုံရင်ရောဘာဖြစ်မှာလဲ”
“ဆယ်ရက်၊ ဘဘကြီးက သမီးအတွက် ဆယ်ရက်ပဲအချိန်ဆွဲပေးထားပါ၊ ဆယ်ရက်ကြာပြီးရင် လျိုရှောင်မုံ့ရဲ့အိပ်မက်တွေကို သမီးရိုက်ချိုးပြမယ်၊ သူက ဖေဖေ့ရဲ့ တရားဝင်ဇနီး ဘယ်တော့မှ ဖြစ်မလာစေရဘူး၊ ကိုယ်လုပ်တော်ဖြစ်ဖို့တောင် အိပ်မက်မက်ခွင့်မပေးနိုင်ဘူး”
ဆယ်ရက်ဆိုရင် သူမရဲ့အဖေနဲ့ ချန်းယဲ့ရူတို့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ဖို့ လုံလောက်သည်။
နန်းသခင်ကြီး ၂ ကသူမကိုကြည့်လိုက်သည်။ ကောင်မလေးက ဆိုးယုတ်တဲ့အပြုံးမျိုးကိုပြုံးနေပြီး ကြောက်စရာကောင်းတဲ့ ကြံစည်မှုမျိုးကိုလုပ်မည့်ဟန်က သိသာနေသည်။
သူက လက်ကိုဆန့်ပြီး သူမရဲ့ခေါင်းလေးကို သက်တောင့်သက်သာနဲ့ ပွတ်သပ်ပေးလိုက်သည်။
“ကျောင်းကျောင်းက အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုပြင်းလာတယ်၊ အစ်ကို ၂ ဆီက အများကြီးသင်ယူပြီးပြီလား”
နန်းပေါင်ရီက စိတ်ပါလက်ပါနဲ့ ခေါင်းညိတ်လိုက်ပြီး “အစ်ကို ၂ ကသမီးကိုအများကြီး သင်ပေးတယ်”
“ရှောင်းယီမှာ ရက်စက်တဲ့စိတ်သဘောထားရှိပြီး ကြောက်စရာကောင်းတဲ့နည်းလမ်းတွေရှိတယ်၊ ဒါပေမယ့် ဘဘမြင်တာတော့ သူက ကျောင်းကျောင်းကို ကောင်းကောင်းဆက်ဆံတယ်”
နန်းသခင်ကြီး ၂ ကခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး “သူ့ဆီက သမီးအများကြီးသင်ယူတာက ကောင်းတဲ့အလုပ်ပဲ၊ ဘဘက ကျောင်းကျောင်းကို ယုံတယ်၊ ဘဘက သမီးကိုကူညီပြီး အချိန်ဆွဲထားပေး မယ်”
နန်းပေါင်ရီက စာကြည့်ခန်းထဲက ပြန်ထွက်သွားတဲ့အခါ ပန်းထိုးသမတွေအများကြီးကို ဦးဆောင်ပြီး ခေါ်လာတဲ့ နန်းယန် ဖြတ်သွားတာနဲ့တိုးသည်။ သူတို့ရဲ့လက်ထဲမှာ အနီရောင်ပိုးထည်စအမျိုးမျိုးကို ကိုင်ထားကြသည်။
နန်းယန်က ရပ်လိုက်ပြီး ပြုံးရင်း ပြောလာသည်။
“မေမေက လက်ထပ်ဝတ်စုံကိုပြင်ဆင်ချင်လို့တဲ့၊ အဲ့ဒါကြောင့် မမက ပန်းထိုးသမတွေကို အိမ်တော်ထဲ လာဖို့ဖိတ်လိုက်တာ၊ အဲ့ဒါမှ နှစ်သစ်ကူးမတိုင်ခင် လက်ထပ်ပွဲအတွက် မှီမှာလေ၊ ကျောင်းကျောင်းက မမရဲ့မေမေကို မေမေလို့ခေါ်ရတော့မယ်နော်၊ ညီမလေး ပျော်တယ်မှလား?”
ချန်းတယ်ယွီက အစေခံတစ်ယောက်နဲ့စာပို့လိုက်သည်။ စာထဲမှာရေးထားတာက သူ့ရဲ့အဖေက နန်းသခင်ကြီး ၂ ကို သူမရဲ့အမေကိုကူညီပေးဖို့ ဖိအားပေးပြီးပြီတဲ့၊ ပြဿနာကြီးကြီးမားမား မရှိဘူး တဲ့လေ။
ဒီညမှာတော့ အိပ်မက်ကောင်းတွေအများကြီး မက်ခဲ့သည်။ သူမရဲ့မိဘတွေကို ဒီနှစ်ကုန်မှာ လက်ထပ်ဖို့ အယုံသွင်းလိုက်သည်။ အဲ့ဒါကြောင့် မင်္ဂလာဝတ်စုံကိုပန်းထိုးဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။
နန်းပေါင်ရီက ပိတ်စတွေကိုကိုင်ကြည့်ပြီး ချီးမွမ်းလိုက်သည်။
“အားလုံးက ပစ္စည်းကောင်းတွေပဲ၊ မင်္ဂလာဝတ်စုံသာချုပ်လိုက်ရင် တောက်ပပြီး အရမ်းလှနေမှာပဲ”
သူမက စိတ်ပူပန်နေခြင်း လုံးဝ မရှိပါချေ။ နန်းယန်က သံသယဖြစ်သွားသည်။
သို့သော်လည်း ဘုရင်ခံချန်းကိုယ်တိုင်ရှေ့ထွက်ပြီး သူမအမေကို သခင်မအဖြစ်လက်ခံဖို့ ပြောထားတာကြောင့် ကိစ္စက အတည်တကျဖြစ်နေလေပြီ။ နန်းပေါင်ရီ တားဆီးလို့ မရနိုင်တော့။ ရှောင်းယီမှာတောင်တားဆီးနိုင်တဲ့ အခွင့်အာဏာမရှိပါချေ။
နန်းပေါင်ရီက ကျရှုံးသွားတဲ့မျက်နှာကို မပြချင်ရုံဟု သူမထင်လိုက်ပြီး လှောင်ရယ်လိုက်သည်။
သူမက ယဉ်ကျေးစွာနဲ့ “ကျောင်းကျောင်း ၊ ညီမလေးက မိဘတွေမင်္ဂလာဆောင်ကျရင် အရမ်းပျော်ပြီး ရယ်မောနေဖို့ မျှော်လင့်ပါတယ်”
နန်းပေါင်ရီက သူမထွက်သွားတာကို ကြည့်နေရင်း ဘဘကြီး ၂ ပေးလိုက်တဲ့ မက်မွန်သီးကို လက်နဲ့ လိမ်လိုက်သည်။
“ဘဝက မက်မွန်သီးလိုပဲ၊ နင်ရွေးလိုက်တဲ့ တစ်လုံးက ခါးလား၊ ချိုလားဆိုတာ နင်မသိနိုင်ဘူးလေ….”
သူမက မက်မွန်သီးတွေကို ပါးစပ်ထဲထည့်ပြီး ဝါးစားလိုက်ရင်း မျက်ခုံးတွေကို တွန့်ကွေးလိုက်သည်။
“အင်း… ငါ့ရဲ့မက်မွန်သီးကတော့ ချိုမြိန်နေတာပဲ”
………………………………

အာဃာတပြန်တမ်းWhere stories live. Discover now